News @ M-Media

Blog

  • ရှုံးပွဲမရှိသေးသည့် လက်စတာကို နည်းပြချီးကျူး

    ရှုံးပွဲမရှိသေးသည့် လက်စတာကို နည်းပြချီးကျူး

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    las

    – လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့် ၀က်စ်ဟမ်းနှင့်ပွဲတွင် အသင်း၏ ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်အတွက် လက်စတာနည်းပြ ရာနီယေးရီက ချီးကျူး ပြောဆိုလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲ၌ ပရီးမီးယားလိဂ်တွင် အာဆင်နယ်၊ လီဗာပူးနှင့် မန်စီးတီးတို့အား အဝေးကွင်းတွင်အနိုင်ရပြီး အဝေးကွင်းရာနှုန်းပြည့် နိုင်ပွဲရထားသည့် ၀က်စ်ဟမ်းအသင်းကို လက်စတာက အိမ်ကွင်း၌ ဧည့်ခံကစားရခြင်း ဖြစ်သည်။

    လက်စတာမှာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ချေပဂိုး ပြန်လည်ပေးလိုက်ရပြီး အချိန်ပိုရောက်မှ အန်ဒီကင်း၏ အားပါသော ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိကာ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    လက်စတာမှာ ဂိုးသွင်းခွင့်အမြောက်အများ ရခဲ့သော်လည်း ၀က်စ်ဟမ်းဂိုးသမား အက်ဒရီယန် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ကာ၊ လက်စတာတိုက်စစ်မှူးများကလည်း အဆုံးသတ် မသေချာခဲ့ပေ။ ရာနီယေးရီကမူ ယခုနှစ်ဘောလုံးရသီတွင် ပြိုင်ပွဲအားလုံး၌ ရှုံးပွဲမရှိ စံချိန် ရရှိထားသည့် အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ လက်ဖျားခါလောက်တဲ့ စွမ်းဆောင်ရည် ရှိခဲ့ပြီး အကောင်းဆုံးဂိုးသွင်းခွင့် ၁၀ ကြိမ်လောက် ရခဲ့ပါတယ်။ သူတို့ဂိုးသမားကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ ပထမဆုံး ပင်နယ်တီကန်သွင်းမယ့် ၅ ဦးစာရင်းကိုတောင် ကျွန်တော်တို့ ရေးပြီးခဲ့ပါပြီ။ ဒါပေမယ့် အနိုင်ဂိုးရသွားတာ ထိုက်တန်ပါတယ်။ တော်တော်ကောင်းတဲ့ဂိုးပါပဲ” ဟု ရာနီယေးရီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ထိုပွဲတွင် ကစားသမား ၁၀ ဦး အပြောင်းအလဲလုပ်ခဲ့သော်လည်း ခြေစွမ်းမကျခဲ့ကြောင်း၊ ကစားသမားများမှာ ကြီးကျယ်သောကစားသမားဖြစ်ပြီး ကြိုးစားခဲ့ကြကာ မိမိအနေဖြင့် ပျော်ရွှင်မိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်စတာမှာ လိဂ်ဖလားကို ၃ ကြိမ်ရရှိထားသည့် အသင်းလည်းဖြစ်သည်။

    Ref: Goal

  • ဟဂ်ျပြုရန် ဟင်းခတ်အမွှေးအကြိုင်ရောင်း၍ ၁၅ နှစ် ငွေစုခဲ့သည့် ကင်ညာအဘိုးအို

    ဟဂ်ျပြုရန် ဟင်းခတ်အမွှေးအကြိုင်ရောင်း၍ ၁၅ နှစ် ငွေစုခဲ့သည့် ကင်ညာအဘိုးအို

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    kenya

    – ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချကာ ငွေစုခဲ့သည့် ကင်ညာနိုင်ငံမှ မွတ်စလင်အဖိုးအိုတစ်ဦးမှာ ၁၅ နှစ်တာ ကြာခဲ့ပြီးနောက် ၎င်း၏ အိပ်မက်များ အကောင်အထည် ပေါ်လာခဲ့သည်။

    “ဟဂ်ျခရီးစဉ် မသွားနိုင်ခင်မှာ ဒီလောကကြီးကို မစွန့်ခွာဘူးလို့ ကျွန်တော် ကိုယ့်ကိုယ်ကို ကတိပေးခဲ့ပါတယ်။ “မိုဂါဒစ်ရှူးအသေးလေး” လို့ခေါ်တဲ့ အီတ်စ်လေးမြို့မှာ ကျွန်တော်ဟာ ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းခဲ့ပါတယ်။ အခုဆိုရင် ၁၅ နှစ်တောင် ရှိပါပြီ။ စီးပွားရေးက အမြဲတမ်းတော့ မကောင်းဘူးပေါ့ဗျာ။ တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဟဂ်ျခရီးစဉ်အတွက် အမြဲတမ်း ကျွန်တော် သီးခြား ဘဏ်အကောင့်တစ်ခုနဲ့ ငွေစုခဲ့ပါတယ်” ဟု အသက်
    ၆၂ နှစ်အရွယ်ရှိ အဘ်ဒီ မိုဟာမက်က Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ယခုနှစ်ဟဂ်ျပြုရန်အတွက် ကင်ညာနိုင်ငံမှ လာရောက်သူအရေအတွက်မှာ ၄၅၀၀ ရှိပြီး ထိုအထဲတွင် အဘ်ဒီလည်း ပါဝင်ခဲ့သည်။ ကင်ညာနိုင်ငံ၏ ထိုအရေအတွက်မှာ စံချိန်တင်အရေအတွက်လည်း ဖြစ်သည်။

    “ဟဂ်ျက အစ္စလာမ်ရဲ့ ပဉ္စမမြောက် မဏ္ဍိုင်ကြီးပါ။ တစ်ချိန်မှာ ဒီခရီးကို သေချာပေါက်လာမယ်လို့ တွက်ထားတာပါ။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကျွန်တော့်အပေါ်မှာ ကောင်းချီးမင်္ဂလာအဖြာဖြာ ချပေးသနားတော် မူခဲ့ပါတယ်”

    မက္ကာမြို့သို့ သွားရောက်နိုင်သည့် ကြွယ်ဝမှုနှင့် ကျန်းမာရေးအခြေအနေရှိသူ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ တစ်သက်လျှင် တစ်ကြိမ် ဟဂ်ျပြုရန် မလုပ်မနေရ တာဝန်ဖြစ်သည်။ အဘ်ဒီကမူ ငယ်ရွယ်စဉ်အခါကတည်းက ဟဂ်ျပြုရန် ဆုံးဖြတ်ချက် ချခဲ့သည်။

    “အသက် ၇၀ ကျော်သူတွေတောင်မှ ဟဂ်ျပြုဖို့ ငွေစုနေကြတုန်းပဲဆိုတာ ကျွန်တော် သိရပါတယ်။ အစိုးရက ကျွန်တော်တို့ကို ကူညီသင့်တယ်။ ဒါမှသာ အနည်းဆုံး အသက်ကြီးသူတွေဟာ ဒီခရီးကို သွားနိုင်မှာပေါ့။ ဟဂ်ျသွားဖို့ အရေအတွက်ကို တိုးမြှင့်ပေးဖို့လည်း အစိုးရက ဆော်ဒီနဲ့ ဆွေးနွေးသင့်ပါတယ်” ဟု အဘ်ဒီက ထပ်လောင်းပြောကြားခဲ့သည်။

    စံချိန်တင်ပမာဏ

    ယခုနှစ်တွင် ကင်ညာနိုင်ငံအတွက် ဟဂ်ျခွဲတမ်းမှာ ၄၅၀၀ ရခဲ့ပြီး ကင်ညာမွတ်စလင်များကမူ ထိုအရေအတွက်ကို တိုးမြှင့်ပေးရန် ဆော်ဒီအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

    “ဆော်ဒီသံရုံးရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ကျွန်တော်တို့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ကင်ညာပြည်သူ တော်တော်များများဟာ ဟဂ်ျခရီးစဉ်အတွင် နိုင်ရိုဘီကိုသွားရောက်ပြီး ပြင်ဆင်ခဲ့ကြပါတယ်” ဟု ကင်ညာ ဟဂ်ျစေလွှတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ရှရစ်ဖ် ဟူစိန်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ အဖွဲ့မှာ ဟဂ်ျခွဲတမ်းအတွက် လူ ၅၀၀ ထပ်မံတိုးပေးရန် တောင်းဆိုခဲ့သည်ဟု ဟူစိန်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီကိစ္စကို စဉ်းစားနေတယ်လို့ ဆော်ဒီအစိုးရက ကျွန်တော်တို့ကို အကြောင်းပြန်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ပြောင်းလဲမှုမရှိသေးပါဘူး။ ကင်ညာမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ တော်တော်မြန်မြန် တိုးလာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ခွဲတမ်း ထပ်တိုးတောင်းတာပါ”

    Ref: Onislam

  • ဘာကီနာဖာဆိုတွင် အာဏာသိမ်းအဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို

    ဘာကီနာဖာဆိုတွင် အာဏာသိမ်းအဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    bukina

    – နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့် အာဖရိကနိုင်ငံငယ် ဘာကီနာဖာဆိုတွင် အာဏာသိမ်း သမ္မတအထူးအစောင့်တပ်ဖွဲ့ ခေါင်းဆောင်များမှာ စစ်တန်လျားပြန်ရန်နှင့် ဖြုတ်ချခဲ့သည့် ကြားဖြတ်အစိုးရအား အာဏာပြန်ပေးရန် အစိုးရကို ထောက်ခံသည့် စစ်တပ်နှင့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ထိုသဘောတူညီချက်ကို နိုက်ဂျီးရီးယားမြို့တော် အဘူဂျာတွင် ယမန်နေ့ညပိုင်းက ဘာကီနာဖာဆိုမှ ခေါင်းဆောင်များ အလျင်အမြန် ဆွေးနွေးခဲ့ပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့တွင် သမ္မတအထူးအစောင့်တပ်ဖွဲ့ RSP က ကြားဖြတ်အစိုးရမှ သမ္မတနှင့် ၀န်ကြီးချုပ်တို့ကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် အာဏာလွှဲပြောင်းပေးရန် သဘောတူညီခဲ့သည်။

    ကြားဖြတ်အစိုးရအား ထောက်ခံသည့် စစ်တပ်ကမူ ယမန်နေ့က မြို့တော် အူဂါဒူဂူသို့ ၀င်ရောက်လာခဲ့ပြီး RSP ၏ လှုပ်ရှားမှုကို စောင့်ကြည့်ခဲ့သည်။ RSP မှာ ဖမ်းဆီးထားသည့် ၀န်ကြီးချုပ်ကို လွှတ်ပေးခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်း မရှိသောကြောင့် စစ်တပ်က ချေမှုန်းရန် စီစဉ်ခဲ့သည်။

    ယခု သဘောတူညီချက်အရ RSP မှာ အာဏာလွှဲပြောင်းပေးရန် သဘောတူညီခဲ့ပြီး၊ စစ်တပ်ကလည်း အူဂါဒူဂူမှ ကီလိုမီတာ ၅၀ အကွာအဝေးသို့ ဆုတ်ခွာပေးရန်နှင့် RSP အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အာမခံပေးခဲ့သည်။

    သဘောတူညီချက်အား ဘာကီနာဖာဆို၏ မိုဆီမျိုးနွယ်မှ ဘုရင်ဖြစ်သူ မွဂ်ဟို နာဘာအား မီဒီယာများရှေ့မှောက်တွင် ယနေ့နံနက် စောစောပိုင်းက တင်ပြခဲ့သည်။

    Ref: Aljazeera

  • လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ

    လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    rg

    – အသင်းအား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် နည်းပြ ဘရန်ဒန်ရော်ဂျာ၏ နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်း ပိုင်ရှင်များမှာ ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

    ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ခုတွင် လီဗာပူးလ်မှာ ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့သော်လည်း နောက်ပိုင်း ၃ ပွဲတွင် မန်ယူနှင့် ၀က်စ်ဟမ်းတို့ကို အိမ်ကွင်း၌ပင် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင်လည်း နော်ဝစ်ခ်ျအား ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းမထားနိုင်ခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရကာ တစ်ဂိုးစီ သရေကျခဲ့သည်။

    ထို့ကြောင့် နည်းပြရော်ဂျာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗာပူးလ်တာဝန်ရှိသူများက အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟူသော သတင်းများမှာ ၎င်းအပေါ် ဖိအားပိုလာစေခဲ့သည်။

    အေစီမီလန်အသင်းတွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားအများအပြားကို ရရှိခဲ့သည့် အန်ဆယ်လော့တီမှာ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရရှိခဲ့သည်။ ထို့နောက် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြင်သစ်လီဂူးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ပီအက်စ်ဂျီမှတစ်ဆင့် ရီးယဲလ်သို့ ရောက်ရှိလာပြီးနောက် အန်ဆယ်လော့တီမှာ ၂၀၁၄ ခုနှစ်တွင် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားပါအ၀င် ဖလား ၄ လုံးရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရီးယဲလ်မှာ မျှော်မှန်းထားသည့် အောင်မြင်မှုများ မရခဲ့ခြင်းကြောင့် အန်ဆယ်လော့တီမှာလည်း ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    ယခုအချိန်တွင် အန်ဆယ်လော့တီမှာ လန်ဒန်ရှိ ၎င်း၏ အိမ်နှင့် ဗန်ကူးဗားတို့တွင် အနားယူလျက် ရှိနေသည်။

    Ref: Dailymail

  • ဒုက္ခသည်များ ခွဲဝေလက်ခံရေး ဥရောပနိုင်ငံများ သဘောတူ

    ဒုက္ခသည်များ ခွဲဝေလက်ခံရေး ဥရောပနိုင်ငံများ သဘောတူ

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    ref

    – ဥရောပသို့ ၀င်ရောက်လာကြသည့် ဒုက္ခသည်များနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဒုက္ခသည် ၁၂၀၀၀၀ ကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ခွဲဝေလက်ခံကြရန်အတွက် ပြည်ထဲရေးဝန်ကြီးများက သဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟု သိရသည်။

    ဥရောပအရှေ့ပိုင်းနိုင်ငံများနှင့် အလယ်ပိုင်းနိုင်ငံအချို့က ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး ဥရောပ၏ ဒုက္ခသည် ပြဿနာနှင့်ပတ်သက်၍ ဒုက္ခသည်များလက်ခံရန် ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ယမန်နေ့က ဘရပ်ဆဲလ်၌ ပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘာန်းနာ့ဒ် ကာဇီနျူဗီကမူ အဆိုပါ အစီအစဉ်ကို နိုင်ငံအများစုက လက်ခံအတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဥရောပက တာဝန်ယူဖို့၊ တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် ဒီဆုံးဖြတ်ချက်က ပဋိဥာဏ်ပါပဲ”

    ဒုက္ခသည်များ မျှဝေလက်ခံရေး အစီအစဉ်ကို ဟန်ဂေရီ၊ ချက်၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများက ကန့်ကွက်မဲပေးခဲ့ကြပြီး ဖင်လန်နိုင်ငံက ကြားနေခဲ့သည်။

    အဆိုပါ သဘောတူညီချက်အရ ဥရောပဒေသတွင်းရှိ နိုင်ငံများမှာ အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကတို့မှ ထပ်မံရောက်ရှိလာသည့် ဒုက္ခသည် ထောင်နှင့်ချီ၍ လက်ခံရမည်ဖြစ်သည်။ အဆိုပါဒုက္ခသည်များမှာ လက်ရှိတွင် ဂရိနှင့် အီတလီနိုင်ငံများသို့ ရောက်ရှိနေသည်။

    ယနေ့တွင် ဥရောပ ခေါင်းဆောင်များမှာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပရန် ရှိနေပြီး ထိုအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးများ၏ သဘောတူညီချက်ကို အတည်ပြုရန်ရှိနေသည်။

    ထိုသဘောတူညီချက်တွင် ယခင်က ရောက်ရှိလာခဲ့သည့် ဒုက္ခသည် ၅၄၀၀၀ နှင့် ယခုလက်ရှိ အီတလီနှင့် ဂရိတို့တွင်ရှိနေသည့် ဒုက္ခသည် ၆၆၀၀၀ တို့ အကြုံးဝင်မည်ဖြစ်သည်။

    Ref: Aljazeera