စက်တင်ဘာ ၂၇၊ ၂၀၁၅
M-Media
တူရကီတွင် ဒုက္ခသည်လှေတစ်စီး နစ်မြုပ်မှုကြောင့် လူ ၁၇ ဦး သေဆုံး
……………………………….
ဒုက္ခသည်များ တင်ဆောင်ကာ တူရကီမှ ဂရိနိုင်ငံ ကို့စ်ကျွန်းသို့ ခုတ်မောင်းသွားသည့် စက်လှေတစ်စီးမှာ တူရကီရှိ အေဂျီယန်ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့သောကြောင့် ဒုက္ခသည် ၁၇ ဦး သေဆုံးခဲ့သည်ဟု တူရကီတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အခြား ၂၀ ဦးကိုမူ ကယ်တင်နိုင်ခဲ့သည်။ တူရကီပိုင်နက်အတွင်း ကမ်းခြေစာင့်တပ်ဖွဲ့များက ကယ်တင်ခဲ့ရသူ ဒုက္ခသည် ဦးရေမှာ ၅၃၀၀၀ ကျော် ရှိနေပြီး သေဆုံးသူမှာ ၂၇၄ ဦး ရှိနေပြီဖြစ်သည်။ ဂရိကမူ ယခုအချိန်အထိ ဒုက္ခသည် သုံးသိန်းကျော်ကို လက်ခံထားပြီး အများစုမှာ
တူရကီမှ ထွက်ခွာလာကြသူများ ဖြစ်သည်။
အလ်-အက်ဆွာဗလီကို အစ္စရေးက ထပ်မံဝင်ရောက်ပြန်
……………………………….
ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်တို့ အစ္စရေး စစ်သားများက ယနေ့တွင် ၀င်ရောက်ခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစ္စရေးစစ်သားများက ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်း၍ ပါလက်စတိုင်းများကို ဖမ်းဆီးခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ထပ်မံ၍ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် အစ္စရေးစစ်သားများက မျက်ရည်ယိုဗုံးများ ရာဘာ ကျည်ဆံများဖြင့် ပစ်ခတ်နှိမ်နင်းခဲ့သည်။ အစ္စရေးမှာ အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်းသို့ အသက် ၄၀ အောက် အမျိုးသားများ ၀င်ရောက်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားသည်။
နည်းပညာကုမ္ပဏီများ ပိုမိုလာရောက်ရန် အိန္ဒိယ ဖိတ်ခေါ်
……………………………………….
ကမ္ဘာကျော် ဆီလီကွန်တောင်ကြားမှ ကုမ္ပဏီများ အိန္ဒိယနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အိန္ဒိယသမ္မတ မိုဒီက အမေရိကန်ရှိ စီးပွားရေးခေါင်းဆောင်များကို ယနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ဖိတ်ခေါ်ခဲ့သည်။ မိုဒီမှာ နိုင်ငံအတွင်းရှိ ရွာများတွင် အင်တာနက်အသုံးပြုနိုင်ရန်နှင့် နည်းပညာနှင့်ပတ်သက်သည့် အလုပ်များ ပိုမိုဖန်တီးပေးနိုင်ရန်အတွက် Digital India စီမံကိန်းကို ဆောင်ရွက်နေသည်။
Ref: News Agencies
Leave a Reply
You must be logged in to post a comment.