News @ M-Media

Blog

  • စကြာ၀ဠာအစကို လေ့လာမည့် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို လွှတ်တင်

    စကြာ၀ဠာအစကို လေ့လာမည့် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို လွှတ်တင်

    ဒီဇင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -စကြ၀ဠာကြီး စတင်ဖြစ်ပေါ်လာပုံကို လေ့လာနိုင်မယ့် ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို မနေ့က အာကာသထဲ အောင်မြင်စွာ လွှင်တင်နိုင်ခဲ့ပါတယ်။

    James Webb Space Telescope လို့ အမည်ပေးထားတဲ့ အဲဒီတယ်လီစကုပ်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဖန်တီလာခဲ့ကြတာဖြစ်ပြီး ဒီစီမံကိန်းမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံက အာကာသ ပညာရှင်နဲ့ အင်ဂျင်နီယာပေါင်း ထောင်ချီ ပါဝင်ခဲ့ကြပါတယ်။

    အမေရိကန်အာကာသအေဂျင်စီ နာဆာဟာ တယ်လီစကုပ်ကို တောင်အမေရိကတိုက်က ပြင်သစ်ပိုင် ဂီယာနာကျွန်းကနေ စနေနေ့မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

    တယ်လီစကုပ်ရဲ့ရည်ရွယ်ချက်ဟာ ​လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၅ ဘီလီယံအရင်က ဖြစ်ပွားခဲ့တဲ့ ‘မဟာပေါက်ကွဲမှုကြီး’ (Big Bang) နောက်ပိုင်း ပေါ်ထွက်လာခဲ့တဲ့ ကြယ်တွေ၊ ဂလက်ဆီတွေအကြောင်း လေ့လာကာ စကြာ၀ဠာကြီးရဲ့အစကို ပိုမိုနားလည်စေနိုင်ဖို့ ဖြစ်ပါတယ်။

    ဒါ့အပြင် ကမ္ဘာနဲ့ အလွန်ဝေးကွာတဲ့ ဂြိုဟ်တွေမှာ သက်ရှိတွေ ရှိလား၊ သက်ရှိတွေ နေထိုင်နိုင်တဲ့အနေအထားမျိုး ရှိနေလားဆိုတာ ဒီတယ်လီစကုပ်နဲ့ ရှာဖွေမှာ ဖြစ်ပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေက လပေါ်ကို ပထမဆုံး လူ​တွေခြေချခဲ့တဲ့ Apollo စီမံကိန်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင် ဂျိမ်းစ်ဝဘ်ကိုဂုဏ်ပြုကာ တယ်လီစကုပ်ကို အမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ကုန်ကျပါတယ်။

    နာဆာတာဝန်ရှိသူ ဘီလ်နဲလ်ဆင်က ဒီစီမံကိန်းဟာ စကြာ၀ဠာကြီးရဲ့အကြောင်း မိမိတို့ ပိုမိုနားလည်အောင် အထောက်အကူပေးမှာဖြစ်ပြီး၊ ရလဒ်ကကြီးသလို စွန့်စားရတာလည်း ကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : BBC

  • ဖရူဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး

    ဖရူဆို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွင်း Save The Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံး

    ဒီဇင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -ကယားပြည်နယ် ဖရူဆိုမြို့မှာ လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ နေ့မှာပဲ မိမိတို့ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးသွားတယ်လို့ ကုလရဲ့ က​လေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ Save The Children က ထုတ်ပြန်ပါတယ်။

    ဖရူဆိုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ အရပ်သားကား အနည်းဆုံး ၃ စီးလောက် စစ်ကောင်စီတပ်နဲ့တိုးကာ လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာတွေက စနေနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

    Save The Children က သူတို့ဝန်ထမ်းနှစ်ဦးဟာ ဖရူဆိုက တိုက်ပွဲမှာ ပိတ်မိခဲ့ပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ စနေနေ့မှာ ထုတ်ပြန်ပါတယ်။ ပျောက်ဆုံးသူတွေရဲ့ကား တိုက်ခိုက်မီးရှို့ခံလိုက်ရတာကိုလည်း Save The Children က အတည်ပြုပါတယ်။

    ​ပျောက်ဆုံးနေသူနှစ်​ယောက်ဟာ ဖရူဆိုဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ပြီးတဲ့နောက် အိမ်ပြန်သွားကြတာပါ။ ဒီအဖြစ်အပျက်ကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ Save The Children က ပြောပါတယ်။

    “အပြစ်မဲ့အရပ်သားတွေနဲ့ ကျွန်မတို့ဝန်ထမ်းတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် တော်​တော်လေး တုန်လှုပ်ရပါတယ်။ ကျွန်မတို့ ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံတစ်ဝှမ်းက လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့က​လေးငယ်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးနေကြတာပါ” လို့ Save The Children အကြီးအကဲ အင်ဂါ အက်ရှ်ဟင်က ပြောပါတယ်။

    Ref: VOA

  • အင်ဒိုနီးရှားမှ ခရစ္စမတ်ရိုးရာတစ်ခုဖြစ်သည့် အရိပ်ရုပ်သေးတင်ဆက်မှု

    အင်ဒိုနီးရှားမှ ခရစ္စမတ်ရိုးရာတစ်ခုဖြစ်သည့် အရိပ်ရုပ်သေးတင်ဆက်မှု

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -ခရစ္စမတ်ကာလရောက်တိုင်း ခရစ်တော်ရဲ့ ထေရုပ္ပတ္တိနဲ့ သမ္မာကျမ်းစာလာ ဇာတ်လမ်းတွေကို အရိပ်ရုပ်သေးနဲ့ ဖော်ကျူးတင်ဆက်တဲ့ ဓလေ့ထုံးတမ်းကို အင်ဒိုနီးရှား ရုပ်သေးအဖွဲ့တစ်ခုက ပြန်လည်ဖော်​ဆောင်နေပါတယ်။

    အာရှမှာ ကိုဗစ်ကူးစက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားမှာ ကိုဗစ်ကန့်သတ်ချက်တွေကို အခုအထိ လိုက်နာနေရတုန်းပါ။ လူစုလူဝေးဖြစ်စေမယ့် ပွဲတော်တွေကို မကျင်းပရတာလည်း ၂ နှစ်လောက် ရှိနေပါပြီ။

    အရိပ်ရုပ်သေးအဖွဲ့တည်ထောင်သူ အင်ဒရာ ဆူရိုအစ်ဂီနိုက ကိုဗစ်မတိုင်ခင်ကာလတွေက ခရစ္စမတ်ရောက်တိုင်း ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခရစ်တော်ရဲ့ ထေရုပ္ပတ္တိကို အရိပ်ရုပ်သေးနဲ့ ဖော်ကျူးတင်ဆက်ရတယ်လို့ ပြောပါတယ်။

    ကိုဗစ်ကြောင့် ဒီအစဉ်အလာ တိမ်ကောလာပြီး အရောင်စုံချယ်သ ဖော်ကျူးထားတဲ့ ခရစ်တော်(တမန်တော်အီစာ)၊ မယ်တော်မေရီ(မရ်ယမ်သခင်မ) တို့ရဲ့ ရုပ်ပုံတွေနဲ့ ဖျော်ဖြေတက်ဆက်မှုကို ပြန်လည်ဖော်ထုတ်ဖို့ အရေးကြီးလာပြီလို့လည်း ဆူရိုအက်ဂီနိုက ပြောပါတယ်။

    “ကိုဗစ်ကန့်သတ်ချက်တွေကြောင့် လူအများကြီးနဲ့ ဖျော်ဖြေတင်ဆက်တာမျိုး လုပ်လို့မရပေမယ့် ဓလေ့ထုံးတမ်းတစ်ခု မပျောက်ပျက်အောင်တော့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်တို့ ကြိုးစားနေပါတယ်”

    သူ့နဲ့ သူ့အဖွဲ့ဟာ ခရစ္စမတ်အကြို ရက်တွေကတည်းက ကလေးငယ်တွေရှိရာအရပ်ကို သွားပြီး ခရစ်တော် အကြောင်း၊ သမ္မာကျမ်းစာလာ တမန်တော်တွေရဲ့ ဇာတ်လမ်းတွေအကြောင်း အရိပ်ရုပ်သေးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။

    “သမ္မာကျမ်းစာနဲ့ အခြားရင်းမြစ်တွေကို ကိုးကားပြီး အရိပ်ဇာတ်ကောင်တွေကို ပုံဖော်တင်ဆက်နေတာ ဖြစ်ပါတယ်”

    အရိပ်ရုပ်သေးတင်ဆက်မှုဟာ ဂျာဗာကျွန်းက ပြည်သူတွေရဲ့ အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။

    Ref: AFP

  • အီရန်၏ ယခုတစ်ပတ် စစ်ရေးလေ့ကျင့်မှု အစ္စရေးကို သတိပေးခြင်းဖြစ်

    အီရန်၏ ယခုတစ်ပတ် စစ်ရေးလေ့ကျင့်မှု အစ္စရေးကို သတိပေးခြင်းဖြစ်

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁၂
    M-Media

    -အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အီရန်က တာဝေးပစ်ဒုံးကျည် ၁၆ လုံး သုံးစွဲခဲ့ပြီး ဒါဟာ အစ္စရေးကို သတိပေးတာလို့ အီရန်ဗိုလ်ချုပ်တွေက ပြောပါတယ်။

    Payambar-e-Azam လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင်မှုကို ပင်လယ်ကွေ့နဲ့ ကပ်နေတဲ့ ပြည်နယ် ၃ ခုမှာ တနင်္လာနေ့က စတင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    လေ့ကျင့်မှုအတွင်း Emad၊ Ghadr၊ Sejjil၊ Zalzal၊ Dezful နဲ့ Zolfaghar လို့ အမည်ရတဲ့ ဒုံးကျည်တွေကို ပစ်မှတ်တွေဆီ ပစ်ခတ်ခဲ့တာပါ။ ဒီ ဒုံးကျည်တွေဟာ မိုင် ၂၂၀ ကနေ ၁၂၅၀ လောက်အထိ ရောက်ရှိနိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။

    လေ့ကျင့်မှုမှာ ဒုံးကျည်သယ်နိုင်တဲ့ ဒရုန်း​ အနည်းဆုံး ၁၀ စင်းလောက် ပါဝင်ပြီး ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    “ဇိုင်ယွန်အစိုးရရဲ့ မကြာခင်က ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ ရည်ရွယ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်တာပါ” လို့ အီရန်စစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုဟာမက် ဘဂ်ဟီရီက ပြောပါတယ်။

    လေ့ကျင့်မှုမှာ စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေဟာ အီရန်ကိုတိုက်ခိုက်လာရင် တုန့်ပြန်ဖို့ နိုင်ငံတစ်ဝှမ်း ရာပေါင်းများစွာ ဖြန့်ကျက်ထားတဲ့ ဒုံးကျည်​တွေထဲကဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆလ်မာနီက စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးကို သတိပေးတာလို့ ပြောပါတယ်။

    “နည်းနည်းလေးအမှားလုပ်လိုက်တာနဲ့ ဆော်ပြီးသားပဲ”

    အမေရိကန်ဦးဆောင်တဲ့ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ဟာ နျူသဘောတူညီချက်ရဖို့ ကြိုးပမ်းနေပြီး အစ္စရေးကတော့ ဒီသဘောတူညီချက်မရအောင် ဖျက်နေတာပါ။

    ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တွေ့ဆုံစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က လိုအပ်လာရင် အီရန်ကို တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်မီဒီယာလုပ်ငန်း ထက်ဝက်ခန့် ပိတ်ပစ်ရ

    တာလီဘန်အုပ်စိုးမှုနောက်ပိုင်း အာဖဂန်မီဒီယာလုပ်ငန်း ထက်ဝက်ခန့် ပိတ်ပစ်ရ

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ပြန်လည်အုပ်စိုးပြီးနောက်ပိုင်း မီဒီယာလုပ်ငန်းရဲ့ ထက်ဝက်နီးပါးလောက် ပိတ်ပစ်လိုက်ရပြီး တိုင်းပြည်စီးပွားရေးအခြေအနေ ဆိုးရွားလာတာနဲ့ တာလီဘန်ရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကြောင့် ဖြစ်တယ်လို့ မီဒီယာစောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

    တာလီဘန်ဟာ ဩဂုတ်အလယ်ပိုင်းကစတင်ပြီး အာဖဂန်နစ္စတန်ကို ပြန်လည်အုပ်စိုးခဲ့တာပါ။

    နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) နဲ့ အာဖဂန်လွတ်လပ်သော ဂျာနယ်လစ်အသင်း (AIJA) တို့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ မီဒီယာလုပ်ငန်းရဲ့ ၄၃ ရာခိုင်နှုန်းလောက် ပိတ်ပစ်လိုက်ရပြီး ဂျာနယ်လစ် စုစုပေါင်း ၆၀ ရာခိုင်နှုန်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။

    တာလီဘန်မအုပ်ချုပ်ခင်အချိန်က အာဖဂန်နစ္စတန်မှာ မီဒီယာလုပ်ငန်း ၅၄၃ ခု ရှိနေရာကနေ၊ အခုနှစ် နိုဝင်ဘာ အကုန်မှာတော့ ၃၁၂ ခုသာ ရှိတော့တာ ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်း ၂၃၁ ခု ပိတ်ပစ်လိုက်ရပြီး ဂျာနယ်လစ် ၆၄၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားတာ ဖြစ်ပါတယ်။

    ဒီလိုပိတ်ပစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက တိုင်းပြည်စီးပွားရေး ပြိုလဲလာတာနဲ့ တာလီဘန်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့်ဖြစ်တယ်လို့ RSF နဲ့ AIJA တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကဘူးလ်အခြေစိုက်ရုပ်သံ Shamshad TV ရဲ့ သတင်းမန်နေဂျာ အဘစ် အဲဟ်ဆက်က ကြော်ငြာကရတဲ့ဝင်ငွေတွေ လျော့ကျမှုက မီဒီယာလောကကို အလွန်အမင်း ထိခိုက်စေပြီး၊ တာလီဘန်အစိုးရရဲ့ ကန့်သတ်ချက်တွေကလည်း လုပ်ငန်းကို နစ်နာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်ရဲ့ မီဒီယာကဏ္ဍမှာ အထိခိုက်ဆုံးက အမျိုးသမီး မီဒီယာသမားတွေဖြစ်ပြီး တာလီဘန် အုပ်စိုးပြီးနောက်ပိုင်း မီဒီယာလောကမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး ၈၄ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။

    Ref: Aljazeera