News @ M-Media

Blog

  • အင်ဒိုနီးရှားတွင် ငါးနှစ် ဒုက္ခပင်လယ်ဝေခဲ့သော မြန်မာ ငါးဖမ်း လုပ်သားလေး နိုင်ငံမဲ့ ဘ၀ရောက်နေ

    အင်ဒိုနီးရှားတွင် ငါးနှစ် ဒုက္ခပင်လယ်ဝေခဲ့သော မြန်မာ ငါးဖမ်း လုပ်သားလေး နိုင်ငံမဲ့ ဘ၀ရောက်နေ

    စက်တင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    Faces of Slavery Bing-1
    အန်ဘုံ၊ အင်ဒိုနီးရှား ။        ။ အေပီသတင်းဌာနက စုံစမ်းဖော်ထုတ် ရေးသာပြီးနောက်ပိုင်း  အင်ဒိုနီးရှား စုံစမ်းရေးမှ ကယ်တင်လိုက်သော ငါးဖမ်းလုပ်သား ၂၀၀၀ ဦးကဲ့သို့ အသက် ၁၈ နှစ်အရွယ်ရှိ ဘင်း ဆိုသူလည်း ပါဝင်ခဲ့သည်။ ထိုငါးဖမ်းလုပ်သားတို့မှာ ငါးဖမ်းလှေပေါ်တွင် အဓမ္မကျွန်ပြုခံရပြီး မိမိတို့နေရပ်သို့ပြန်ရန် မျှော်လင့်ချက်ကင်းမဲ့နေခဲ့ရသူများဖြစ်သည်။

    ဘင်း မှာ အသက် ၁၂ နှစ်အရွယ်မှာပင် မိဘများ၏စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အိမ်ရာမဲ့ဘ၀ဖြင့် ထိုင်းနိုင်ငံ လမ်းမများပေါ် တောင်းရမ်း စားသောက်ခဲ့ရသည်။ ၎င်းနောက် ငါးဖမ်းလှေဖြင့် လိုက်ပါလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ သူက မိမိသည် ဗမာလူမျိုးဖြစ်သည်ဟု ယုံကြည်လျက် ရှိသော်လည်း ဆွေမျိုးသားချင်းအမည်များ၊ နေရပ်လိပ်စာ စသဖြင့် မဖော်ပြနိုင်၍ သူသည် အင်ဒိုနီးရှားမှာပင် နေရစ် ရမည်ဟု မြန်မာသံရုံးမှ ဆိုသည်။

    အောက်ပါတို့မှာ မြန်မာလိုပြောကြားခဲ့သော သူ့စကားများ ဖြစ်ပါသည်။

    ” ကျွန်တော့်မိဘတွေဟာ ဘယ်အရပ်ဒေသကမှန်း မသိခဲ့ပါဘူး။ သူတို့က ဗမာလူမျိုးဖြစ်တယ် ဆိုတာကိုပဲ ကြားဖူးခဲ့ပါတယ်။ ရေရေရာရာ မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာ (ထိုင်းနိုင်ငံ) ရနောင်းမြို့မှာ နေထိုင်ခဲ့ပါတယ်။ သူတောင်းစားဖြစ်တဲ့ကျွန်တော့်ကို လူတော်တော်များများ သိရှိကြပါတယ်။ ခုချိန်ထိ ကျွန်တော့်ကို မှတ်မိခြင်းရှိမရှိဆိုတာတော့ မပြောနိုင်သေးပါဘူး။

    ထိုင်းကပ္ပတိန်တစ်ဦးက ကျွန်တော့်ကို အလုပ်ကောင်းတစ်ခုပေးမယ်ပြောဆိုပြီး ငါးဖမ်းလှေ တစ်စင်းဆီ ခေါ်ဆောင်သွားပါတယ်။ ကျွန်တော်တို့ အင်ဒိုနီးရှားသွားရမယ်ဆိုတာ လုံးဝ မသိရှိခဲ့ကြပါဘူး။ ဘယ်ကို သွားကြောင်း သိနားလည်သွားချိန် အိမ်ပြန်ပို့ဖို့ ကျွန်တော် တောင်းပန်တိုးလျှိုးခဲ့တယ်။ ကျွန်တော့်ဆီမှာ ဘာအထောက်အထားမှမရှိလို့ ပြန်ဖို့မဖြစ်နိုင်ဘူးဆိုပြီး ကပ္ပတိန်က ပြောပါတယ်။ ကျွန်တော့်မှာ မိဘရှိမနေတော့ အထောက်အထားစာရွက်စာတမ်း မဆိုထားနဲ့၊ မွေးစာရင်းပင်လျှင် မရှိခဲ့ပါဘူး။ ဒါကြောင့် ငါးဖမ်းလှေထဲမှာပဲ ဘ၀မြုပ်သွားခဲ့ရတယ်။ လုပ်သားခဆိုလည်း တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ပါဘူး။

    ကျွန်တော် တစ်ယောက်တည်း ဒီမှာ မနေချင်ဘူးဗျ။ သူငယ်ချင်းတွေနဲ့အတူ အိမ်ပြန်ချင်ပါတယ်။ မြန်မာ သို့မဟုတ် ထိုင်းနိုင်ငံမှာ အသိတစ်ယောက်ယောက် ရှာတွေ့နိုင်မလားလို့ သေသေချာချာ မသိပေမယ့် အိမ်ပြန်ချင်တာပဲသိတယ်။ ဒီမှာ ဘယ်လိုရှင်သန်ရမှန်း မသိဘူး၊ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်မှာ ကြောက်တယ် ” ။

    အင်ဒိုနီးရှား၊ မာလုကု ခရိုင်၊ အန်ဘုံဆိပ်ကမ်းတွင် သောင်တင်နေသော မြန်မာငါးဖမ်းလုပ်သား ဘင်းကို ၁၀.၉.၂၀၁၅ ကြာသပတေးနေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – AP )

    ref: AP

  • ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို ကနေဒါ လက်ခံမည်

    ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို ကနေဒါ လက်ခံမည်

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    – ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၁၀၀၀၀ ကို မိမိတို့နိုင်ငံက လက်ခံသွားမည်ဟု ကနေဒါ ကွန်ဆာဗေးတစ်အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ဒုက္ခသည်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှတစ်ဆင့် လက်ခံသွားမည်ဖြစ်ပြီး ကနေဒါလူဝင်မှုကြီးကြပ်ရေးမှ ထပ်မံစစ်ဆေးမည် မဟုတ်သောကြောင့် လုပ်ငန်းစဉ် ပိုမိုမြန်ဆန်မည်ဟု ကနေဒါ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားရေးရာဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ အား ၂၀၁၇ နှစ်ကုန်မှ လက်ခံရန် ကနေဒါက စီစဉ်ထားသော်လည်း ယခုတွင် ၂၀၁၆ စက်တင်ဘာ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ပြီး မူလက ကတိပြုထားသည့် အီရတ်ဒုက္ခသည် ၂၃၀၀၀ အား လက်ခံရေး ကတိက၀တ်ကိုလည်း ယခုနှစ်အကုန်အတွင် အပြီးအပြတ် အကောင်အထည်ဖော်သွားမည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ဗီဇာတာဝန်ရှိသူများမှာ လျှောက်ထားသူများကို လုံခြုံရေး၊ ရာဇ၀တ်မှုနှင့် ကျန်းမာရေးစောင့်ကြည့်မှုဆိုင်ရာ မေးခွန်းများကိုသာ တွေ့ဆုံမေးမြန်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ခရစ် အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

    ကနေဒါ၏ ကွန်ဆာဗေးတ်အစိုးရမှာ မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ ၀င်ရောက်လာသည့် ဆီးရီးယားဒုက္ခသည်များအား ကူညီရန် နှေးကွေးမှုအတွက် ပြီးခဲ့သည့် သီတင်းပတ်များက ဥရောပနိုင်ငံများကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

    အတိုက်အခံဘက်ကလည်း လာမည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အာဏာရပါက ဆီးရီးယားဒုက္ခသည်များအတွက် ပိုမိုလွယ်ကူသော ပေါ်လစီကို ချမှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ဒီယေဂိုကော်စတာကဲ့သို့ အဖြစ်အပျက်ကြောင့် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဟု မော်ရင်ဟိုပြော

    ဒီယေဂိုကော်စတာကဲ့သို့ အဖြစ်အပျက်ကြောင့် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဟု မော်ရင်ဟိုပြော

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    chel

    – အာဆင်နယ်နှင့်ပွဲတွင် ဒီယေဂိုကော်စတာ၏ အငြင်းပွားဖွယ် အဖြစ်အပျက်က မိမိအတွက် ထိုပွဲ၏ အကောင်းဆုံးကစားသမား ဖြစ်စေခဲ့ပြီး၊ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကြောင့်ပင် ပရီးမီးယားလိဂ်မှာ လူကြိုက်များနေခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ၎င်းတို့နှစ်သင်းပွဲတွင် ပထမပိုင်း၌ ဒီယေဂိုကော်စတာမှာ အာဆင်နယ်နောက်ခံလူ ကွန်စီယဲလ်နီနှင့် အချင်းများခဲ့ပြီး၊ ဖြန်ဖြေရန်လာသည့် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်နှင့် ထပ်မံအချင်းများခဲ့သည်။ နောက်ဆက်တွဲအဖြစ် ဂီဘရီယဲလ်မှာ အထုတ်ခံခဲ့ရသည်။

    ဒီယေဂိုကော်စတာ၏ လုပ်ရပ်အတွက် ပရိတ်သတ်များက ဝေဖန်မှုများရှိခဲ့ပြီး အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကလည်း ၎င်း၏ လုပ်ရပ်မှာ လက်မခံနိုင်ဟု ပြောကြားခဲ့သည်။

    မော်ရင်ဟိုကမူ ထိုသို့ ဖြစ်ပွားခြင်းမှာ ဖျော်ဖြေမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

    “ဒီယေဂိုကော်စတာအကြောင်း ကျွန်တော့်ကိုမေးရင် – သူကစားရမယ့်ပုံစံအတိုင်း ကစားခဲ့တယ်လို့ ကျွန်တော် ဖြေမှာပါ။ ဒီလိုအဖြစ်အပျက်ကြောင့်ပဲ ကွင်းလူပြည့်တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက လူပေါင်း သန်းနဲ့ချီ ကြည့်ရှုကြတာပါ။ ပွဲဆိုတာ ဒီလိုပဲ ကစားရပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ကော်စတာမှာ မိမိအတွက် ထိုပွဲ၏ အကောင်းဆုံးကစာသမားဖြစ်ခဲ့ပြီး၊ အနီကဒ်နှင့် မထိုက်တန်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီပွဲမှာ ဆုံးဖြတ်ချက်အားလုံးကို ချမှတ်ခဲ့တာဟာ အဲဒီဒိုင်လူကြီးပါပဲ။ သူပဲ ကျွန်တော်တို့အတွက် ပင်နယ်တီနှစ်လုံး မပေးခဲ့တာပါ။ ဟာဇာ့ဒ်ကို ဂါဘရီယဲလ် လုပ်ခဲ့တာအတွက်လည်း အပြစ်ပေးလို့ရပါတယ်”

    Ref: Goal

  • UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု

    UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု

    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    မိုးစက်
    UNC
    ရန်ကုန်။    ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော မူလက ပယ်ချခံထားရသော အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ၆ ဦးအနက် ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း (၁၂) ဦးတင်သွင်းထားသော်လည်း (၆) ဦးသာ ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ကိုယ်စားလှယ်လောင်း (၆) ဦးအဖြစ်လျှောက်ထားသူများသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံဝင်ခဲ့ရာ ကော်မရှင်မှ သုံးဦးကို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ ဥပဒေတာဝန်ခံ ဦးရန်နိုင် (မြောင်းမြ) က M-Media သို့ပြောသည်။

    “အန်ကယ်တို့ကိုသူတို့ပယ်တာက ၂၀၀၈ ဖွဲ့စည်းပုံမှာ မရှိတော့တဲ့ ဥပဒေတွေ၊ အဖေ အမေ နိုင်ငံသားဖြစ်မှုမှာ သံသယရှိတဲ့ ဆိုတဲ့ဟာတွေနဲ့ဆိုတော့ အဲဒါတွေကို အန်ကယ်တို့ဘက်က အထောက်အထားခိုင်မာစွာနဲ့ ပြန်လည်ဖြေရှင်းပြီး ကော်မရှင်မှာ အယူခံဝင်ခဲ့တာပါ” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

    ရွေးကောက်ပွဲကော်မရှင်ထံမှ ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်သည့် တရားဝင်စာကို မရရှိသေးပေမယ့် လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကိုယ်တိုင် ဖုန်းဆက်၍ပြောသည်ဟုလည်း ဦးရန်နိုင်က ဆိုခဲ့သည်။

    အမျိုးသားညီညွတ်ရေး ပါတီမှ ပြန်လည်ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များမှာ-  ဦးရန်နိုင် (မြောင်းမြ) (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)၊ ဦးအောင်မြင့်မင်း (တာမွေမဲဆန္ဒနယ်)၊ ဦးရန်နိုင်ဟိန်း (တောင်ဥက္ကလာမဲဆန္ဒနယ်) တို့ဖြစ်ကြသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် အပါအဝင် အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကော်မရှင်မှ ၇၀% ထက် မနည်းပယ်ချခဲ့ရာ သက်ဆိုင်ရာပါတီများမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် ကော်မရှင်ထံသို့ အယူခံဝင်လျက်ရှိကြသည်။

  • ရုရှားနိုင်ငံ မော်စကိုရှိ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ကြီးကို လာမည့်တစ်ပတ်တွင် ဖွင့်လှစ်မည်

    ရုရှားနိုင်ငံ မော်စကိုရှိ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ကြီးကို လာမည့်တစ်ပတ်တွင် ဖွင့်လှစ်မည်

    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    russia

    – ဆယ်စုနှစ်ပေါင်းများစွာကြာ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည့် ရုရှားနိုင်ငံ မော်စကိုမြို့မှ ဂျွမ်အာဟ် ဗလီဝတ်ကျောင်းတော်ကို လာမည့်သီတင်းပတ်တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    “ဒီဗလီဝတ်ကျောင်းတော်ဟာ ဆိုဗီယက်ခေတ် အခက်အခဲအဆုံး အခြေအနေနဲ့ ကြုံတွေ့ရတဲ့ အချိန်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်ပါ။ ၁၉၈၀ အိုလံပစ်ပြိုင်ပွဲမတိုင်ခင် ဖြိုချဖို့ ကြိုးပမ်းခဲ့တာလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ဆက်လက်ရှိစေခဲ့ပါတယ်” ဟု ရုရှား မွဖ်သီများကောင်စီမှ ဒုတိယ ဥက္ကဌဖြစ်သူ ရက်စ်ဟန် အဘ်ယာဆော့ဗ်က ပြောကြားခဲ့သည်။

    မော်စကိုမြို့လယ်ကောင်ရှိ အဆိုပါ ဂျွမ်အာဟ်ဗလီဝတ်ကျောင်းတော်ကို ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ဟုလည်း ခေါ်ဆိုသည်။ အဘ်ယာဆော့ဗ်ကမူ အဆိုပါ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်မှာ ခေတ်အဆက်ဆက်တွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည်ဟု ဆိုသည်။

    “ဒီ မော်စကို ကက်သဒရယ်ဗလီဝတ်ကျောင်းတော်ကြီးဟာ မျိုးချစ်စစ်ပွဲကြီးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ တင့်ကားတပ်ခွဲ ထိန်းသိမ်းရေးစားရိတ်အတွက် ဗလီဝတ်ကျောင်းတော်က ရန်ပုံငွေကောက်ခံ လှူဒါန်းမှုနဲ့ ကျွန်တော်တို့နိုင်ငံက စစ်သားတွေကို ကူညီထောက်ပံ့ပေးမှုတွေကြောင့် စတာလင်ဆီက ချီးကျူးဂုဏ်ပြုတဲ့ စာတစ်စောင် ရခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဒီဗလီဝတ်ကျောင်းတော်ကပဲ ကျွန်တော်တို့ရဲ့ အမိမြေရုရှားကို ကာကွယ်ဖို့ မော်စကိုမွတ်စလင်လူထုကို တိုက်တွန်းခဲ့ပါတယ်” ဟု ၎င်းက
    ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ ကက်သဒရယ်ဗလီဝတ်ကျောင်းတော်မှာ လွန်ခဲ့သည့် ၄ နှစ်က ဖြိုချခြင်း ခံခဲ့ရပြီးနောက်ပိုင်း ၀တ်ပြုသူပေါင်း ၁၀၀၀၀ ခန့် ၀င်ဆန့်မည့် ဗလီဝတ်ကျောင်းတော်သစ်အဖြစ် ပြန်လည်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်၏ အတွင်းဘက်ဒီဇိုင်းအတွက် တူရကီသာသနာရေး ၀န်ကြီးဌာန လက်အောက်မှ အေဂျင်စီတစ်ခုဖြစ်သော Turkish Diyanet Foundation က ကူညီပေးခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

    အခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်၊ တူရကီ သမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်တို့ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။ အဘ်ယာဆော့ဗ်ကမူ ထိုဗလီဝတ်ကျောင်းတော်က နာမ်ပိုင်းဆိုင်ရာကို ပြန်လည်သစ်လွင်စေမည်ဟု ဆိုသည်။

    “စက်တင်ဘာ ၂၃ ရက်နေ့မှာ ယုံကြည်သူတွေအတွက် တံခါးဖွင့်ပေးမယ့် ဒီ ကက်သဒရယ် ဗလီဝတ်ကျောင်းတော်ဟာ နာမ်ပိုင်းဆိုင်ရာ ပြန်လည်သစ်လွင်ဖို့အတွက် တောက်ပတဲ့ အမှတ်အသားပါပဲ”

    ထို့ပြင် ဗလီဝတ်ကျောင်းတော်၏ ဗိသုကာပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “မော်စကို ကက်သရယ် ဗလီဝတ်ကျောင်းတော် အဆောက်အဦးကို ရွှေပြားနဲ့ ဖုံးအုပ်ထားပြီး၊ မင်နာရတ်တွေကလည်း မော်စကိုနဲ့ ကာဇန်ကရင်မလင်က တာဝါတွေကို ရောင်ပြန်ဟပ်နေပါတယ်”

    “ဒီဗလီဝတ်ကျောင်းတော်ဟာ ကျွန်တော်တို့ ရုရှားတွေရဲ့ ရိုးရာ ဗိသုကာကို အခြေခံထားတဲ့ ထူးခြားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ အတွင်းပိုင်းကို နိုင်ငံတော်သုံးအရောင်၊ ကျွန်တော်တို့တိုင်းပြည်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရိုးရာအလိုက် ချယ်မှုန်းမှုတွေနဲ့ အလှဆင်ထားပါတယ်”

    ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်သာသနာပြီးလျှင် အစ္စလာမ်မှာ ရုရှား၌ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး လူဦးရေ ၁၄၅ သန်းရှိသည့် ရုရှားတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူမှာ ၂၃ သန်းခန့် ရှိနေသည်။ ၎င်းတို့မှ အများစုမှာ ကော့ကေးရှပ်ဒေသမြောက်ပိုင်းတွင် နေထိုင်ကြသည်။

    Russia Today သတင်းစာ၏ ဖော်ပြချက်အရ နိုင်ငံအတွင်း၌ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူဦးရေမှာ ၂၀၅၀ ခုနှစ်တွင် ရုရှားလူဦးရေ၏ ထက်ဝက်ခန့်ဖြစ်လာမည်ဟု ခန့်မှန်းရပြီး ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံး နိုင်ငံများမှ တစ်နိုင်ငံ ဖြစ်လာမည်ဟု ဆိုသည်။

    Ref: Onislam