News @ M-Media

Blog

  • “ခွဲခြားဆက်ဆံမှု မပြုရဆိုတဲ့ ပုဒ်မတွေ စာရွက်ထဲမှာသာရှိ၊ ဝန်ကြီးတွေကအစ ခွဲခြားဆက်ဆံမှု ပြုလုပ်နေ” ဟု ခလီဖွာ ဦးသိန်းဝင်းအောင်ပြော

    “ခွဲခြားဆက်ဆံမှု မပြုရဆိုတဲ့ ပုဒ်မတွေ စာရွက်ထဲမှာသာရှိ၊ ဝန်ကြီးတွေကအစ ခွဲခြားဆက်ဆံမှု ပြုလုပ်နေ” ဟု ခလီဖွာ ဦးသိန်းဝင်းအောင်ပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    မိုးစက်
    8d49f60da396760664195290c5efe2513f15dd985f0924a302e6d1e6424e5fa5
    ရန်ကုန်။    ။ မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ မှာ လူမျိုးရေး ၊ ဘာသာရေး အရ ခွဲခြားခံနေရပြီး ခွဲခြားဆက်ဆံမှုမပြုရဆိုတဲ့ ပုဒ်မတွေကလည်း စာရွက်ထဲမှာပဲရှိတယ်လို့ ခလီဖွာ ဦးသိန်းဝင်းအောင်က ပြောကြားလိုက်ပါတယ်။

    ရန်ကုန်မြို့ စက်တင်ဘာလ ၂၀ ရက်နေ့ Park Royal ၌ကျင်းပသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် မြန်မာမွတ်စလင်တို့၏ အခန်းကဏ္ဍဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော်တို့က ဘာသာရေးအရရော လူမျိုးရေးအရရော ခွဲခြားခံနေရတယ်။ ခွဲခြားဆက်ဆံမှုမပြုရဆိုတဲ့ ပုဒ်မတွေကလည်း စာရွက်ထဲမှာပဲရှိတယ်။ နိုင်ငံတော်ရဲ့ ဝန်ကြီးတွေကအစ ခွဲခြားဆက်ဆံမှုပြုလုပ်နေကြတာပါ။ ဒီမိုကရေစီဆိုတာလည်း နာမည်ခံဒီမိုကရေစီပဲ ရှိသေးပါတယ်” ဟုဆက်လက်ပြောဆိုခဲ့သည်။
    92a8f1a898e4b05da80ff9ba1cf43cef27b9be9712778f5610d47ad4c76e3de8
    မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးတွေအားလုံးဟာ လူမျိုး နာမည်က အဓိကမဟုတ်ဘူး နိုင်ငံကိုချစ်တတ်တဲ့ နှလုံးသားကသာ အဓိကပါလို့ သူက ဆက်ပြီးပြောပါတယ်။

    မြန်မာမွတ်စလင်များက ရှေးခတ်ကတည်းက ပြည်သူကို အကျိုးပြုတဲ့ အလုပ်တွေကို ဆောင်ရွက်ခဲ့ကြ တာဖြစ်ပြီး နိုင်ငံ ချစ်စိတ်နဲ့ပဲ ဆောင်ရွက် ခဲ့တာဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်များကို အစိုးရက ယနေ့ချိန်ခါတွင် သမိုင်းများဖျောက်ဖျက်ရန် အတွက်ပြုလုပ်နေကြကြောင်း၊  ဦးပိန်တံတားကို တည်ဆောက်ထာခဲ့သူ ဦးပိန်၏ အုတ်ဂူကိုလည်း သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့များက ၎င်းတို့အနေနှင့် ဦးပိန်တံတားကိုသာ စောင့်ရှောက်ရန် တာဝန်ရှိပြီး အုတ်ဂူကိုစောင့်ရှောက်ရန် တာဝန်မရှိဟုဆိုတာ သမိုင်းပညာရှင် များစွာရှိနေတဲ့ အမရပူရမြို့နယ်မှ လင်းဇင်းကုန်း သုသာန်ကို လွန်ခဲ့သည့်လအနည်းငယ်က ဖျက်ဆီးခဲ့ကြကြောင်း၊ မွတ်စလင်တွေ မြန်မာနိုင်ငံတ်ာပေါ်မှာ ထားခဲ့တဲ့ စိတ်ဓာတ်ကိုတော့ ချီးမွမ်းဖို့လိုပါကြောင်း၊ ဦးပိန်တံတားဆိုတာလည်း စိတ်စေနာနဲ့ အများအကျိုးအတွက် တည်ဆောက် ခဲ့တာဖြစ်ကြောင်း မြန်မာမွတ်စလင်များ၏ ဆောင်ရွက်ချက်များကို ဖော်ထုတ်ပြောဆိုခဲ့သည်။

    မြန်မာမွတ်စလင်များ၏ တိုင်းပြည်အပေါ်ဆောင်ရွက်တတ်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါက်တာဦးမြင့်သိန်းကလည်း မြန်မာမွတ်စလင်များသည် ပထမမြန်မာနိုင်ငံတော် ပုဂံရဲ့ သူရဲကောင်းကြီး ၇ ဦးထဲမှာ မွတ်စလင်သုံးဦးပါဝင်ကြောင်း၊ တော်လှန်းရေးတပ်တွေထဲမှာ ပါဝင်ခဲ့သည့် မွတ်စလင်သူရဲကောင်းများ၊ တိုင်းပြည်အတွက် အများနည်းတူ ရှေ့တန်းမှ နေရာတိုင်း ဒေသတိုင်းတွင် ပါဝင်ခဲ့သည်မှာ သမိုင်းအထောက်အထား ခိုင်မာစွာဖြင့် အပြည့်အစုံရှိကြောင်း မြန်မာမွတ်စလင်များအကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
    6a0bb5d11bdaf546e07cf435662d87f3f13b0bdf342372dc4c6a345fcc14726e

    “ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေဟာ  အနေချောင်အောင် တိုင်းပြည်မှာ လူများနဲ့ရောယိမ်းလိုက်နေနေတာမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ အစ္စလာမ်မှာရှိပြီးသားပါ။ အစ္စလာမ့်ဘယ်တရားကမှ မတူကွဲပြားတဲ့လူတွေကို ဒုက္ခရောက်စေမယ့် နိယာမတွေ မရှိပါဘူး။ မတူကွဲပြားပေမယ့်လည်း အစ္စလာမ်က ငြိမ်းချမ်းစွာနေဖို့ပဲ တိုက်တွန်းထားပါတယ်။” ဟု ဓမ္မကထိက အလ်ဟဂ်ျ ဦးအေးလွင် မှ မတူကွဲပြားမှုများနှင့် ရှိနေပေမယ့်လည်း အစ္စလာမ်ဘာသာဝင်များဟာ မတူကွဲပြားမှုများအပေါ်မှာ သာသနာရဲ့သွန်သင်ချက်အတိုင်း လိုက်နာကြပုံကို ပြောဆိုခဲ့ပါသည်။

    တရားလွှတ်တော်ရှေ့နေ ဦးကိုနီကလည်း မြန်မာနိုင်ငံရဲ့ ဘုရင်ခေတ်မှာတောင် ခွဲခြားဆက်ဆံမှုဆိုတာ မရှိခဲ့ကြောင်း ရှေးအရင်ခေတ်က အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုရန် ဗလီဝတ်ကျောင်းတော်များကို ဘုရင်များကိုယ်တိုင် ပနက်ချတည်ဆောက်ပေး ခဲ့တာဖြစ်ကြောင်း၊ ယနေ့ခေတ်တွင်လည်း လူများစုက လူနည်းစုကို ခွဲခြားဆက်ဆံသော်လည်း လူနည်းစုကလည်း လိုက်ပြီး ခွဲခြားခဲ့လို့သာ နှစ်ဖက်ကွဲပြားခဲ့တာဖြစ်ကြောင်း၊ ယနေ့ချိန်ခါမှာတော့ မြန်မာမွတ်စလင်တွေဟာ ခွဲခြားမှုများစွာကို ခံစားနေရတာဖြစ်ကြောင်း ခွဲခြားဆက်ဆံခံရမှုများနှင့် ပတ်သတ်ပြီး ရှေးခေတ်နှင့် ယနေ့ခေတ်ကို နှိုင်းယှဉ်၍ ပြောပြခဲ့ပါသည်။

    အဆိုပါ  ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် မြန်မာမွတ်စလင်တို့၏ အန်းကဏ္ဍဆွေးနွေးပွဲကို Social Alliance (လူမှုမဟာမိတ်အဖွဲ့) မှ ဦးစီး ကျင်းပတာဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော် ထူထောင်တဲ့နေရာမှာ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအနေနဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့ ပါဝင်ကူညီအားဖြည့်နိုင်ရန်၊ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ပါသည်။

  • ယူဆချက်အမှားများ ချေဖျက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကင်ညာမွတ်စလင်များ ကြိုးပမ်း

    ယူဆချက်အမှားများ ချေဖျက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကင်ညာမွတ်စလင်များ ကြိုးပမ်း

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    kenya

    – နိုင်ငံအတွင်း ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး ဥပမာတစ်ခုအဖြစ် ကင်ညာနိုင်ငံရှိ မွတ်စလင်ခေါင်းဆောင်များမှာ ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ ၀တ်ပြုမှုကို ခရစ်ယာန်ခေါင်းဆောင်များအား ဖိတ်ခေါ် ပြသခဲ့ကြသည်။

    “တစ်ဦးတစ်ယောက်က မတူညီတဲ့ ဘာသာတရားတစ်ခုခုကို လိုက်နာတဲ့အတွက်ကြောင့် လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ကို ဂုဏ်အသရေ သေးသိမ်အောင် လုပ်ဆောင်ခွင့် မရှိပါဘူး။ ယုံကြည်မှုတွေ မတူပေမယ့်လည်း ကျွန်တော်တို့ဟာ စုပေါင်းပြီး သဟဇာတဖြစ်စွာ အလုပ်လုပ်ကြပါစို့” ဟု မြို့တော် နိုင်ရိုဘီရှိ ဂျာမီယာ ဗလီဝတ်ကျောင်းတော် ဂေါပကအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှိခ် အဘ်ဒူလတစ်ဖ် အက်ဆာဂျီက ပြာကြားခဲ့သည်။

    ထိုဖိတ်ခေါ်မှုတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ လာရောက်ခဲ့ကြပြီး ဂျာမီယာဗလီဝတ်ကျောင်းတော်၌ ထောင်နှင့်ချီသော အစ္စလာမ်ဘာသာဝင်များ၏ သောကြာဝတ်ပြုမှုနှင့် တရားဒေသနာများကို ကြည့်ရှု နားထောင်ခဲ့ကြသည်။

    ကင်ညာနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်နေ့ (ယနေ့) တွင် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ပြုလုပ်ရန်ရှိနေပြီး နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ကုလသမဂ္ဂက စီစဉ်ကျင်းပခြင်းဖြစ်သည်။

    လာမည့်နေ့များတွင်လည်း ကင်ညာရှိ မွတ်စလင်ခေါင်းများမှာ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားသော ဘာသာရေးအသင်းအဖွဲ့များ၊ အဆောက်အဦးများသို့ သွားရောက်လည်ပတ်ရန် ရှိနေသည်။

    သောကြာဝတ်ပြုမှုပြီးတွင် ကင်ညာ ခရစ်ယာန်ကက်သလစ်အသင်းတော် ခေါင်းဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းမှ စီအီးအိုဖြစ်သူ ဒန်ဒီယဲလ် ဂျူမာက မိမိတို့ ခရစ်ယာန်ခေါင်းဆောင်များ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်ခြင်းမှာ ကင်ညာပြည်သူများ၏ မတူညီသော အယူဝါဒများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ရေး လက္ခဏာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကင်ညာ ဘာသာပေါင်စုံကောင်စီမှ အဖွဲ့ဝင်ဖြစ်ပြီး၊ ခရစ်ယာန် စနေအသင်းတော်မှ ပေါလ် ချပ်က်ဝိုနီကလည်း ကင်ညာပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာ အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပြီး ဘာသာတရားဆိုသည်မှာ သွေးကွဲရေးအကြောင်းတရား မဖြစ်သင့်ဟု ပြောကြားခဲ့သည်။

    ဟာမိုနီ

    မွတ်စလင်ခေါင်းဆောင်များကမူ ကင်ညာနိုင်ငံရှိ မတူညီသော ဘာသာတရားများမှာ ဆယ်စုနှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများက မိမိတို့ကြား သပ်လျှိုပေးသကဲ့သို့ ဖြစ်လာသည်ဟု ဆိုသည်။

    “ကင်ညာက မွတ်စလင်တွေအနေနဲ့ ခရစ်ယာန်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကတည်းက သူတို့နဲ့ အနီးကပ် လုပ်ဆောင်ခဲ့တာပါ။ ဒါ့ကြောင့် ကင်ညာပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်ရေး သေချာစေဖို့ ကျွန်တော်တို့ မျှဝေကြတဲ့ ဘုံသဘောထားတွေကို တိုးမြင့်အောင် ကျွန်တော်တို့ လုပ်ချင်ပါတယ်” ဟု ဂျာမီယာ ဗလီဝတ်ကျောင်းတော်မှ အထွေထွေအတွင်းရေးမှူး အဘ်ဒူလ်-ဟာမစ် ဆလက်ခ်ျက ပြောကြားခဲ့သည်။

    မန်ဒရာဒေသ ကိုယ်စားပြု ဆီးနိတ်အမတ် တစ်ဦးဖြစ်သူ ဘီလို ကာရိုးကလည်း ခရစ်ယာန်ခေါင်းဆောင်များ ဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်ခြင်းမှာ ကင်ညာရှိ မတူညီသော ဘာသာတရားများအကြား သဟဇာတဖြစ်မှုနှင့် နားလည်မှုကို တိုးတက်စေပြီး ဘာသာရေး သည်မခံမှုကို ဖြစ်ပွားစေနိုင်သည့် ယူဆက်ချက်အမှားများကိုလည်း ပြေလည်စေသည်ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

    ခရစ်ယာန်ခေါင်းဆောင်များကို တာဝန်ရှိသူများက ဗလီဝတ်ကျောင်းတော်အတွင်း လှည့်လည်ပြသခဲ့ပြီး နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

    ကင်ညာနိုင်ငံရှိ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များမှာ နိုင်ငံအတွင်း လိုအပ်နေသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး သတင်းစကားပေးရန် ယနေ့တွင် ဘောလုံးကစားရန်လည်း ရှိနေသည်။

    Ref: Onislam

  • ဂရိရွေးကောက်ပွဲ လက်ဝဲပါတီ ပြန်အနိုင်ရ၍ ကြွေးရှင်နိုင်ငံများ စိတ်သက်သာရာရ

    ဂရိရွေးကောက်ပွဲ လက်ဝဲပါတီ ပြန်အနိုင်ရ၍ ကြွေးရှင်နိုင်ငံများ စိတ်သက်သာရာရ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    gerece

    – အကြွေးပြဿနာနှင့် ရင်ဆိုင်နေရသည့် ဂရိနိုင်ငံတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ ယခင်သမ္မတဟောင်း အလက်ဇစ် တီစီပရက်စ်၏ လက်ဝဲယိမ်း ဆီရီဇာပါတီက အပြတ်အသတ် အနိုင်ရခဲ့သည်ဟု သိရသည်။

    မဲရေအတွက်၏ ၅၁ ရာခိုင်နှုန်းကို ရေတွက်ခဲ့ရာ ဆီရီဇာပါတီက ၃၅.၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကွန်ဆာဗေးတစ် နယူးဒီမိုကရေစီပါတီ NDP က ၂၈.၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ လက်ယာယိမ်း အင်ဒီပန်းဒန့် ဂရိပါတီ ကမူ ပါလီမန်သို့ ၀င်ရောက်နိုင်မည့် ရာခိုင်နှုန်းဖြစ်သော ၃ ရာခိုင်နှုန်းအထက် ၃.၇ ရာခိုင်နှုန်း ရရှိခဲ့သည်။

    ကနဦး မဲရလဒ်များ ထွက်ပေါ်လာခဲ့ပြီးနောက် ၀န်ကြီးချုပ်ဟောင်း အလက်ဇစ် တီစီပရက်က “ကျွန်တော်တို့ရဲ့ အရှေ့မှာ ရုန်းကန်ကြိုးစားရမယ့် ရှည်လျားတဲ့ခရီးတစ်ခု ရှိနေပါတယ်” ဟု Twitter စာမျက်နှာမှတဆင့် ရေးသားခဲ့သည်။

    အင်ဒီပန်ဒန့်ဂရိပါတီ ခေါင်းဆောင် ပါနို့စ် ကာမန်နို့စ်ကမူ ၎င်းတို့ပါတီမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန်တွက် ဆီရီဇာပါတီနှင့် ပူးပေါင်းသွားမည်ဟု ပြောကြားခဲ့သည်။

    အသစ်တက်လာမည့် အစိုးရမှာ ယခင်အစိုးရဟောင်းလက်ထက် မကြာသေးမီက သဘောတူထားခဲ့သည့် အကြွေးပြဿနာကယ်တင်ရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် အခွင့်အာဏာရှိမည် ဖြစ်သောကြောင့် အာဏာရပါတီဟောင်း ဆီရီဇာ ပြန်လည်အနိုင်ရရှိခဲ့ခြင်းအတွက် ကြွေးရှင်နိုင်ငံများက သက်သာရာရခဲ့သည်။

    ဆီရီဇာပါတီမှာ ၇ လသက်တမ်းရှိမည့် အစိုးရအဖွဲ့အတွက် ဇန်န၀ါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဥရောပနှင့် ကြွေးရှင်နိုင်ငံများ၏ ကန့်သတ်မှုများပါသည့် အကြွေးပြဿနာ ကယ်တင်ရေး အဆိုပြုချက်ကို လက်မခံဟူသော ကတိဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြွေးပြဿနာ ပြေလည်ရန်အတွက် ထိုအဆိုပြုချက်ကိုပင် နောက်ဆုံး၌ လက်ခံခဲ့ရသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့သည့်လက တီစီပရက်စ်အစိုးရမှာ ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရပြီး လူသေဆုံးမှုများပင် ရှိခဲ့သည်။

    အဓိက အတိုက်အခံပါတီဖြစ်သော NDP ကလည်း ၎င်းတို့ ရှုံးနိမ့်ကြောင်း အတည်ပြုခဲ့ပြီး တီစီပရက်စ်ကို ချီးကျူးခဲ့ကာ အစိုးရကို အလျင်အမြန်ဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • ချီလီငလျင်ကြောင့် အိုးအိမ်မဲ့သူ ၉၀၀၀ ခန့်ရှိ

    ချီလီငလျင်ကြောင့် အိုးအိမ်မဲ့သူ ၉၀၀၀ ခန့်ရှိ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    chili

    – ပြီးခဲ့သည့်တစ်ပတ်က လှုပ်ခတ်ခဲ့သော ချီလီငလျင်ကြောင့် နေအိမ်ဆုံးရှုံးရသူများမှာ ၉၀၀၀ အထိ ရှိလာခဲ့ပြီး ကနဦး တွက်ချက်ထားမှုထက် အံအားသင့်စွာ ပိုမိုများပြားခဲ့သည်ဟု သိရသည်။

    စောစောပိုင်းတွင် ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ အရေအတွက်မှာ ၃၅၀၀ ၀န်းကျင်ခန့်သာ ရှိသည်ဟု တွက်ချက်ထားခဲ့သော်လည်း အင်အား ၈.၃ မဂ္ဂနီကျုရှိသော အဆိုပါငလျင်၏ ဗဟိုချက်ဖြစ်သော ဝေလံခေါင်ဖျားသည့် ကိုကွင်မ်ဘိုဒေသမှ မြို့များသို့ တာဝန်ရှိသူများက သွားရောက် စာရင်းကောက်ယူခဲ့ပြီးနောက် ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့်အချိန်တွင် ထိုကဲ့သို့ အရေအတွက် များပြားလာခြင်းဖြစ်သည်။

    စစ်သားများပါဝင်သည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများမှာ ကမ်းရိုးတန်းမြို့ဖြစ်သည့် ကိုကွင်မ်ဘိုတွင် ရှင်းလင်းမှုများ ပြုလုပ်နေသည်။ မြို့တော်ဆန်တီယာဂိုမြောက်ပိုင်း ကီလိုမီတာ ၂၆၀ အကွာရှိ ထိုမြို့တွင် ငလျင်ကြောင့် နေအိမ်များ ပြိုကျမှုရှိခဲ့သလို၊ ငလျင်အပြီး ဖြစ်လာသည့် ဆူနာမီလှိုင်းများကြောင့်လည်း ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။

    ရှင်းလင်းရေးလုပ်ငန်းများမှာ ယမန်နေ့ကအထိ ၂၅ ရာခိုင်နှုန်းသာ ပြီးဆုံးသေးသည်ဟု ပြည်သူ့ရေးရာ ၀န်ကြီး အလ်ဘာတို အန်ဒူရာဂါက ပြောကြားခဲ့သည်။ အမျိုးသား အရေးပေါ်ဌာနကမူ ငလျင်ကြောင့် နေအိမ်ပေါင်း ၆၄၇ လုံး ပျက်ဆီးခဲ့ပြီး မိသားစု ၁၁၈၃ စုမှာ လျှပ်စစ်မီးမရဘဲ ကျန် ၂၄၀၀ မှာ သောက်သုံးရေ မရရှိဟု ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    စက်တင်ဘာ ၁၆ ရက်နေ့က ချီလီနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လှုပ်ခတ်ခဲ့သော ထိုငလျင်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေသည်။ ထိုငလျင်မှာ ချီလီနိုင်ငံသမိုင်းတွင် ဆဌမမြောက် အင်အားအပြင်းဆုံး ငလျင်လည်းဖြစ်ပြီး၊ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ငလျင်များတွင် အပြင်းထန်ဆုံးလည်း ဖြစ်သည်။

    Ref: PressTV

  • ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

    ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    syria

    – အမေရိကန်မှာ ဒုက္ခသည်များအား လက်ခံမှုအရေအတွက်ကို လာမည့် ၂ နှစ်အတွင်း တစ်နှစ်လျှင် ၁၅၀၀၀ စီ တိုးမြှင့်လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ရောက်ပါက တစ်နှစ်လျှင် စုစုပေါင်း တစ်သိန်းအထိ လက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

    အမေရိကန်မှာ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်ပေါင်း ၇၀၀၀၀ ကို လက်ခံနေကြ ဖြစ်သော်လည်း လာမည့်နှစ်တွင် စုစုပေါင်း ၈၅၀၀၀ ကို လက်ခံသွားမည်ဟု ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအကြောင်းကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့်က် ဝေါလ်တာ စတိုင်မီယာနှင့် ယမန်နေ့က ဆွေးနွေးမှုအတွင်း ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ထပ်တိုးခေါ်ယူမည့် ဒုက္ခသည်များတွင် အများစုမှာ ဆီးရီးယားမှ ဖြစ်ပြီး၊ ကျန်သူများမှာ ပဋိပက္ခများ ဖြစ်ပွားနေသော အာဖရိကနိုင်ငံများ ဖြစ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကမူ မိမိတို့အနေဖြင့် လာမည့် တစ်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် တစ်သောင်းခန့်ကို ခေါ်ယူမည်ဟု စောစောပိုင်းက ကြေငြာထားသည်။

    ဂျွန်ကယ်ရီက ထပ်တိုးခေါ်ယူမည့် ဒုက္ခသည် ၁၅၀၀၀ တွင် ဆီးရီးယားမှ အရေအတွက် မည်မျှ လက်ခံမည်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိချေ။ သို့သော်လည်း အမေရိကန်အနေဖြင့် ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

    “ကွန်ဂရက်နဲ့ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးပြီး အဲဒီ ဒုက္ခသည်တွေကို တိုးမြှင့်လက်ခံဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ပြီး လုံခြုံရေးကိုလည်း တောင့်တင်းအောင် ဆောင်ရွက်သွားမှာပါ။ လိုအပ်ချက်က ကြီးမားတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဂျွန်ကယ်ရီက စတိုင်မီယာနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ အဖြေရရန် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရေး ယခုသီတင်းပတ်တွင် နယူးယောက်၌ ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သီးသန့် ဆွေးနွေးသွားမည်ဟု ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera