News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၀၁၅)

    စက်တင်ဘာ ၂၀၁၅
    M-Media

    အီဂျစ်လုံခြုံရေးတပ်ဖွဲ့၏ မှားယွင်းပစ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်များ သေဆုံး
    ……………………………………
    အီဂျစ်နိုင်ငံအနောက်ပိုင်းရှိ သဲကန္တာရတစ်ခုတွင် စစ်သွေးကြွများအား ရှာဖွေနေစဉ် လုံခြုံရေးတပ်ဖွဲ့များက ကမ္ဘာလှည့်ခရီးသွား အုပ်စုအား မှားယွင်း ပစ်ခတ်မှုကြောင့် မက္ကဆီကိုနိုင်ငံသား ၈ ဦးနှင့် အီဂျစ်နိုင်ငံသား ၄ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အခြား မက္ကဆီကိုနိုင်ငံသား ၈ ဦးနှင့် အီဂျစ် ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    တောမီးကြောင့် အင်ဒိုနီးရှား ပြည်နယ်တစ်ခု အရေးပေါ်အခြေအနေ ကြေငြာခဲ့ရ
    ……………………………………………
    တောမီးလောင်မှုကြောင့် ဖြစ်လာသော မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေသည့် ဆူမားတြားကျွန်းမှ ရီအူပြည်နယ်ကို အင်ဒိုနီးရှားအစိုးရက ယနေ့တွင် အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်။ တောမီးလောင်မှုမှာ ပြင်းထန်လာသောကြောင့် ရေပါသည့်ဗုံးများကြဲချရန်နှင့် ဓာတုဗေဒနည်းဖြင့် မိုးတိမ်တုဖန်တီးကာ မိုးရွာချရန် အင်ဒိုနီးရှားက ပြင်ဆင်နေသည်။ အဆိုပါတောမီးမှ မီးခိုးများမှာ အိမ်နီးချင်း မလေးရှားနှင့် စင်ကာပူတို့ကိုပါ ပြန့်နှံ့ခဲ့ပြီး စင်ကာပူတွင် ပြုလုပ်မည့် ဂရင်းပရီ ကားမောင်းပြိုင်ပွဲကိုပါ ထိခိုက်နိုင်ဖွယ် ရှိနေသည်။

    ဂျပန်စစ်သားများအတွက် ဥပဒေအသစ် ပြည်သူထက်ဝက်ကျော် ကန့်ကွက်
    ………………………………………
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအဖြစ် ဂျပန်စစ်တပ်များ နိုင်ငံရပ်ခြားတွင် သွားရောက်တိုက်ခိုက်မှုကို ခွင့်ပြုမည့် ဥပဒေကို ဂျပန်နိုင်ငံသား ထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့သည်ဟု ပြီးခဲ့သည့် နှစ်ရက်အတွင်း Asahi Shimbun သတင်းစာမှ စစ်တမ်းကောက်ယူမှုအရ သိရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ စက်တင်ဘာ ၂၇ ရက်နေ့တွင် အဆုံးသတ်မည့် ပါလီမန်အစည်းအဝေးအတွင်း အဆိုပါ ဥပဒေကို ပြဌာန်းချင်နေသည်။ မဲပေးမှုတွင် ပြည်သူများ၏ ၂၉ ရာခိုင်နှုန်းသာ ထောက်ခံခဲ့သည်။

    Ref: News Agencies

  • နီပေါအား ဟိန္ဒူနိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုချက်ကို လွှတ်တော် ပယ်ချ

    နီပေါအား ဟိန္ဒူနိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုချက်ကို လွှတ်တော် ပယ်ချ

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    nepal

    – ဟိမ၀န္တာ နိုင်ငံတစ်ခုဖြစ်သည့် နီပေါနိုင်ငံအား ဟိန္ဒူနိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ရေး အဆိုပြုချက်ကို နီပေါ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်များက ယနေ့တွင် ပယ်ချလိုက်ပြီး လွန်ခဲ့သည့် ၇ နှစ်က စတင်ခဲ့သည့် လောကီသီးသန့်နိုင်ငံအဖြစ် ပိုမိုခိုင်မာစေခဲ့သည်။

    နီပေါမှာ ၂၀၀၈ ခုနှစ် မေလက တိုင်းပြည်အား လောကီသီးသန့်နိုင်ငံအဖြစ် သတ်မှတ်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့သည်။ ယခုတွင်မူ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အခြေခံဥပဒေ၏ တစ်ပိုဒ်ချင်းစီကို သုံးသပ်ကာ ပြင်ဆင်အစားထိုးမှုများ ပြုလုပ်နေသည်။

    ထို့ကြောင့် ဘုရင်စနစ်လိုလားသော Rastriya Prajatantra Party-Nepal ပါတီ ဥက္ကဌ ကမာလ် သာပါနှင့် Rastriya Prajatantra ပါတီမှ အမ်ရစ်တ် အိုဟိုရာတို့က နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ လောကီသီးသန့်နိုင်ငံ သတ်မှတ်ထားမှုကို ဖယ်ရှားကာ ဟိန္ဒူနိုင်ငံအဖြစ် အစားထိုးရန် တောင်းဆိုခဲ့ကြသည်။

    ၎င်းတို့ ပါတီနှစ်ခု၏ အဆိုပြုချက်ကို လွှတ်တော်ဥက္ကဌ ဆူဘက်စ် ချန်ဒရာ နမ်ဘန်းက ပယ်ချခဲ့သောကြောင့် ကမာလ် သာပါက တိုင်းပြုပြည်ပြု လွှတ်တော်တွင် မဲခွဲရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မဲခွဲခြင်း ပြုရန်၊ မပြုရန် ကိစ္စကို ၆၀၁ ဦးသော လွှတ်တော်အမတ်များက ဆန္ဒပြုခဲ့ရာ မဲခွဲရန်ထောက်ခံသူမှာ ၂၁ ဦးသာ ရှိခဲ့သည်။ နီပေါ လွှတ်တော်၏ ဥပဒေရအတွက် ပါလီမန်အမတ်များမှ အနည်းဆုံး ၆၁ ဦးက ထောက်ခံမှသာ ထိုအဆိုပြုချက်အား မဲခွဲနိုင်မည်ဖြစ်သည်။

    နီပေါမှာ ဘုရင်စနစ်ကျင့်သုံးသည့်အချိန်က ရာစုနှစ်ပေါင်းများစွာ ဟိန္ဒူနိုင်ငံအဖြစ် ရှိခဲ့ပြီး ၂၀၀၆ ခုနှစ် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း လောကီသီးသန့်နိုင်ငံ ဖြစ်လာခဲ့သည်။

    Ref: northeasttoday

  • ကမ္ဘာ့ မွတ်စလင်များ ဘာလုပ်လေ့ မရှိဘူး ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားပေးပါ

    ကမ္ဘာ့ မွတ်စလင်များ ဘာလုပ်လေ့ မရှိဘူး ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားပေးပါ

    စက်တင်ဘာ ၁၄ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- မောင်သမာဓိ
    glass-half-full
    ရေတဝက်ရှိတဲ့ ဖန်ခွက်ကို ကြည့်ပြီး တယောက်က ရေ တဝက်ဘဲကျန်တော့တယ်လို့ ပြောချိန်မှာ ကျန် တယောက်က နောက် တဝက် ထပ်ထည့်လို့ ရသေးတယ်လို့ မြင်ကြည့်လို့ရပါတယ်။ တနည်းအားဖြင့် ပုဆိုးဝတ် သည် ဆိုသည်မှာ ပုဆိုးအတွင်းသို့ လူဝင်လိုက်ခြင်းပင် ဖြစ်သည်ဟု မြင်ကြည့်ပါ။

    လူတစ်ဦးကို လေ့လာမည်ဆိုလျှင် သူဘာလုပ်သည်ဆိုတာကိုသာ ဂရုပြုစောင့်ကြည့်လေ့ ရှိပြီး သူဘာ မလုပ်ပါ ဆိုတာကို ထည့် စဉ်းစားလေ့ မရှိကြပါ။ ထိုသို့သော လုံးဝ မလုပ်သည့် အလုပ်တစ်ခု၏ အကျိုးဆက်ကို ပိုလို့ ပင် ရှေ့ဆက် စဉ်းစားလေ့ မရှိတော့ပါ။
    ဝက်သားမစားခြင်းသည် ဝက်ကို ဘေးမဲ့ ပေးခြင်းဖြစ်သည်။

    အစ္စလာမ် ဘာသာဝင်များသည် ဘာသာရေး ပညတ်ချက်အရ ဝက်သားမစားခြင်းကို အစ္စလာမ် ဘာသာ သည် ဝက်သတ္တဝါကို အသက်ဘေးမှ  ထာဝရ ဘေးမဲ့ ပေးလိုက်သည်ဟု မည်သူမျှ မစဉ်းစားသလို အသိ အမှတ်လည်း မပြု၊ ချီးမွန်းထောပနာလည်း မပြုကြပါ။
    ဘေးမဲ့ ပေးရုံမျှမက အသက်ကိုပါ ကယ်ခိုင်းပါသေးသည်။

    ဝက်သတ္တဝါ၏ အသက်အန္တရာယ်ကို ထာဝရ ဘေးမဲ့ပေးထားကြောင်း သေချာတဲ့ အစ္စလာမ် ဘာသာ၏ ပြဌာန်းချက်များကို ဆက်လက်လေ့လာကြည့် စေချင်ပါသေးသည်။

    ဘုရားဝတ်ပြုနေစဉ် တိရိစ္ဆာန် တစ်ကောင် ရေတွင်းထဲသို့ ကျရောက်နေသည်ကို သိလျှင် ဝတ်ပြုမှုကို ခေတ္တ ရပ်တန့်၍ ထိုတိရိစ္ဆာန်သည် ဝက်တစ်ကောင်ပင်ဖြစ်လင့်ကစား ကယ်တင်ရမည်ဟု သင်ကြား ထားသည်။

    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရက်၊ လောင်းကစား၊ အပြာ လုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သားနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ ရယူခြင်းမျိုး ဆောင်ရွက်၍ မရဟု သတ်မှတ် ထားခြင်းဖြင့် မွတ်ဆလင် Society တွင် အကုသိုလ် နည်းအောင် အားထုတ်ထားသည်ကို သတိပြုလျှင်တွေ့နိုင်ပါသေးသည်။

    ထိုအခါ အစ္စလာမ်ဘာသာသည် ဝက်သတ္တဝါ၏ အသက်ကို ထာဝရ (လုံးဝ) ဘေးမဲ့ ပေးထားသကဲ့သို့ အခြား ဘာသာ အသီးသီးကလည်း တိရိစ္ဆာန် တစ်ကောင်ကောင်ကို မစားသုံးကြရန် (ဟာရမ်) အဖြစ် တားမြစ် ပေးခြင်းဖြင့် ထိုသတ္တဝါကို ထာဝရ ဘေးမဲ့ ပေးပြီး အသက်ကယ်မည်ဆိုလျှင် ကောင်းလေစွဟု မတွေးကြဘဲ လူမျိုးစုံ ဘာသာစုံက  အာဟာရ အဖြစ် စားသုံးရန် အမဲသားထုတ်လုပ်သော အမဲလိုင်စင်စီကို ပိတ်ခြင်းဖြင့် နွားများ၏ အသက်ကို ကယ်ကြ မည်ဆို သော အတွေးကိုယ်စီနှင့် လုပ်ဆောင်ချက်များသည် များမကြာမီ အချိန်က မြန်မာ ပြည်တွင် အသီး သီး  ခေတ်စား လာကြလေ၏။ တစ်စုံတစ်ဦး၏ လုပ်ရပ်များကို ကြည့်လေ့ ရှိသလို မလုပ်သည့် အရာများ ကိုလည်း ကြည့်သင့် သည်ဆိုသော သီအိုရီအရ ဝက် လိုင်စင်စီ၊ ကြက်သား ထုတ် လုပ်ရေး လိုင်စင်စီနှင့် မွေးမြူ ရေးနှင့် ရေလုပ်ငန်း များကို အဘယ်ကြောင့် မပိတ်ကြ သနည်း ဆိုသည့် မေးခွန်းများလည်း အစီ အရီ ထွက်ပေါ်လာကြပါသည်။

    ထို့အတူ အလ္လာအရှင်မြတ်သည် အစ္စလာမ် ဘာသာဝင်များ အတွက် မစားရ (ဟာရမ်) ဟု သတ်မှတ် ပြဌာန်း ထားသော ဝက် သတ္တဝါ ကို ဖန်ဆင်းခြင်းအား အဘယ်ကြောင့် လုပ်ရတာလဲ၊ ဝက်သတ္တဝါ၏ အသက် ကို အဘယ်ကြောင့် ကယ်တင်စေရ တာလဲ ဆိုတဲ့ မေးခွန်း တွေကိုလည်း အမြဲ အမေးခံရလေ့ ရှိကြသည်။

    ဝက်ကို ဖန်ဆင်းခြင်းသည် စော၍ မွတ်ဆလင်များ မစားရဟု တားမြစ်မှုသည် နောက်ဆုံး တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်ရောက်မှ အမိန့်တော် ကျရောက် ခဲ့ခြင်းဖြစ်လေသည်။

    မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များ အပါအဝင် လေငန်း ဝေဒနာရှင်များကို ကုသရာတွင် သုံး သော အကြောတွင်း ထိုးဆေး Cerebrolysin (porcine brain-derived peptide) သည် ဝက်၏ ဦးနှောက်မှ ထုတ်လုပ် ထားခြင်း ဖြစ်သည်။
    ဆေးပညာ သင်ကြားရာတွင် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laproscopic surgery) နှင့် ဒဏ်ရာများကို ပြန်ချုပ်ခြင်း (Suture) တို့ကို ဝက်၏  ခန္ဓာကိုယ် (Pig Carcass) တွင် လေ့ကျင့်ကြရပါသည်။

    အကယ်၍ လိုအပ်ပါက အစ္စလာမ် ဘာသာဝင် တစ်ဦးသည် အသက်အန္တရာ ယ် ကြုံလာလို့ ရွေးချယ်စရာ မရှိရင် ဝက်၏ အသည်းဖြင့် အစားထိုး ကုသခြင်း (Liver Transplant) ကို ခံယူခွင့်ရှိပါသည်။ ဤ အကြောင်းအရာများမှာ ကျွန်ုပ်တို့ ဥာဏ်   မှီသော အလ္လာ အရှင်မြတ်မှ ဝက် သတ္တဝါ ကို ဖန်ဆင်းထားသည့် အကြောင်းရင်းများ ဖြစ်ပါသည်။

    အစ္စလာမ်သည် အခြား သတ္တဝါ များစွာကိုလည်း ဘေးမဲ့ ပေးထားပါသေးသည်။

    အစ္စလာမ်ဘာသာသည် ဝက်တစ်ကောင်တည်း၏ အသက်ကိုသာ ဘေးမဲ့ပေးထားခြင်း မဟုတ်ပါ၊ ရေသတ္တဝါများတွင် ငါး တစ်မျိုးတည်းကို စားသုံးကြရန် ခွင့်ပြုထားပြီး ဖါး၊ လိပ်၊ မိကျောင်း၊ ငါးမန်းနှင့် ငါးရှဥ့် စသည် တို့ကို မစားသုံးကြရန် တားမြစ်ခြင်းဖြင့် မြစ်ချောင်း အင်းအိုင်းနှင့် ပင်လယ်ပြင် တို့၏ သဘာဝကို ထိန်းသိမ်း ထားပါသေးသည်။

    ထို့အပြင် အင်း ဆက် ပိုးကောင် မျိုးမျိုး၊ မြည်း၊ လား၊ ခွေး၊ ဝံပလွေ၊ ကျား၊ ခြင်္သေ့၊ မြွေနှင့် ကြွက်တို့ အပြင် အစားအစာကို ခြေ ထောက်ဖြင့် နင်း၍၊ ကုပ်ယူ၍ စားသောက်သော စွန်၊ လင်းယုန်၊ သိမ်းငှက်နှင့် ဠင်းတ တို့၏ အသားကို မစား သုံးရန် (ဟရမ်) အဖြစ် တားမြစ် ထားခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် (Natural Enviroment) နှင့် ဂေဟစနစ် (Ecosystem) ကို ထိန်းသိမ်း ထားသလို ထိုသတ္တဝါများ၏ အသက်  များကို ထာဝရ ဘေးမဲ့ ပေးထားပါသေး ကြောင်း တင်ပြလိုက်ရပါသည်။

    မောင်သမာဓိ

  • ဥရောပသို့ လူကုန်ကူးသူများကို စစ်ရေးဖြင့် တစ်ဆင့်တက် နှိမ်နင်းတော့မည်

    ဥရောပသို့ လူကုန်ကူးသူများကို စစ်ရေးဖြင့် တစ်ဆင့်တက် နှိမ်နင်းတော့မည်

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    – မြေထဲပင်လယ်အတွင်း လူကုန်ကူးသူများအား စစ်ရေးအရ အရေးယူခြင်း ဒုတိယအဆင့် တိုးမြှင့်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက အတည်ပြုလိုက်ပြီဟု AFP သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    ပြောင်းရွှေ့အခြေချသူများအား တရားမ၀င် ပို့ဆောင်သူ သို့မဟုတ် လူကုန်ကူးသူများ အသုံးပြုနေသော၊ သို့မဟုတ် အသုံးပြုနေသည်ဟု သံသယရှိသော သင်္ဘောများနှင့် အထောက်အပံ့ပစ္စည်များကို ရှာဖွေ၊ ဖမ်းဆီး၊ ဖယ်ရှားရန်အတွက် ဥရောပမှာ ဇွန်လအတွင်းက “မြေထဲပင်လယ်ဒေသ ဥရောပရေတပ်” EUNAVFOR Med ကို စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

    ယခုကဲ့သို့ ဒုတိယအဆင့်ကို အတည်ပြုခဲ့ခြင်းအတွက် အဆိုပါရေတပ်မှာ မြေထဲပင်လယ်အတွင်းရှိ သံသယရှိသော သင်္ဘောများကို ရပ်တန့်ခွင့် ရမည်ဖြစ်ပြီး လိုအပ်ပါက ပြောင်းရွှေ့ အခြေချသူများအား တရားမ၀င် သယ်ဆောင်လေ့ရှိသော သင်္ဘောများကို ဖျက်ဆီးခွင့်ရမည်ဖြစ်သည်။

    အာဏာပိုင်များကလည်း စစ်ဖြစ်ပွားနေသော လစ်ဗျားရှိ လူကုန်ကူးကွန်ယက်များကို ဖြိုခွဲရန်အတွက် ၎င်းတို့၏ သင်္ဘောများအား ရှာဖွေဖျက်ဆီးခြင်းကို ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်သည်။

    ဒုတိယအဆင့် စစ်ဆင်ရေး လုပ်ငန်းအသစ် ဆောင်ရွက်ရန်အတွက် အခြေအနေများအားလုံး ပြည့်မီနေပြီဟု ဥရောပ သံတမန်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ယနေ့တွင် အတည်ပြုလိုက်သည့် အဆိုပါအဆင့်ကို နိုင်ငံတကာရေပိုင်နက်တွင် ဆောင်ရွက်ခွင့်ရမည် မဟုတ်ချေ။

    စစ်ရေးအရ အရေးယူမှု တတိယအဆင့်တွင် လစ်ဗျားနိုင်ငံ၏ ရေပိုင်နက်အတွင်းသို့ ၀င်ရောက်၍ လူကုန်ကူးသူများကို နှိမ်နင်းခြင်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ ပင်လယ်ထဲသို့ သင်္ဘောများ မောင်းမထွက်ခင်အချိန်တွင် ထိုသင်္ဘောများအား ဖျက်ဆီးရန်နှင့် လူကုန်ကူးကွန်ယက်များကို ဖြိုခွဲရန် ရည်ရွယ်ခြင်းဖြစ်သည်။

    နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ IOM ကမူ ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ ၀င်ရောက်လာကြသူများ အရေအတွက်မှာ စံချိန်တင် မြင့်မားခဲ့ပြီး ၄ သိန်းကျော်ရှိခဲ့ကာ ၂၀၁၄ ခုနှစ်က အရေအတွက်ထက် ၂ ဆ ကျော် မြင့်မားနေသည်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • အာဖဂန်ရှိ အကျဉ်းထောင်ကို တာလီဘန်များက ၀င်ရောက်စီးနင်း

    အာဖဂန်ရှိ အကျဉ်းထောင်ကို တာလီဘန်များက ၀င်ရောက်စီးနင်း

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    taliban

    – အာဖန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂါဇ်နီမြို့ရှိ အကျဉ်းထောင်တစ်ခုကို တာလီဘန်များက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် အကျဉ်းထောင်တာဝန်ရှိသူ ၃ ဦး သေဆုံးခဲ့ပြီး အကျဉ်းသား အမြောက်အများ လွတ်မြောက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဒေသစံတော်ချိန် ယနေ့ နံနက်စောစော ၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာလီဘန်များမှာ စစ်ဝတ်စုံများ ၀တ်ထားကာ အကျဉ်းထောင်၏ ဂိတ်ဝ၌ ကားဗုံးခွဲ၍ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြယ်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက်အလီ အဟ်မာဒီက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အာရ်ပီဂျီ လောင်ချာများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနကမူ ထိုအကျဉ်းထောင်ရှိ အကျဉ်းသား ၄၃၆ ဦးအနက် ၃၅၅ ဦး လွတ်မြောက်သွားခဲ့ပြီး အများစုမှာ အမျိုးသားလုံခြုံရေး ရာဇ၀တ်မှုနှင့် အခြားသော ရာဇ၀တ်မှုများဖြင့် ထောင်ကျနေသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မူဂျာဟစ်ဒ်ကမူ ထိုတိုက်ခိုက်မှုကို မိမိတို့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုကာ လွတ်မြောက်သွားသည့် အကျဉ်းသားများကို ၎င်းတို့က ခေါ်ဆောင်သွားသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်ကလည်း ကန်ဒါဟာပြည်နယ်ရှိ အကျဉ်းထောင် ဖောက်ပြေးမှုတွင် တာလီဘန် တိုက်ခိုက်ရေးသမား ၅၀၀ နီးပါး လွတ်မြောက်သွားခဲ့ပြီး အစိုးရတာဝန်ရှိသူများက ထိုအဖြစ်အပျက်ကို လုံခြုံရေး ဘေးအန္တရာယ်ကျရောက်ခြင်းဟု ခေါ်ဆိုခဲ့သည်။

    ခေါင်းဆောင် မွလ္လာဟ်အိုမာ သေဆုံးသွားပြီးနောက် ခေါင်းဆောင်သစ်တင်မြှောက်မှုတွင် တာလီဘန်အဖွဲ့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း ယခုနောက်ပိုင်းတွင် ၎င်းတို့မှာ တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

    Ref: Aljazeera