News @ M-Media

Facebook ၏ Dislike မကြာမီလာမည်

စက်တင်ဘာ ၁၆၊ ၂၀၁၅
M-Media

face book

– အသုံးပြုသူများအနေဖြင့် ပို့စ်များတွင် ၎င်းတို့၏ စာနာနားလည်မှုကို ဖော်ပြနိုင်မည့် Dislike ကို မကြာမီ ထည့်သွင်းပေးသွားမည်ဟု Facebook ကို တည်ထောင်သူနှင့် အမှုဆောင်အကြီးအကဲဖြစ်သူ မာ့ခ် ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။

ယမန်နေ့က Facebook ရုံးချုပ်တည်ရှိရာ ကယ်လီဖိုးနီးယားရှိ မီလိုပန်းခြံတွင် ပြုလုပ်သော အမေးအဖြေကဏ္ဍ၌ ဇူကာဘာ့ဂ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အချို့သော ပို့စ်များ- ဥပမာ ၀မ်းနည်းစရာကောင်းသည့် ပို့စ်များအတွက် အသုံးပြုသူများက စာနာကြောင်း ဖော်ပြလိုသည့်အခါတွင် Like မှာ သင့်လျော်မှုမရှိဟု ၀န်ခံပြောကြားခဲ့သည်။

Facebook အသုံးပြုသူများကလည်း Dislike ကို ထည့်သွင်းပေးရန် နှစ်အနည်းငယ်ကတည်းက တောင်းဆိုခဲ့သည်ဟု အွန်လိုင်းမှ ဗီဒီယိုဖြင့် တိုက်ရိုက်ပြုလုပ်သည့် အဆိုပါ အမေးအဖြေတွင် ဇူကာဘာ့ဂ်က ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း အခြားသူ၏ ပို့စ်များအား ဆန့်ကျင်ရာတွင် အသုံးပြုလာနိုင်သည့် အဆိုပါ Dislike ကို ထည့်သွင်းရန် မိမိတို့ကုမ္ပဏီမှာ စိတ်မ၀င်စားခဲ့ဟု ဆိုသည်။

“လူရာပေါင်းများစွာက ဒါနဲ့ပတ်သက်ပြီး တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီနေ့ဟာ အထူးစပါယ်ရှယ်နေ့ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ဒါကို ဆောင်ရွက်နေပြီဆိုတာ တကယ်ပြောရမှာ မို့လို့ပါပဲ။ ပြီးတော့ ဒါကို စမ်းသပ်အသုံးပြုခွင့်ပေးဖို့ တော်တော်လေး နီးစပ်နေပါပြီ” ဟု ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။

အဆိုပါ Dislike ကို မကြာမီ စမ်းသပ်သွားမည်ဖြစ်ပြီး မည်မျှ အရာရောက်သည့်အပေါ် မူတည်၍ ထည့်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ Facebook မှာ လက်ရှိ အသုံးပြုနေသည့် Like ကို ၂၀၀၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

Ref: Aljazeera

Comments

Leave a Reply