News @ M-Media

Blog

  • ဒုက္ခသည်များအား ကန်ကျောက်ခဲ့သူ ဟန်ဂေရီ ရုပ်သံဝန်ထမ်းတစ်ဦးကို ဌာနက အလုပ်ထုတ်ပယ်

    ဒုက္ခသည်များအား ကန်ကျောက်ခဲ့သူ ဟန်ဂေရီ ရုပ်သံဝန်ထမ်းတစ်ဦးကို ဌာနက အလုပ်ထုတ်ပယ်

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    – ကလေးငယ်အား ချီပိုးထားသည့် အမျိုးသားတစ်ဦးပါအ၀င် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရမှု မရှိစေရန် ထွက်ပြေးသည့် ဒုက္ခသည်များကို ခြေဖြင့်ကန်ကျောက်ခြင်း၊ ခြေထိုးခြင်းများ ပြုလုပ်ခဲ့သည့် ဟန်ဂေရီရုပ်သံဌာနမှ ဗွီဒီယိုရိုက်သူ အမျိုးသမီးကို အဆိုပါရုပ်သံဌာနက ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    N1TV ရုပ်သံဌာမှ ၀န်ထမ်းအမျိုးသမီးဖြစ်ပြီး ဆာဘီးယားနှင့်နီးသည့် ဟန်ဂေရီနယ်စပ်တွင် ဆီးရီးယားမှ အများစုပါဝင်သည့် ရာနှင့်ချီသော ဒုက္ခသည်များမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမှ ထွက်ပြေးစဉ် ၎င်းက မိန်းကလေးငယ်တစ်ဦးကို ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။

    ထို့ပြင် ကလေးငယ်ကို ချီထားသည့် အမျိုးသားတစ်ဦး ထွက်ပြေးလာရာတွင်လည်း ၎င်းက ခြေထိုးခံခဲ့သောကြောင့် ထိုအမျိုးသားနှင့် ကလေး နှစ်ဦးစလုံးမှာ မှောက်လျက် ပြုတ်ကျသွားခဲ့သည်။ ၎င်း၏ ထိုလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပြီး ဝေဖန်မှုပြစ်တင်မှုများလည်း ရှိခဲ့သည်။

    “N1TV ရဲ့ ၀န်ထမ်းတစ်ယောက်ဟာ ရော့စ်ကီ စစ်ဆေးရေးဂိတ်မှာ လက်မခံနိုင်စရာ အပြုအမူကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီ ဗွီဒီယိုရိုက်သူ အမျိုးသမီးနဲ့ စာချုပ်ကို ဒီနေ့ ချက်ခြင်းပဲ ဖျက်သိမ်းခဲ့ပါတယ်” ဟု N1TV ရုပ်သံက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    အဆိုပါရုပ်သံ၏ အယ်ဒီတာချုပ်ဖြစ်သူ ဇာဘော့လ် ကစ်ဘာ့ဂ်ကလည်း “ဒီအခြေအနေမှာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါဘယ်လိုဖြစ်ရလဲဆိုတာ နားမလည်ပါဘူး။ တုန်လှုပ်စရာကောင်းပြီး လက်မခံနိုင်စရာပါပဲ” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဟန်ဂေရီသတင်းဝဘ်ဆိုက် 444.hu ကမူ အဆိုပါ ရုပ်သံရိုက်ကူးသူ အမျိုးသမီးမှာ ပီထရာ လက်စ်ဇ်လိုဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဟန်ဂေရီအစိုးရမှာ ဒုက္ခသည်များနှင့်ပတ်သက်၍ တင်းမာသည့်သဘောထားရှိပြီး ဒုက္ခသည်များအား လက်ခံရန် လုံးဝငြင်းဆိုထားသည်။

    Ref: Reuters

  • ဘန်ကောက်နတ်ကွန်းပေါက်ကွဲမှု အဓိကကြိုးကိုင်သူ နိုင်ငံအတွင်း မရှိတော့

    ဘန်ကောက်နတ်ကွန်းပေါက်ကွဲမှု အဓိကကြိုးကိုင်သူ နိုင်ငံအတွင်း မရှိတော့

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    thai

    – ပြီးခဲ့သည့်လက ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုတွင် အဓိကကြိုးကိုင်သူမှာ ပေါက်ကွဲမှုမဖြစ်ခင်တွင် နိုင်ငံမှ ထွက်ပြေးသွားပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် အခြားသူများမှာလည်း နိုင်ငံရပ်ခြားတွင်ပင် ဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများ၏ ရင်းမြစ်များမှ သိရသည်။

    အဆိုပါဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသား ၂ ဦးထဲမှ တစ်ဦးမှာ ရဲတပ်ဖွဲ့၏ စစ်ကြောမေးမြန်းမှုအတွင်း ဘန်ကောက်ရှိ ဘူတာရုံတစ်ခု၌ အခင်းဖြစ်သည့် သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် အဓိကတရားခံကို ဗုံးပါသည့် ကျောပိုးအိတ် ပေးခဲ့သည်ဟု ၀န်ခံခဲ့သည်။

    ရဲတပ်ဖွဲ့မူ အဓိကတရားခံမှာ လုံခြုံရေးကင်မရာ၌ ဗုံးပါသည့်ကျောပိုးအိတ် ချထားသည်ကို မြင်ရသည့် အင်္ကျီအ၀ါရောင်နှင့် အမျိုးသား ဖြစ်ရမည်ဟု ယုံကြည်နေသည်။ အဆိုပါ ဗုံးကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၃၀ ဒဏ်ရာရရှိခဲ့သည်။

    “သံသယူရှိသူကတော့ အိတ်ထဲမှာ ဘာပါလဲဆိုတာ မသိဘူးလို့ အခိုင်အမာပြောပါတယ်” ဟု စုံစမ်းစစ်ဆေးမှုတွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။

    အခြားရဲတပ်ဖွဲ့ ရင်းမြစ်တစ်ခုကမူ စစ်ကြောမှုတွင် အဆိုပါအမျိုးသားမှာ ပေါက်ကွဲမှုအား ခေါင်းဆောင်သူမှာ အီဇန်ဆိုသူဖြစ်ပြီး အခင်းမဖြစ်ပွားခင် တစ်ရက်က ဘန်ကောက်လေဆိပ်မှ ထွက်ခွာသွားသည်ဟု ပြောကြားခဲ့သည်။ ထို အီဇန်ဆိုသူမှာ ဖောက်ခွဲမှုတွင် ပါဝင်သူများအား တွေ့ဆုံခဲ့ပြီး တာဝန်အသီးသီး သတ်မှတ်ပေးခဲ့သည်ဟု ဆိုသည်။

    “သူ့ရဲ့ထွက်ဆိုချက်ကနေ အီဇန်ဟာ အဓိကကြိုးကိုင်သူလို့ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ဒါပေမယ့် သူကတော့ နိုင်ငံအတွင်းမှာ မရှိတော့ပါဘူး။ နောက်ပြီး ကျွန်တော်တို့ ဖမ်းဝရမ်းထုတ်ထားတဲ့ အခြားသူတွေကလည်း နိုင်ငံခြားရပ်ခြားကို ထွက်သွားခဲ့တဲ့ ပုံစံပါပဲ” ဟု အဆိုပါ ရဲရင်းမြစ်က ပြောကြားခဲ့ပြီး မည်သည့်နိုင်ငံသားဖြစ်သည်ဆိုသည်နှင့် မည်သည့်နေရာကို သွားသည်ဆိုသည်ကို ပြောကြားခဲ့ခြင်း မရှိပေ။

    ရဲတပ်ဖွဲ့မှ ရင်းမြစ် ၃ ခုကမူ ၎င်းတို့မှာ မီဒီယာသို့ စကားပြောခွင့်မရှိဟုဆိုကာ ထိုသတင်းအား အတည်ပြုရန် ငြင်းဆိုခဲ့သည်။ နိုင်ငံ၏သမိုင်းတွင် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်သော ထိုကိစ္စကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့အား ဝေဖန်မှုများ ရှိနေသည်။

    Ref: channelnewsasia

  • ဘာတိုနှင့်ပွဲမှာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟု မေ၀ယ်သာ ထပ်မံအတည်ပြု

    ဘာတိုနှင့်ပွဲမှာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟု မေ၀ယ်သာ ထပ်မံအတည်ပြု

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    may

    – အန်ဒရေဘာတိုနှင့်ပွဲအပြီးတွင် မိမိအနေဖြင့် လက်ဝှေ့လောကမှ အမှန်တကယ် အနားယူသွားမည်ဖြစ်ပြီး၊ မိမိ မရှိပါက ပက်ကွီအိုမှာ ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန် လက်ဝှေ့ကျော် မေ၀ယ်သာက ပြောကြားလိုက်သည်။

    မေ၀ယ်သာမှာ ၎င်း၏ ၄၉ ပွဲမြောက်ပွဲအဖြစ် အန်ဒရေဘာတိုနှင့် စက်တင်ဘာ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်ရှိ MGM Grand Garden Arena ၌ ထိုးသတ်သွားမည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်မည်ဟု ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့် ပွဲအပြီးနောက် ပြောကြားခဲ့သည်။

    သို့သော်လည်း ပြိုင်ဘက်များက မေ၀ယ်သာနှင့် ထိုးသတ်ချင်သည့် ဆန္ဒရှိနေပြီး မေ၀ယ်သာမှာ လက်ဝှေ့လောကတွင် ထပ်မံ ရှိနေဦးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ မေ၀ယ်သာကမူ ယမန်နေ့က MGM Grand Garden Arena သို့ ရောက်လာသည့်အချိန်တွင် ဘာတိုနှင့်ပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်သည်ဟု ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

    ၎င်း လက်ဝှေ့လောကမှ အနားယူသွားပြီးနောက် မည်သူက အကောင်းဆုံးလက်ဝှေ့သမား ဖြစ်မလဲဟု မေးမြန်းခဲ့ရာ မေ၀ယ်သာက အနည်းငယ်စဉ်းစား၍ ပက်ကွီအိုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပက်ကွီအိုကို ဖယ်ထားလို့မရပါဘူး။ သူက ကြီးကျယ်တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ သူဟာ ကမ္ဘာ့ချန်ပီယံတစ်ယောက်လည်းဖြစ်ပြီး ကျွန်တော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်ပါပဲ။ ကျွန်တော် အနားယူသွားတဲ့အခါ သူဟာ အကောင်းဆုံးအဖြစ် ကျန်နေမှာပါ။ တစ်ခြားလူတွေကတော့ ကျွန်တော်တို့နောက်မှာဘဲ ရှိနေမှာပါ။ ပြီးတော့ တော်တော်ကောင်းတဲ့ လူငယ် လက်ဝှေ့သမားတွေ
    ရှိနေပါသေးတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ကတော့ မလွယ်ပါဘူး” ဟု မေ၀ယ်သာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • ယူအက်စ်အိုးပင်း လက်ရှိချန်ပီယံ စီလစ် ဆီးမီးတက်၊ အမဖြစ်သူကို အနိုင်ယူကာ ဆရီနာ ကွာတားသို့ ရောက်ရှိ

    ယူအက်စ်အိုးပင်း လက်ရှိချန်ပီယံ စီလစ် ဆီးမီးတက်၊ အမဖြစ်သူကို အနိုင်ယူကာ ဆရီနာ ကွာတားသို့ ရောက်ရှိ

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    cilic

    – ယူအက်စ်အိုးပင်း လက်ရှိချန်ပီယံ မာရင် စီလစ်မှာ ကွာတားဖိုင်နယ်တွင် ဂျိုး ၀ီလ်ဖရိုင်း ဆွန်ဂါအား အနိုင်ရရှိခဲ့ပြီး ချန်ပီယံဘွဲ့အား ဆက်လက်ထိန်းသိမ်းရေးအိပ်မက် အကောင်အထည်ပေါ်ရန် နီးစပ်လာခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲငယ် ၅ ပွဲအထိ ရောက်ရှိခဲ့ကာ ၄ နာရီနီးပါး ကြာမြင့်ခဲ့သည်။ ခရိုအေးရှား တင်းနစ်သမား စီလစ်မှာ ပထမနှင့် ဒုတိယပွဲငယ်တွင် ဆွန်ဂါအား ၆-၄၊ ၆-၄ ဖြင့် အလွယ်တကူ အနိုင်ရှိခဲ့သော်လည်း တတိယပွဲငယ်မှစ၍ ဆွန်ဂါက အကောင်းဆုံးလက်စွမ်း ပြသနိုင်ခဲ့ပြီး ရိုက်ချက်အလွန်ပြင်းသော စပေးဘောများနှင့်အတူ စီလစ်အား ၆-၃၊ ၇-၆ ဖြင့် တတိယနှင့် စတုတ္ထပွဲငယ်တို့တွင် အနိုင်ရရှိခဲ့သည်။

    “ကြီးမားတဲ့ စိတ်ဓာတ်ဆင်ရေး တိုက်ပွဲကြီးပါပဲ။ အထူးသဖြင့် စတုတ္ထပွဲငယ် ရှုံးသွားပြီးတဲ့ အခါမှာပေါ့” ဟု စီလစ်က ပြောကြားခဲ့သည်။

    ထို့ကြောင့် အဆုံးအဖြတ်ဖြစ်သည့် ပဉ္စမပွဲငယ်သို့ ရောက်ခဲ့ပြီး အစပိုင်းတွင် ဆွန်ဂါက အသာရခဲ့သော်လည်း စီလစ်က အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သောကြောင့် ၆-၄ ဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    “ဂျိုးဟာ အံ့သြစရာကောင်းတဲ့ ရိုက်ချက်တွေနဲ့ ပြန်လာခဲ့တာပါ” ဟု စီလစ်က ပြိုင်ဘက်အား ချီးကျူးခဲ့သည်။

    ဆီးမီးဖိုင်နယ်တွင် စီလစ်မှာ ကမ္ဘာ့နံပါတ် ၁ နိုဗက်ဂျိုကိုဗစ်နှင့် စပိန်တင်းနစ်သမား ဖီလီစီယာနို လိုပက်ဇ်တို့၏ ပွဲမှ အနိုင်ရသူနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    seri

    ယူအက်စ်အိုးပင်း အမျိုးသမီးပြိုင်ပွဲ စတုတ္ထအဆင့်တွင် ဆရီနာဝီလီယံက အစ်မဖြစ်သူ ဗီးနပ်စ်ဝီလီယံအား ၆- ၂၊ ၁-၆၊ ၆-၃ ဖြင့် အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့ညီအမနှစ်ဦး တွေ့ဆုံမှုတွင် ဆရီနာက ၁၆ ပွဲအနိုင်ရရှိကာ ဗီးနပ်စ်က ၁၁ ပွဲအနိုင်ရရှိထားသည်။

    Ref: Dailymail

  • လက်စ်ဗီးဂက်စ်တွင် ဗြိတိန် ခရီးသည်တင်လေယာဉ်တစ်စီး မီးလောင်

    လက်စ်ဗီးဂက်စ်တွင် ဗြိတိန် ခရီးသည်တင်လေယာဉ်တစ်စီး မီးလောင်

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    – ဗြိတိသျှလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ယမန်နေ့က အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရှိ မက်ကာရန် လေဆိပ်တွင် မီးလောင်ကျွမ်းခဲ့ပြီး ခရီးသည် ၁၄ ဦးခန့် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ ဘိုးအင်း ၇၇၇ လေယာဉ်ဖြစ်ပြီး၊ ခရီးသည် ၁၅၉ ဦးနှင့် လေယာဉ်အမှုထမ်း ၁၃ ဦးတို့ လိုက်ပါလာကာ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်ခန့်၌ လန်ဒန်သို့ ပျံသန်းရန် ဆောင်ရွက်နေစဉ် ပြေးလမ်းမပေါ်၌ ဘယ်ဘက်အင်ဂျင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

    ကလာ့က်ကောင်တီ မီးသတ်ဌာနမှ ဒုတိယအကြီးအကဲ ဂျွန်ကလာဆန်ကမူ ဒဏ်ရာရသူများမှာ လေယာဉ်ပေါ်မှ အရေးပေါ် လေထိုးလျှောဖြင့် ဆင်းစဉ် ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒဏ်ရာရရှိသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ခရီးသည် ဂျေး ဂျန်နင်းကမူ လေယာဉ်ပျံသန်းရန် အဆင်သင့်ဖြစ်နေစဉ် ခပ်အုပ်အုပ်အသံတစ်ခု ကြားသောကြောင့် ပြတင်းပါက်ဖွင့်၍ ကြည့်ရှုခဲ့ရာ အင်ဂျင်မီးလောင်နေသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် လေယာဉ်မှူးက အရေးပေါ်အခြေအနေဖြစ်နေ၍ ခရီးသည်များအား ကယ်ထုတ်ရမည်ဟု စကားပြောစက်မှတစ်ဆင့် ပြောကြားခဲ့ပြီး လေယာဉ်အမှုထမ်းများက ခရီးသည်များအား ဘေးလွတ်ရာသို့ ရောက်ရှိရန် ညွှန်ကြားနိုင်ခဲ့သည်ဟု ဆိုသည်။

    ထိုအဖြစ်အပျက်အတွက် ဘိုးအင်းကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လက်စ်ဗီးဂက်စ်ရှိ မက်ကာရန်လေဆိပ်တွင် ဖြစ်ပျက်ခဲ့သော ထိုအဖြစ်အပျက်ကို မိမိတို့က သိရှိပြီး သတင်းအချက်အလက်များ ပိုမိုစုဆောင်းရန် အဖွဲ့တစ်ခုကို စေလွှတ်ထားကြောင်း ဖော်ပြခဲ့သည်။

    Ref: CNN