စက်တင်ဘာ ၁၁၊ ၂၀၁၅
M-Media
သီဟ
– Facebook မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ Facebook Page စီမံခန့်ခွဲနေသူများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဖန်တီးရာအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ဖန်တီးရာအဖွဲ့နှင့် Joosk တို့ ပူးပေါင်းပြုလုပ်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Facebook Team မှ တာဝန်ရှိသူ မီယာက Facebook Page ဖန်တီးထားသူများအတွက် လုံခြုံရေးပိုင်း၊ ပို့စ်တင်ခြင်းအပိုင်းနှင့် အသုံးဝင်သော tools များအကြောင်းကို ရှင်းပြခဲ့သည်။
လုံခြုံရေးပိုင်းတွင် မိမိဖန်တီးလိုက်သည့် Facebook Page လုံခြုံရေးအတွက် မလုပ်မဖြစ် လုပ်ဆောင်ရမည့်အရာများ၊ မိမိ၏ Page တိုက်ခိုက်ခိုးယူခံရပါက ဆောင်ရွက်ရမည့် အကြောင်းအရာများကို SlideShow နှင့်တကွ ရှင်းပြခဲ့သည်။
ပို့စ်တင်ခြင်း အပိုင်းတွင်လည်း မိမိလွှင့်တင်လိုက်သည့် ပို့စ်များ ဖတ်ရှုသူများထံ အလျင်အမြန် ရောက်စေနိုင်သည့် နည်းလမ်းများ၊ မှတ်ချက်များအား ထိန်းချုပ်မှု၊ မိမိ Page ကို အားပေးသည့် ပရိတ်သတ်အရေအတွက်အား ကြည့်ရှုခြင်း အကြောင်းတို့ ပါဝင်ပြီး နောက်ဆုံးပိုင်းတွင် Facebook Page မန်နေဂျာတစ်ယောက်အတွက် အသုံးဝင်နိုင်မည့် အခြား Tools များအကြောင်းကို ရှင်းပြခဲ့သည်။
နံနက် ၉ နာရီမှ စတင်ခဲ့သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို လူ ၄၀ နီးပါး တက်ရောက်ခဲ့ပြီး မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကာ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
Facebook Team မှာ နိုင်ငံ အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး အစိုးရ တာဝန်ရှိ သူများနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
Leave a Reply
You must be logged in to post a comment.