News @ M-Media

Blog

  • ဥရောပရောက် ဒုက္ခသည်များကို ကူညီရန် ခရစ်ယာန် ဘာသာရေးအသိုင်းအ၀ိုင်းကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဥရောပရောက် ဒုက္ခသည်များကို ကူညီရန် ခရစ်ယာန် ဘာသာရေးအသိုင်းအ၀ိုင်းကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    pope

    – ဥရောပတစ်ဝှမ်းရှိ ခရစ်ယာအသင်းတော် နယ်ပယ်၊ ဘာသာရေး အသိုင်းအ၀ိုင်း၊ ဘုရားကျောင်းများနှင့် ခိုလှုံခွင့်ပေးသော နေရာတိုင်း ဒုက္ခသည်မိသားစု တစ်စုဆီကို လက်ခံထားကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း ပြောကြားလိုက်သည်။

    ယမန်နေ့က စိန့်ပီတာရင်ပြင် မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဗာတီကန်အနေဖြင့် ဒုက္ခသည်မိသားစုနှစ်စုအတွက် တံခါးဖွင့်ထားသည်ဟု ဆိုသည်။ သို့သော်လည်း အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိချေ။

    “သတ္တိမွေးကြပါ။ ကြံ့ကြံ့ခံကြပါ” ဆိုသည့် စကားများကိုသာ ပြောခြင်းဖြင့် မလုံလောက်တော့ဘဲ၊ ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ “ဘ၀မျှော်လင့်ချက်” အတွက် လာရောက်ကြခြင်းဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

    ထို့ပြင် ဥရောပရှိ ကက်သလစ်အသင်းတော်နယ်ပယ်၊ သီလရှင်ကျောင်းနှင့် ခရစ်ယာန်ဘာသာရေး အသိုင်းအ၀ိုင်း တစ်ခုစီတိုင်းတွင် ဒုက္ခသည်မိသားစုတစ်စုစီကို လက်ခံထားပေးရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပြီး၊ ကက်သလစ်ဂိုဏ်းအုပ် ဘုန်းတော်ကြီးများကလည်း ၎င်းတို့၏ နေထိုင်ရာ နယ်ပယ်များတွင် ထိုသို့ လက်ခံထားရန် တောင်းဆိုခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး၏ အဆိုပါမှတ်ချက်များမှာ လွန်ခဲ့သည့် ၂ ရက်အတွင်း ဒုက္ခသည် ၈၀၀၀ ခန့် မြူးနစ်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ယမန်နေ့တွင် မြူးနစ်သို့ နောက်ထပ် ဒုက္ခသည် ၈၀၀၀ ထပ်မံရောက်ရှိမည်ဟု မျှော်လင့်ထားသည်။

    အဆိုပါဒုက္ခသည်များကို ဂျာမန်ပြည်သူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ချောကလက်များ၊ ငှက်ပျောသီးများ၊ ပေါင်မုန့်များကို ပေးအပ်ခဲ့ကြသည်။ ဒုက္ခသည်အများစုက ၎င်းတို့မှာ ဆီးရီးယား၊ အာဖဂန်နှင့် အီရတ်တို့တွင် ဖြစ်ပွားသာ စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၆၊ ၂၀၁၅)

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    ဆီနီဂေါတွင် ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစ်စီး ပျောက်ဆုံး
    …………………………..
    လူ ၇ ဦးတင်ဆောင်ကာ ဘာကီနာဖာဆိုမြို့တော် အော်ဂါဒူဂူသို့ ပျံသန်းသွားသည့် ဆီနီဂေါ ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစ်စင်းမှာ နိုင်ငံမြောက်ပိုင်းတွင် ယနေ့ည ဒေသစံတော်ချိန် ည ၇ နာရီ ၈ မိနစ်တွင် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်တွင် ပြင်သစ်လူနာတစ်ဦး၊ ဆရာဝန်တစ်ဦး၊ သူနာပြုနှစ်ဦးနှင့် လေယာဉ်အမှူထမ်း ၃ ဦးတို့ လိုက်ပါသွားကာ ဆီနီဂေါစစ်တပ်မှာ ရှာဖွေမှုများကို ပြုလုပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    တောင်ကိုရီးယား ငါးဖမ်းသင်္ဘောမှောက် ၁၀ ဦးသေဆုံး
    ………………………………..
    တောင်ကိုရီးယားနိုင်ငံတွင် စနေနေ့ညပိုင်းက ငါးဖမ်းသင်္ဘောတစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ငါးဖမ်းသင်္ဘောကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် ပြန်တွေ့ခဲ့ပြီး ၃ ဦးကို လေယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ အသက်ရှင်ဖွယ်ရှိနေသည်။ အဆိုပါ ငါးဖမ်းသင်္ဘောတွင် လူ ၂၁ ဦး လိုက်ပါသွားပြီး ၈ ယောက်ခန့် ပျောက်ဆုံးနေသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထိုင်းလွှတ်တော် ပယ်ချ

    ……………………………………..

    စစ်တပ်ကျောထောက်နောက်ခံပြု ထိုင်းဥပဒေပြုလွှတ်တော်မှာ အခြေခံဥပဒေမူကြမ်းကို ပယ်ချလိုက်ပြီး ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီသို့ ပြန်သွားရေး နှောင့်နှေးသွားပြီဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံမူကြမ်းကို လွှတ်တော်ရှိ အားလုံးနီးပါးက ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုဖွဲ့စည်းပုံ၏ အငြင်းပွားဖွယ်ရာအဖြစ်အဆုံး အချက်များတွင် စစ်သားများပါဝင်သည့် ၂၃ ဦးအဖွဲ့မှာ တိုင်းပြည် အကြပ်အတည်းဖြစ်နေချိန်တွင် ပါလီမန်အား ဖျက်သိမ်းကာ ၀န်ကြီးချုပ်ကို ဖြုတ်ချ၍ တိုင်းပြည်အား
    အုပ်ချုပ်ခွင့်ရှိသည်ဆိုသည့် အချက်လည်း ပါဝင်သည်။ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မပြဌာန်းမချင်း စစ်တပ်က တိုင်းပြည်အား အုပ်ချုပ်သွားမည်ဖြစ်သည်။

    Ref: News Agencies

  • မွတ်စလင်များ ကိုယ့်သမိုင်း ကိုယ်ရေးရမည်ဟု ISNA နှစ်ပတ်လည်ညီလာခံတွင် ပြော

    မွတ်စလင်များ ကိုယ့်သမိုင်း ကိုယ်ရေးရမည်ဟု ISNA နှစ်ပတ်လည်ညီလာခံတွင် ပြော

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    isna

    – မွတ်စလင်များအနေဖြင့် မိမိတို့ကိုယ်ကို ကိုယ်တိုင် အဓိပ္ပါယ်သတ်မှတ်ရန်နှင့် မိမိတို့လူ့အဖွဲ့အစည်း၏ ပုံရိပ်ကို ပြုပြင်ရေး စစ်မှန်သည့် ဖြစ်ရပ်သမိုင်းကြောင်းများကို ကိုယ်တိုင်ဖန်တီးတင်ပြရန် အရေးကြီးနေပြီဟု ချီကာဂိုမြို့တွင် ပြုလုပ်သည့် မြောက်အမေရိက အစ္စလာမ်အဖွဲ့ ISNA ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

    “မွတ်စလင်တွေအပေါ် နှစ်သက်မှုဟာ ၂၀၁၄ မှာ ၃၅ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ ကျသွားတယ်လို့ 2014 Zogby စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ Pew က ၂၀၁၄ ခုနှစ်မှာ ကောက်ယူတဲ့ စစ်တမ်းမှာလည်း မွတ်စလင်တွေဟာ ဘာသာရေးအုပ်စုအားလုံးမှာ အနုတ်လက္ခာဏာဆောင်တဲ့ သဘောထား အထားခံရဆုံး အုပ်စုဖြစ်နေတယ်လို့ တွေ့ရပါတယ်” ဟု အစ္စလာမ်ကွန်ယက်အဖွဲ့ ING ၏ စီအီးအိုနှင့် ဥက္ကဌဖြစ်သူ မာဟာ အဲလ်ဂျီနိုင်ဒီက ယမန်နေ့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှု၌ ပြောကြားခဲ့သည်။

    အဆိုပါဆွေးနွေးမှုအတွင်း မွတ်စလင်သူရဲကောင်းများ၏ မှတ်တမ်းရုပ်ရှင်များနှင့် စာအုပ်များအပါအ၀င် သမိုင်းကြောင်းဖော်ပြမှု နည်းလမ်းများအား မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

    ဒန်နီယဲလ်တွတ်စည်းလုံးမှုဖောင်ဒေးရှင်း UPF ကလည်း အစ္စလာမ်ကြောက်ရောဂါမှာ အမေရိကန်အားလုံးကို ရိုက်ခတ်နေပြီး မီဒီယာမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဖန်တီးရေး ဆောင်ရွက်မှုတစ်ခု ပြုလုပ်ရန် ရှိနေသည်ဟု ဆိုသည်။

    “အမေရိကန်တွေဟာ အခြခံအားဖြင့် လူကောင်းတွေပါ။ ၄၅ ရာခိုင်နှုန်းလောက်သာ မွတ်စလင်တွေကို ပုဂ္ဂိုလ်ရေးအရ သိကြပါတယ်။ အများစုကတော့ မီဒီယာကနေတစ်ဆင့်သာ မွတ်စလင်တွေအကြောင်း သိတာပါ” ဟု ဖောင်ဒေးရှင်းတည်ထောင်သူ ဒန်နီယဲလ်တွတ်က ပြောကြားခဲ့သည်။

    မွတ်စလင်များအပေါ် ရှိနေသော အနှုတ်သဘောဆောင်သည့် သမရိုးကျအမြင်များကို တန်ပြန်သည့် UPF ၏ လုပ်ငန်းအကြောင်း ပြောဆိုရာတွင် ၎င်းက “ကျွန်တော်တို့ဟာ မှတ်တမ်းရုပ်ရှင်တွေဖန်တီးပြီး လူသားဆန်တဲ့ မွတ်စလင်တွေအကြောင်း ဖော်ပြတဲ့ အစီအစဉ်ပါ” ဟု ပြောကြားခဲ့သည်။

    ING အား တည်ထောင်သူများတွင် ပါဝင်သူဖြစ်သည့် အမီနာ ဂျန်ဒါလီကမူ အမေရိကန်များအကြား အစ္စလာမ့်၊ မွတ်စလင်တို့နှင့် ပတ်သက်၍ အမြင်ကို IS က အဓိပ္ပါယ်သတ်မှတ်ပေးနေသည်ဟု ဆိုသည်။

    “လူတိုင်းက အစ္စလာမ်ဆိုတာနဲ့ IS ရဲ့လုပ်ရပ်တွေကိုသာ ပြေးမြင်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနဲ့ နှိုင်းယှဉ်ရင် ဒါက မကြုံစဖူးပါပဲ။ အကြောင်းအရာတွေကို သတ်မှတ်ပေးတဲ့ ဘောင်တွေရှိပါတယ်။ အဲဒီအတွက် အဖြေကတော့ မွတ်စလင်တွေရဲ့ ပုံရိပ်ကောင်းတွေကို ဖော်ပြဖို့၊ ဘုံတူညီမှုတွေကို ဖော်ထုတ်ဖို့၊ အမေရိကန်တွေနဲ့ အတွေ့အကြုံတွေ မျှဝေဖိုနဲ့ မွတ်စလင်တွေရဲ့ ကူညီမှုတွေကို မီးမောင်းထိုးပြဖို့ပဲ ဖြစ်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ING အဖွဲ့မှာ အကျိုးအမြတ်မယူသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကန်တစ်ဝှမ်း အဖွဲ့ခွဲပေါင်းများစွာရှိကာ အမေရိကန်မွတ်စလင်များအပေါ် ရှိနေသည့် တင်ကူးမှန်းဆမှုများနှင့် ခွဲခြားမှုများအား တိုက်ဖျက်နေသော အဖွဲ့ဖြစ်သည်။

    ISNA ကမူ ယခုနှစ်ညီလာခံမှာ ယနေ့ခေတ် အမေရိကန်မွတ်စလင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်ဆွေးနွေးရန်နှင့် မွတ်စလင်လူ့အဖွဲ့စည်းအား ပြန်လည်ထုဆစ်ရန် လိုအပ်မှု အရေးကြီးပုံတို့ကို အသိပေးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ညီလာခံတွင် မွတ်စလင်များအနေဖြင့် ပရဟိတလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ခြင်းအားဖြင့် အထင်မှားအမြင်မှား ဖြစ်နေမှုအား ပြောင်းလဲနိုင်မည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

    Ref: Onislam

  • အရန်ခုံတွင် ထိုင်ရသည့်အတွက် ဘရာဇီးလ်နည်းပြအား နေးမာ သတိပေး

    အရန်ခုံတွင် ထိုင်ရသည့်အတွက် ဘရာဇီးလ်နည်းပြအား နေးမာ သတိပေး

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    naymar

    – မိမိအနေဖြင့် ဘရာဇီးလ်အသင်းတွင် အရန်ခုံ၌ ထိုင်ရသည်ကို လက်ခံသွားမည်မဟုတ်ဟု ဘရာဇီးလ်တိုက်စစ်မှူး နေးမာက နည်းပြ ဒွန်ဂါအား သတိပေး ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့ပြီး ကော်စတာရီကာအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲတွင် နေးမာမှာ ပွဲပြီးကာနီး ၁၀ မိနစ်အလိုမှ လူစားဝင်ကစားခွင့် ရရှိခဲ့သည်။ နေးမာမှာ မကြာခင်ကမှ အာစေးရောင်သည့် ရောဂါ ပျောက်ကင်းခဲ့သူဖြစ်ပြီး၊ ကြာသာပတေးနေ့က အသင်းဖော်များနှင့် လေ့ကျင့်နေစဉ်အတွင်း ခြေထောက်ထိသွားသည်ဟု ဆိုသည်။

    နေးမာကမူ အရန်ခုံတွင် ထိုင်နေရသည့် အနေအထားကို လက်မခံနိုင်ဟု ပြောကြားခဲ့သည်။

    “အရန်ခုံမှာ ထိုင်နေရတာဟာ ကျွန်တော် အလေ့အထမရှိတဲ့ အရာတစ်ခုပါ။ ဒါမျိုးအလေ့အထကိုလည်း ကျွန်တော် မလိုလားပါဘူး။ ကျွန်တော် ကစားချင်တယ်။ ပြီးတော့ ပွဲထွက် ၁၁ ယောက်မှာပါဖို့ ကျွန်တော်ဟာ အမြဲတမ်း ကြိုးစားနေပါတယ်” ဟု နေးမာက BSPN Brasil သို့ ပြောကြားခဲ့သည်။

    ဘရာဇီးလ်မှာ လာမည့်အင်္ဂါနေ့တွင် အမေရိကန်အသင်းနှင့် ကစားမည်ဖြစ်သည်။ နေးမာမှာ ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားတွင် ထင်ရှားသည့် ကစားသမား ဖြစ်သော်လည်း ဒဏ်ရာအနာတရဖြင့် အဆုံးသတ်ခဲ့သည်။

    Ref: Goal

  • မက်ဆီအောင်မြင်ရန်အတွက် ရော်နယ်ဒိုလိုသည်ဟု ကလွိုက်ဗတ် ပြော

    မက်ဆီအောင်မြင်ရန်အတွက် ရော်နယ်ဒိုလိုသည်ဟု ကလွိုက်ဗတ် ပြော

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    messi

    – ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသာ မရှိပါက မက်ဆီမှာ ယခုကဲ့သို့ ကောင်းလာမည်မဟုတ်ဘဲ မက်ဆီအတွက် ရော်နယ်ဒိုလိုအပ်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ကလွိုက်ဗတ်က ပြောကြားလိုက်သည်။

    မက်ဆီမှာ ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ဘာစီလိုနာနှင့် ဖလား ၃ လုံး ရရှိခဲ့သည်။ ၎င်း၏ ထိုစွမ်းဆောင်ရည်ကြောင့် ပြီးခဲ့သည့်လအတွင်းက ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရော်နယ်ဒိုကိုကျော်ကာ ဆွတ်ခူးရရှိခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ရော်နယ်ဒိုဆွတ်ခူးခဲ့သော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုကိုလည်း ယခုနှစ်တွင် ရရှိရန် ရေပန်းစားနေသည်။ စပိန်ရှိ ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့တွင် ၎င်းတို့နှစ်ဦး ကစားနေမှုကလည်း ၎င်းတို့ကြားရှိ ပြိုင်ဆိုင်မှုကို မြင့်တက်စေသည်။

    ကလွိုက်ဗတ်ကမူ မက်ဆီ၏ အောင်မြင်မှုအတွက် ရော်နယ်ဒိုမှာ မရှိမဖြစ်ဟု ဆိုသည်။

    “မက်ဆီဟာ သူ့ရဲ့ ဘောလုံးကစားဟန်နဲ့ပတ်သက်ပြီး မတူညီတဲ့ အနေအထားကို ရောက်နေပါတယ်။ ဒါပေမယ့် သူဟာ ရော်နယ်ဒိုလို တစ်ယောက်ယောက်ကို အလျင်အမြန် လိုအပ်နေပါတယ်။ သူဟာ ပွဲတိုင်းကို စိန်ခေါ်မှုတစ်ခုအဖြစ်၊ အာပေးအားမြှောက်အဖြစ် လုပ်ပေးနိုင်မယ့် လူတစ်ယောက်ယောက် လိုပါတယ်။ နှစ်ယောက်စလုံးဟာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်ပြီး အားလုံးထက်လည်း သာပါတယ်” ဟု ကလွိုက်ဗတ်က Voetbal Zone သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီမှာ ၎င်း၏ အသင်းဖော်များမရှိဘဲ မည်သည့်အရာမှ စွမ်းဆောင်နိုင်မည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ကလွိုက်ဗတ်မှာ လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၁၄၈ နေရာတွင်ရှိသော ကာရစ်ဘီယံမှ ကူရာကာအိုနိုင်ငံ လက်ရွေးစင်အသင်းကို နည်းပြနေပြီး ဘာစီလိုနာအသင်း၏ နည်းပြရာထူးကိုလည်း မျက်စပစ်နေသည်။

    “တကယ်ပါ။ ဘာစီလိုနာနည်းပြဖြစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်ပါ။ ပြီးတော့ ဒါဟာ တော်တော်အလှမ်းကွာဝေးတဲ့ ဖြစ်နိုင်ခြေဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲဗျာ”

    Ref: Goal