News @ M-Media

Blog

  • မွတ်စလင်သုံး၍မရဟု ဆိုသည့် ရိုင်ဖယ်တစ်လက်ကို အမေရိကန်ကုမ္ပဏီ ထုတ်လုပ်

    မွတ်စလင်သုံး၍မရဟု ဆိုသည့် ရိုင်ဖယ်တစ်လက်ကို အမေရိကန်ကုမ္ပဏီ ထုတ်လုပ်

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    rifel

    – ဖလော်ရီဒါအခြေစိုက် လက်နက်ကုမ္ပဏီတစ်ခုက ခရစ်ယာန်ကျမ်းချက် ရေးသားထားသော AR-15 ခရူးဆိတ်ဒါ ရိုင်ဖယ်တစ်လက်ကို တီထွင်ထုတ်လုပ်လိုက်ပြီး မွတ်စလင်အကြမ်းဖက်သမား ကိုင်တွယ်အသုံးပြု၍မရဟု ဆိုသည်။

    The Spike ကုမ္ပဏီက ထုတ်လုပ်လိုက်သည့် အဆိုပါ ချေမှုန်းရေးရိုင်ဖယ်တွင် ခရစ်ယာန်တို့၏ ဆာလံကျမ်း အခန်းကြီး ၁၄၄၊ ၁ မှ ကျမ်းချက်ဖြစ်သော “ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည် စစ်တိုက်၍ လက်ချောင်းတို့သည်လည်း စစ်မှုကို လေ့ကျက်မည့်အကြောင်း သွန်သင်တော်မူ၏။” ကို ရေးသားထားသည်။

    ယခင် နေဗီဆီးလ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး၊ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဘန်မိုကီး သောမတ်စ်က Orlando Sentinel သို့ ပြောကြားရာတွင် မည်သည့်မွတ်စလင်မှ အဆိုပါ ရိုင်ဖယ်ကို ကိုင်တွယ်ရဲမည်မဟုတ်ဟု ဆိုသည်။

    “ပြောရရင် မွတ်စလင်အကြမ်းဖက်သမားတစ်ယောက် ကိုင်တဲ့အခါ မိုးကြိုးပစ်ပြီး သေစေမယ့် သေနတ်မျိုးကို ကျွန်တော် လိုချင်တာပါ” ဟု သောမတ်စ်က ပြောကြားခဲ့သည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ၏ ဖလော်ရီဒါအဖွဲ့ခွဲ CAIR-FL မှ အမှုဆောင်ဒါရိုက်တာ ဟာဆန် ရှီဘလီကမူ သောမတ်စ်၏ ပြောကြားမှုကို တုန့်ပြန်ခဲ့ပြီး အဆိုပါသေနတ်မှာ ခရစ်ယာန်အကြမ်းဖက်သမားအတွက် ထုတ်လုပ်ခြင်းလားဟု မေးခွန်းထုတ်ခဲ့သည်။

    ထို့ပြင် အမေရိကန်၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၅၀ တွင် မွတ်စလင်ကျူးလွန်သည့် အမှုက တစ်ခုသာရှိသည်ဟု မှတ်တမ်းများဖြင့်လည်း ထောက်ပြခဲ့သည်။ CAIR-FL မှာ မည်သည့် ဘာသာရေးအစွန်းရောက်မှုကိုမဆို ဆန့်ကျင်ပြီး သေနတ်ထုတ်လုပ်သူများအနေဖြင့် မိမိတို့အား ၎င်းတို့နှင့် ထိပ်တိုက်တွေ့စေရန်အတွက် ကို့ရို့ကားယားနိုင်သည့် ကိစ္စများကို ပြုလုပ်စရာမလိုဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါရိုင်ဖယ်ကို ကန်ဒေါ်လာ ၁၃၉၅ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး တစ်သက်တာအာမခံ ပါဝင်သည်။ Sky News သတင်းဌာနကမူ ထိုရိုင်ဖယ်၏ ဘေးအန္တရာယ်ကင်းရေး ခလုတ်၌ “ငြိမ်းချမ်းရေး” “စစ်” နှင့် “ဘုရားသခင် အလိုတော်ရှိပါစေ” ဟု အဓိပ္ပါယ်ရသော စကားလုံးများကို လက်တင်ဘာသာစကားဖြင့် ရေးထိုးထားသည်ဟု ဖော်ပြခဲ့သည်။

    CAIR-FL က ထိုလက်နက်ထုတ်လုပ်မှုကို တုန့်ပြန်သော အားဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    “၀မ်းနည်းစရာကောင်းတာက ဒီကုမ္ပဏီရဲ့ ဖန်စီကျတဲ့ လက်နက်ဟာ အမေရိကမှာ တကယ့်ခြိမ်းခြောက်မှုဖြစ်တဲ့ သေနတ်ပစ် တိုက်ခိုက်မှု မြင့်တက်လာတာကို လျော့ကျစေမှာ မဟုတ်ပါဘူး။ ဒါဟာ အမုန်းတရား၊ သွေးခွဲမှုနဲ့ အကြမ်းဖက်မှုတွေကို ပရိုမိုးရှင်းလုပ်ပြီး အမြတ်ထုတ်ဖို့ ရည်ရွယ်တဲ့ ရှက်စရာ ဈေးကွက် ပရိယာယ်တစ်ခုသာ ဖြစ်ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် ဇူလိုင်လတွင် “မွတ်စလင်ကင်းမဲ့ဇုန်” ဟု ကြေညာခဲ့သည့် ဖလော်ရီဒါမှ သေနတ်အရောင်းဆိုင်တစ်ခုကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီက တရားစွဲဆိုခဲ့သည်။

    ထို့ပြင် “ဘာသာရေးလွတ်လပ်ခွင့်ကို ထိခိုက်ပျက်ဆီးစေသော” ပုံစံဖြင့် စီးပွားရေးလုပ်ခြင်းများကို တားဆီးရန်လည်း တရားရေးဌာနကို CAIR က တိုက်တွန်းခဲ့သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြခဲ့သည်။

    Ref: Independent

  • ရခိုင်တွင် ကျန်းမာရေးစင်တာတခု အင်ဒိုနီးရှား MER-C အဖွဲ့ ဆောက်လုပ်ပေးမည်

    ရခိုင်တွင် ကျန်းမာရေးစင်တာတခု အင်ဒိုနီးရှား MER-C အဖွဲ့ ဆောက်လုပ်ပေးမည်

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    indo

    – ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားကျန်းမာရေးစင်တာတစ်ခု ဆောက်လုပ်ရန် ရှိနေပြီး အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့ဖြစ်သော MER-C အဖွဲ့က ကူညီဆောင်ရွက်နေသည်ဟု သိရသည်။

    အဆိုပါ ကျန်းမာရေးစင်တာ ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရက မြောက်ဦးတွင် မြေနေရာတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး၊ မြန်မာအစိုးရကလည်း ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည်။

    MER-C အဖွဲ့မှာ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံး၏ အကူအညီဖြင့် စစ်တွေမှ မင်းပြားမြို့သို့ သွားရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားအစိုးရက တည်ဆောက်ပေးထားသည့် စာသင်ကျောင်းနှစ်ကျောင်းကို ကြည့်ရှုခဲ့ကြသည်။

    အဆိုပါကျောင်းနှစ်ကျောင်းများမှာ ၂ ထပ်ကျောင်းဆောင်များ ဖြစ်ပြီး တစ်ကျောင်းမှာ ဗုဒ္ဓဘာသာဝင်များအတွက်နှင့် ကျန်တစ်ကျောင်းမှာ မွတ်စလင်များအတွက်ဖြစ်ကာ တစ်ခုနှင့်တစ်ခု မီတာ ၅၀၀ ကွာဝေးသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် MER-C မှာ ထိုစာသင်ကျောင်းများအတွက် မီးစက်များ လှူဒါန်းခဲ့သည်။

    “ကျွန်တော်တို့အဖွဲ့နဲ့ တွေ့ရတာကို ဗုဒ္ဓဘာသာကျောင်းသားတွေရော၊ မွတ်စလင်ကျောင်းသွားတွေပါ တော်တော်ပျော်ကြပါတယ်” ဟု မြန်မာနိုင်ငံမှ MER-C ၏ အဖွဲ့ ၃ ခေါင်းဆောင်း ဒေါက်တာ ဂျိုစီရီဇဲလ် ဂျာနာလစ်က ပြောကြားခဲ့သည်။

    MER-C (Medical Emergency Rescue Committee) အဖွဲ့ကို အင်ဒိုနီးရှားကျောင်းသားများက ဂျာကာတာမြို့၌ ၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးသင့်ပြည်သူများနှင့် ပဋိပက္ခကြောင့် အတိဒုက္ခရောက်နေသူများအား ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်သည်။

    ၎င်းတို့အဖွဲ့မှာ အင်ဒိုသံရုံးမှ ၀န်ထမ်းများ၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မင်းပြားမှတစ်ဆင့် မြောက်ဦးမြို့သို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်အခြေအနေနှင့် ကျန်းမာရေးစင်တာ ဆောက်လုပ်မည့် နေရာကို ကြည့်ရှုခဲ့သည်။

    အဆိုပါ နေရာမှာ မွတ်စလင်လူဦးရေ ၆၅၀ ခန့်ရှိသည့် ရွာနှင့် ဗုဒ္ဓဘာသာဝင် ၁၇၀၀ ခန့်ရှိသည့်ရွာ အကြားတွင် ရှိသည်။ MER-C Indonesia မှာ အစိုးရပိုင် ထိုမြေနေရာအတွက် ဒေသခံ လယ်သမားများအား အင်ဒိုနီးရှား ရူပီး ၁၇.၆ သန်း လျော်ကြေးပေးခဲ့ပြီးဖြစ်သည်။

    အင်ဒိုနီးရှား ကျန်မာရေးစင်တာ တည်ဆောက်ရန် ရူပီး ၃ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ ထိုစီမံကိန်းတွင် ပါဝင်လှူဒါန်းလိုသူ အင်ဒိုနီးရှားနိုင်ငံသားများအတွက် ဘဏ်အကောင့်များကိုလည်း စီစဉ်ပေးထားသည်။ MER-C Indonesia အဖွဲ့မှာ စစ်တွေပြည်သူများအတွက် အရေးပေါ်ကားတစ်စီးကိုလည်း ယခင်က လှူဒါန်းခဲ့သည်။

    ပါလက်စတိုင်းရှိ ဂါဇာဒေသတွင် MER-C Indonesia မှာ ဆေးရုံတစ်ခုကို ဆောက်လုပ်ပြီးခဲ့ပြီး ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

    Ref: en.tempo.co

  • ဆီးရီးယားသမ္မတ အာဆတ် အာဏာမျှဝေပေးရန် အဆင်သင့်ရှိနေ

    ဆီးရီးယားသမ္မတ အာဆတ် အာဏာမျှဝေပေးရန် အဆင်သင့်ရှိနေ

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    putin

    – ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်အနေဖြင့် ပါလီမန်ရွေးကောက်ပွဲတစ်ခုကို အလျင်အမြန်ကျင်းပရန်နှင့် တောင့်တင်းလာသော အတိုက်အခံများအား အာဏာမျှဝေပေးရန် အဆင်သင့်ရှိနေသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။

    ဗာလ်ဒီဗိုစတော့က်မြို့တွင် ကျင်းပနေသည့် အရှေ့တိုင်းစီးပွားရေးဖိုရမ်သို့ တက်ရောက်နေသော ပူတင်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလီမန်ရွေးကောက်ပွဲကျင်းပရန်နှင့် အင်အားတောင့်တင်းသည့် အတိုက်အခံများနှင့် ဆက်သွယ်ကာ ၎င်းတို့အား ခေါင်းဆောင်မှုပိုင်းသို့ ခေါ်သွင်းရန် အာဆတ်နှင့် သဘောတူညီချက်ရခဲ့သည်ဟု ဆိုသည်။

    “အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ တပ်ဖွဲ့တွေပူးပေါင်းခြင်းဟာ ဆီးရီးယားနိုင်ငံအတွင်း နိုင်ငံရေးလုပ်ငန်းစဉ်အချို့နဲ့ အပြိုင် ရှေ့ဆက်သွားသင့်ပါတယ်။ ဒါဟာ ဆီးရီးယား ပြည်တွင်းတိုးတက်မှုအတွက် အဓိကကျတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြည်တွင်းဆွေးနွေးမှု ဖြစ်မြောက်အောင်လုပ်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိနေပါတယ်” ဟု ပူတင်က ပြောကြားခဲ့ကြောင်း
    ကရင်မလင်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    သို့သော်လည်း အင်အားတောင့်တင်းသည့် အတိုက်အခံများဆိုသည်မှာ မည်သည့်ရည်ညွှန်းချက်ဖြစ်သည်ကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိချေ။

    ဆိုဗီယက်ခေတ်ကတည်းက ရုရှားမှာ ဆီးရီးယားအစိုးရ၏ နီးကပ်သော မဟာမိတ်ဖြစ်ပြီး နိုင်ငံအတွင်း ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းရန် အာဆတ်အစိုးရအား ဖြုတ်ချရန်ဆိုသည့် အနောက်နိုင်ငံများ၏ ဆော်သြမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားသည်။

    ရုရှားမှာ IS အဖွဲ့များအပေါ် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများကို ဆီးရီးယားနှင့် အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့အပါအ၀င်၊ အလယ်အလတ်သဘောထားရှိသော ဆီးရီးယား သူပုန်များနှင့် ပူးပေါင်းကာ ဆောင်ရွက်စေချင်နေသည်။

    သို့သော်လည်း ဆီးရီးယားသူပုန်များကမူ အာဆတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုထားပြီး၊ အာဆတ်၏ အုပ်ချုပ်မှုကို တရားဝင်အောင် ပြုလုပ်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။ အနောက်နိုင်ငံများနှင့် ပင်လယ်ကွေ့နိုင်ငံများကလည်း အာဆတ်မှာ ပြဿနာ၏ အစိတ်အပိုင်းဖြစ်ပြီး၊ အဖြေမဟုတ်ဘဲ ယခုအတိုင်းပင် ဆက်သွားရမည်ဟု သဘောထားရှိနေသည်။

    Ref: Aljazeera

  • မြောက်အိုင်ယာလန်မှာ ယူရိုပြိုင်ပွဲနှင့် ထိုက်တန်သည်ဟု နည်းပြ အိုနေးလ်ပြော

    မြောက်အိုင်ယာလန်မှာ ယူရိုပြိုင်ပွဲနှင့် ထိုက်တန်သည်ဟု နည်းပြ အိုနေးလ်ပြော

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    north

    – ဖားရိုးကျွန်းစုများအသင်းအား အနိုင်ရရှိပြီးနောက် ယူရိုခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာသည့် မြောက်အိုင်ယာလန်အသင်းနည်းပြ မိုက်ကယ်အိုနေးလ်က အသင်းရှိ ကစားသမားတိုင်းမှာ ယူရိုနောက်ဆုံးအဆင့် ပြိုင်ပွဲနှင့် ထိုက်တန်သည်ဟု ပြောကြားလိုက်သည်။

    ယူရိုခြေစစ်ပွဲ အုပ်စု F ၏ သတ္တမမြောက်ပွဲစဉ်အဖြစ် ယနေ့မနက်က ကစားခဲ့သည့် ပွဲတွင် မြောက်အိုင်ယာလန်အသင်းမှာ ဖားရိုးကျွန်းစုအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့သည်။ နောက်တစ်ပွဲ အနိုင်ရရှိပါက လာမည့်နှစ် ပြင်သစ်တွင် ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကာ မြောက်အိုင်ယာလန်မှာ သမိုင်းသစ် ရေးထိုးနိုင်မည်ဖြစ်သည်။

    အိုနေးလ်ကမူ အသင်းကစားသမားများကို ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် လာမည့်တနင်္လာနေ့ ဟန်ဂေရီအား ဧည့်ခံရမည့်ပွဲတွင် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ဟု ယုံကြည်မှုရှိနေသည်။

    “အခုအချိန်မှာ ကျွန်တော်တို့ ပန်းဝင်ဖို့ပဲ လိုပါတော့တယ်။ တနင်္လာနေ့ညမှာ ကျွန်တော်တို့ အဲဒါကို လုပ်ချင်ပါတယ်။ အတိမ်းအစောင်းမရှိဘဲနဲ့ ဖြတ်ကျော်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ရဲ့ ပရိတ်သတ်ရှေ့မှာ လုပ်နိုင်ရင် သိပ်ကောင်းမှာပါ” ဟု အိုနေးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းသားများမှာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း အလွန်တိုးတက်ခဲ့ပြီး ယူရိုနောက်ဆုံးအဆင့်နှင့်လည်း ထိုက်တန်ကြောင်း၊ လက်ဖျားခါလောက်သည့် အောင်မြင်မှုဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၂၄ သင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ခြင်းကြောင့်၊ ဥရောပရှိ ခြေစွမ်းခြေစရှိသည့် အသင်းများမှာ ဒေသတွင်း ထိပ်တန်းပြိုင်ပွဲတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ရန် မျှော်လင့်လာနိုင်ကြသည်။

    Ref: Goal

  • ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ကို ဘိုးအင်းက ၂၀၁၇ တွင်ထုတ်မည်

    ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ကို ဘိုးအင်းက ၂၀၁၇ တွင်ထုတ်မည်

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    boing

    – နာမည်ကျော် ဘိုးအင်းကုမ္ပဏီကိုမှာ ၎င်းတို့ နောက်ဆုံးထုတ်လုပ်မည့် လောယာဉ်ကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းသမိုင်းတွင် ခရီသည်အများဆုံး တင်ဆောင်နိုင်သည့် အကြီးဆုံး လေယာဉ် ဖြစ်လာမည်ဖြစ်သည်။

    အဆိုပါ လေယာဉ်ကို 777-9X ဟု အမည်ပေးထားပြီး တောင်ပံများမှာ အလွန်ရှည်လျားကာ တောင်ပံတစ်ဖက်ထိပ်မှ အခြားတစ်ဖက်ထိပ်အထိ အရှည်မှာ ၂၃၅ ပေနှင့် ၅ လက်မ ရှိမည်ဖြစ်သည်။ လေဆိပ်သို့ဆင်းရာတွင် အဆင်ပြေစေရန်အတွက် တောင်ပံအား ခေါက်ထားနိုင်မည်ဖြစ်ပြီး ထိုကဲ့သို့ ခေါက်နိုင်ဖြန့်နိုင်သည့် တောင်ပံမှာ စီးပွားဖြစ်လေယာဉ်များတွင် ပထမဆုံးလည်း ဖြစ်သည်။

    အဆိုပါလေယာဉ်မှာ ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည်အကောင်းမွန်ဆုံး အင်ဂျင် ၂ လုံး တပ်ဆပ်ထားပြီး အနည်းဆုံး ခရီးသည် ၄၀၀ ခန့် တင်ဆောင်နိုင်မည်ဖြစ်သည်။ ထုတ်လုပ်မှုများကို ၂၀၁၇ ခုနှစ်တွင် စတင်မည်ဖြစ်ကာ ယခုလက်ရှိတွင် နိုင်ငံ ၆ နိုင်ငံမှ အစီး ၃၂၀ အမှာစာ ရရှိထားသည်ဟု ဘိုးအင်းကုမ္ပဏီက ပြောကြားခဲ့သည်။

    “777 နဲ့ 787 Dreamliner တွေရဲ့ အောင်မြင်မှုကို တည်ပြီး တည်ဆောက်ထားတဲ့ 777X ဟာ စွမ်းဆောင်ရည်အကောင်းဆုံး အင်ဂျင်နှစ်လုံးတပ်ထားတဲ့ ကမ္ဘာပေါ်က အကြီးဆုံး လေယာဉ် ဖြစ်ပါတယ်။ ပြီးတော့ စွမ်ဆောင်းရည်ပိုင်းအားလုံးမှာလည်း ဘယ်သူမှ မယှဉ်နိုင်ပါဘူး” ဟု ဘိုးအင်းကုမ္ပဏီက ပြောကြားခဲ့သည်။

    အဆိုပါ 777-9X လေယာဉ်မှာ ၎င်း၏ ပြိုဘက်လေယာဉ်များဖြစ်သော Airbus A350-1000 ထက် ခရီးသည် ၃၄ ဦး ပိုမိုတင်ဆောင်နိုင်ပြီး ထိုင်ခုံများမှာလည်း သာမန်လေယာဉ်များထက်ပိုကျယ်ကာပြတင်းပေါက်များမှာလည်း ပိုမိုကြီးမားသည်။ အဆိုပါလေယာဉ်ကို
    ထုတ်လုပ်သည့်စက်ရုံမှာ ၀ါရှင်တန်ရှိ အီဗ်ရက်တ်ဒေသတွင်ရှိပြီး ဘောလုံးကွင်း ၂၅ ကွင်းစာ အကျယ်ရှိသော စက်ရုံကြီးဖြစ်သည်။

    ထိုလေယာဉ်မှာ ၁၂ ရာခိုင်နှုန်း ဆီစားသက်သာမည်ဖြစ်ပြီး ပြိုဘက်လေယာဉ်များထက် မောင်းနှင်မှု ကုန်ကျစားရိတ် ၁၀ ရာခိုင်နှုန်း ပိုနည်းမည်ဖြစ်ကာ ခရီးသည်များ သက်တောင့်သက်သာဖြစ်မှုတွင်လည်း အခြားလေယာဉ်များထက် ပိုမိုသာလွန်မည်ဖြစ်သည်။

    Ref: Dailymail