News @ M-Media
Blog
  • ဟဂ်ျပြုရန်အတွက် လန်းချားဆွဲကာ ငွေစုခဲ့သည့် အိန္ဒိယအဖိုးအိုတစ်ဦး ရည်ရွယ်ချက် အထမြောက်
    ဟဂ်ျပြုရန်အတွက် လန်းချားဆွဲကာ ငွေစုခဲ့သည့် အိန္ဒိယအဖိုးအိုတစ်ဦး ရည်ရွယ်ချက် အထမြောက်
    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှ လန်ချားဆွဲသည့် အဖိုးအိုတစ်ဦးမှာ ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရန်အတွက် တစ်သက်တာလုံး အပတ်တစ်ကုတ် ရှာဖွေစုဆောင်းခဲ့ပြီးနောက် ၎င်း၏ ရည်ရွယ်ချက် ပြည့်ဝသွားခဲ့ပြီဖြစ်သည်။
    အဂ်ရာမြို့မှ အသက် ၆၂ နှစ်အရွယ် ဂျာဟန်ဂီရ် ခန်း အဘာစီဆိုသူဖြစ်ပြီး ၎င်း၏ ဇနီး ဇီနတ်ဘေဂွန်နှင့်အတူ သြဂုတ်လ ၂၂ ရက်နေ့က ဟဂ်ျဘုရားဖူးခရီးစဉ်ဖြစ် ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားပြီဖြစ်သည်။
    ဂျာဟန်ဂီရ်ခန်းမှာ တစ်သက်လျှင်တစ်ကြိမ် သွားရောက်ရသည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် လန်ချားဆွဲခြင်းမှ ရသည့် ၀င်ငွေများကို စုဆောင်းခဲ့ရသည်။ လန်ချားတစ်စီးဖြင့် စခဲ့သည့် ၎င်းမှာ နောက်ပိုင်းတွင် လန်ချားများ ၀ယ်ယူနိုင်ခဲ့ပြီး အခြားသူများအား ပြန်လည်ငှားရမ်းခြင်းမှ ၀င်ငွေ ထပ်မံရှာနိုင်ခဲ့သည်။
    ဟဂ်ျဘရားဖူးခရီးစဉ် သွားရောက်သူများမှာ မိသားစုအပေါ်ရှိသည့် တာဝန်များကို ကျေပွန်ရမည်ဖြစ်သောကြောင့် ၎င်း၏ သက်တမ်းတစ်လျှောက်တွင် ကလေးများကို ပြုစုပျိုးထောင်ခဲ့ကာ အိမ်ထောင်ရက်သားလည်း ချပေးခဲ့ပြီးဖြစ်သည်။
    ယမန်နှစ်က ၎င်းတို့ဇနီးမောင်နှံနှစ်ဦးမှာ ဟဂ်ျဘုရားဖူးခရီး သွားရောက်ရန် လျှောက်ထားခဲ့သော်လည်း မရခဲ့ဘဲ ယခုနှစ်တွင်မှ သွားရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
    ဟဂ်ျခရီးစဉ်မှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး ငွေကြေးတတ်နိုင်၍ အနှောင်အဖွဲ့ကင်းသည့် မွတ်စလင်အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်လျှင်တစ်ကြိမ် မဖြစ်မနေ သွားရောက်ရန် သက်မှတ်ထားသည့် ခရီးစဉ်ဖြစ်သည်။
    Ref: Onislam
  • Cincinnati Masters တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာနှင့် ဆရီနာတို့ ဗိုလ်စွဲ
    Cincinnati Masters တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာနှင့် ဆရီနာတို့ ဗိုလ်စွဲ
    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    federer
    – အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်ခဲ့သော Cincinnati Masters (Western & Southern Open) တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယမန်နေ့က ကစားခဲ့ပြီး ရော်ဂျာဖက်ဒါရာနှင့် ဆရီနာဝီလီယံတို့က အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ဆီးမီးဖိုင်နယ်တွင် အန်ဒီမာရေးအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသည့် ဖက်ဒါရာမှာ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်အား ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဗိုလ်စွဲခြင်းမှာ Cincinnati တွင် ဖက်ဒါရာ၏ ၇ ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ်က ကနေဒါ Rodgers Cup တွင် မာရေးအား ရှုံးကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ဂျိုကိုဗစ်မှာ ယခုတွင်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး Cincinnati တွင် ၅ ကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့သော်လည်း တစ်ကြိမ်မှ ဗိုလ်စွဲဖူးခြင်း မရှိပေ။
    “နှစ်ဘယ်လောက်ကြာကြာ ကျွန်တော် ထပ်ဗိုလ်စွဲနိုင်မလဲဆိုတာ မသိပါဘူ။ ဒါပေမယ့် အနာဂတ်မှာလည်း ကျွန်တော် ဒီမှာရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ဖက်ဒါရာက ပြောကြားခဲ့ပြီး ဂျိုကိုဗစ်မှာ တစ်နေ့တွင် အနိုင်ရမည်ဟု ဆိုသည်။
    “ခင်ဗျား တစ်နေ့ကျရင် ဒီမှာ အနိုင်ရမှာပါ။ သူဟာ ဒါနဲ့ ထိုက်တန်ပါတယ်။ သိပ်နီးကပ်ခဲ့တာပေါ့ဗျာ”
    seri
    အမျိုးသမီးပွဲစဉ်တွင် အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာဝီလီယံက ဆီဒင် ၃ ရ ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာ ဟဲလ်ပ်ကို ၆-၃၊ ၇-၆ ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုဆုဖလားမှာ ဆရီနာဝီလျံ၏ ၆၉ ခုမြောက် ဆုဖလားလည်းဖြစ်သည်။ ဆရီနာမှာ ယခုနှစ်အတွင်း သြစတေးလျအိုးပင်း၊ မိုင်ယာမီ၊ ပြင်သစ်အိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် ဗိုလ်စွဲထားသည်။
    Ref: Dailymail
  • ပါလ်မိုင်ရာမြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းတစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်
    ပါလ်မိုင်ရာမြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းတစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်
    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    syria
    – ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့ရှိ နှစ် ၂၀၀၀ ခန့် သက်တမ်းရှိပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းတစ်ခုအား IS က ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ဆီးရီးယား ရှေးဟောင်းပစ္စည်းများဆိုင်ရာ အကြီးအကဲ မာမွန် အဘ်ဒူလ် ကရင်မ်က ပြောကြားလိုက်သည်။
    ဘာလ်ရှာမင်းဟု အမည်ရသည့် အဆိုပါဘုရားကျောင်းအတွင်း IS အဖွဲ့မှာ ဖောက်ခွဲရေးပစ္စည်း အမြောက်အများကို ထားရှိ၍ ယမန်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ပျက်ဆီးဆုံးရှုံးမှု အမြောက်အများ ဖြစ်ခဲ့သည်ဟု အဘ်ဒူလ်ကရင်မ်က ထည့်သွင်းပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ အဆိုးဝါးဆုံးခန့်မှန်းမှုတွေဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဖြစ်လာခဲ့ပါတယ်။ ရှေးဟောင်းခန်းမမှာ IS ဟာ သတ်ဖြတ်မှုတွေလုပ်တယ်။ ဇူလိုင်လက နာမည်ကျော် အာသီနာ ခြင်္သေ့ရုပ်ထုတွေကို ဖျက်ဆီးပစ်တယ်။ ပြတိုက်ကိုလည်း အကျဉ်းထောင်၊ တရားရုံးတွေအဖြစ် ပြောင်းလဲပစ်ပါတယ်”
    ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ အဆိုပါဘုရားကျောင်း ဖျက်ဆီးခံလိုက်ရသည်ကို အတည်ပြုခဲ့သော်လည်း အဆိုပါ အဖြစ်အပျက်မှာ လွန်ခဲ့သည့် ၁ လခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    ပါလ်မိုင်ရာမြို့ဇာတိဖြစ်ပြီး တူရကီအခြေစိုက် တက်ကြွလှုပ်ရှားသူ အခြားတစ်ဦးကမူ မြို့တွင်းရှိ သတင်းရင်းမြစ်များအရ ထိုဘုရားကျောင်းမှာ တနင်္ဂနွေနေ့က ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ပါလ်မိုင်ရာမြို့ ရှေးဟောင်းပစ္စည်းများဆိုင်ရာ အကြီးအကဲအဖြစ် နှစ်ပေါင်း ၅၀ ကျော် ဆောင်ရွက်ခဲ့သည့် အသက် ၈၂ နှစ်အရွယ် ရှေးဟောင်းသုတေသနပညာရှင် ခါလစ်အာဆတ်ကို IS က ခေါင်းဖြတ်သတ်ခဲ့သည်။
    အဆိုပါ ဘာလ်ရှမင်း ဘုရားကျောင်းမှာ အေဒီ ၁၇ ရာစုက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အေဒီ ၁၃၀ ရောမအင်ပါရာတွင် ဟာဒရီယန်လက်ထက်တွင် တိုးချဲ့ခဲ့ခြင်းဖြစ်သည်။
    “သဲကန္တာရထဲမှ ပုလဲရတနာ” ဟု အမည်ပေးထားသည့် ပါလမိုင်ရာမြို့တွင် ဘာလ်ရှာမင်းမှာ အရေးပါဆုံး သမိုင်းဝင်နေရာများထဲမှ တစ်ခုလည်းဖြစ်ကာ ရှေးဟောင်းသုတေသနဆိုင်ရာ အိုအေစစ်ဖြစ်သော ထိုနေရာကို ခေတ်အဆက်ဆက်က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
    ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားသည့် IS မှာ ၎င်းတို့ကြီးစိုးရာဒေသရှိ အစ္စလာမ်ဘာသာရေးဆိုင်ရာ သမိုင်းဝင်နေရာများအပါအ၀င်၊ ရှေးဟောင်းနေရာများ၊ အမွေအနှစ်များကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
    Ref: Aljazeera
  • ပက်ဒရိုဂိုးသွင်းပြီး ချယ်ဆီးအနိုင်ရ၊ မန်စီးတီး စံချိန်သစ်တင်ခဲ့ပြီး မန်ယူသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃
    ပက်ဒရိုဂိုးသွင်းပြီး ချယ်ဆီးအနိုင်ရ၊ မန်စီးတီး စံချိန်သစ်တင်ခဲ့ပြီး မန်ယူသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃
    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    – ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ သရေပွဲ ၅ ပွဲအထိရှိပြီး ချယ်ဆီးက ပရီးမီးယားလိဂ် ပထမဆုံး အနိုင်ရခဲ့ကာ၊ မန်စီးတီးကလည်း နိုင်ပွဲဆက်ခဲ့ပါတယ်။
    epl 2
    အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ယူနဲ့ နယူးကာဆယ်တို့ရဲ့ပွဲမှာ မန်ယူက ခြေစွမ်းအသာရခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ်မသေချာခဲ့တာနဲ့ နယူးကာဆယ်နောက်တန်းရဲ့ အကောင်းဆုံး ဟန့်တားထားနိုင်မှုတွေကြောင့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ အဓိကတိုက်စစ်မှူး ရူနီကတော့ ဒီပွဲနဲ့ဆို ပရီးမီးယားလိဂ်ပွဲ ၈ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။ ဗန်ဂါးလ်က အသင်းဟာ ကံမကောင်းတဲ့အတွက် မနိုင်ခဲ့တာလို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။
    epl 3
    ဒီနှစ်မှာ တာထွက်မလှတဲ့ ချယ်ဆီးကတော့ အဝေးကွင်းမှာ ၀က်စ်ဘရွန်းကို အနိုင်ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ပက်ဒရို ပါဝင်ကစားကာ ခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ ပထမဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ အဲဒီဂိုးမတိုင်ခင်မှာ ချယ်ဆီး ပင်နယ်တီပေးခဲ့ရပြီး ဂိုးသမား ကော်တိုအစ် ကာကွယ်နိုင်ခဲ့ပါတယ်။ ပထပိုင်းမှာ ပက်ဒရို၊ ဒီယေဂို ကော်စတာနဲ့ အက်ဇ်ပီလီကျူတာတို့ရဲ့
    ဂိုးတွေကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်တဲ့ ချယ်ဆီး ဒုတိယပိုင်းမှာ နောက်ခံလူတယ်ရီ အနီကဒ်ပြ အထုတ်ခံရခြင်းနဲ့အတူ တစ်ဂိုးထပ်ပေးလိုက်ရပေမယ့် အနိုင် ၃ မှတ်တော့ အရယူနိုင်ခဲ့ပါတယ်။
    epl 1
    အိမ်ကွင်းမာတဲ့ အဲဗာတန်ကို အနိုင်ကစားနိုင်ခဲ့တဲ့ မန်စီးတီးဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့အပြင် ၁၉၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၉ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲမှာ မရှုံးခဲ့တဲ့ အဲဗာတန် ဒီတစ်ပတ်မှာလည်း ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပေမယ့် မန်စီးတီးက ပိုကောင်းခဲ့တာကြောင့် အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာ လူကာကူရဲ့ သွင်းဂိုးတစ်ဂိုး လူကျွံနေတာနဲ့ သူ့ရဲ့ ဖရီကစ်တစ်လုံး ဘားထိထွက်ခဲ့တာကြောင့်လည်း အဲဗာတန် နစ်နာခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ မိနစ် ၆၀ နဲ့ ၈၈ မိနစ်တွေမှာ ကိုလာရော့ဗ်နဲ့ နာဆရီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ပြီးတဲ့နှစ်ပွဲမှာ epl 4ရာနှုန်းပြည့်နိုင်ပွဲရခဲ့တဲ့ ရာနီရေးရီရဲ့ လက်စတာဟာ ဒီတစ်ပတ်မှာတော့ စပါးကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ၈၁ မိနစ်မှာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် တစ်မိနစ်အကြာမှာပဲ ဂိုးသွင်းစက် မဟ်ရက်ဇ်က ချေပဂိုး ပြန်သွင်းပေးခဲ့တာပါ။
    ပါဂျူးရဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း အိမ်ကွင်းမှာ ဆာကိုရဲ့ နောက်ကျဂိုးနဲ့ အက်စတွန်ဗီလာကို အနိုင်ယူနိုင်ခဲ့ပြီး အဆင့် ၄ နေရာကို
    တက်လှမ်းလာနိုင်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၀-၀ နယူးကာဆယ်
    ခရစ္စတယ်ပဲလေ့စ် ၂-၁ အက်စတွန်ဗီလာ
    လက်စတာ ၁-၁ စပါး
    နော်ဝစ်ခ်ျ ၁-၁ စတုတ်
    ဆန်းဒါးလန်း ၁-၁ ဆွမ်ဆီး
    အဲဗာတန် ၀-၂ မန်စီးတီး
  • ကိုယ်စားလှယ်လောင်း အဖြစ် လက်ရှိ လွှတ်တော်အမတ် ပယ်ချခံရ
    ကိုယ်စားလှယ်လောင်း အဖြစ် လက်ရှိ လွှတ်တော်အမတ် ပယ်ချခံရ
    သြဂုတ် ၂၄ ၊ ၂၀၁၅
    BBC(မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .U Shwe Maung
    ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင် က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကို အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ထပ်မံ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အရည်ချင်းနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး ပယ်ချ လိုက်ပါတယ်။
    လျှောက်ထားသူ မွေးဖွားစဉ် မိဘ ၂ ပါးစလုံး နိုင်ငံသား ဖြစ်ရမယ် ဆိုတဲ့ စည်းမျဉ်း နဲ့ မကိုက်ညီ တဲ့ အတွက် ပယ်ချရတာ ဖြစ်ကြောင်း ခရိုင် ကော်မရှင် က အကြောင်းပြချက် ပေးခဲ့တယ် လို့ ဘူးသီးတောင် ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် က ဘီဘီစီ ကို ပြောပါတယ်။
    .
    ဦးရွှေမောင်က တော့ ခရိုင် ကော်မရှင် ရဲ့ အကြောင်းပြချက် ကို ငြင်းပယ် လိုက် ပြီး သူ့ရဲ့ မိဘ ၂ ပါးစလုံးဟာ သူမွေးဖွားစဉ် မှာ နိုင်ငံသား တွေ ဖြစ်ကြတယ် ဆိုတဲ့ သက်သေ အထောက်အထား တွေ ခိုင်ခိုင် လုံလုံ တင်ပြ လျှောက်ထား ခဲ့ တာ ဖြစ်တယ် လို့ ဆိုပါတယ်။
    ဒါ့ကြောင့်လည်း အလားတူ စည်းမျဉ်း သတ်မှတ် ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်း ကလည်း အခုတခေါက် တင်ပြ ခဲ့တဲ့ သက်သေ အထောက်အထား တွေ ကို ပဲ အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင် တွေ က လက်ခံခဲ့လို့ ရွေးကောက်ပွဲ ဝင်နိုင် ခဲ့တာ ဖြစ်တယ် လို့ ဦးရွှေမောင် က ဆိုပါတယ်။
    .
    ၂၀၁၀ တုန်း က လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ ကိုယ်စားလှယ် အနေ နဲ့ ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တဲ့ ဦး ရွှေမောင်ဟာ အခု ၂၀၁၅ မှာ တော့ တသီးပုဂ္ဂလ အမတ် အဖြစ် ဝင်ရောက် ဖို့ လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။
    .
    မောင်တော ခရိုင် ကော်မရှင် ရဲ့ အခု အဆုံးအဖြတ် ဟာ နိုင်ငံသား တစ်ယောက် ရဲ့ ရရှိပြီး အခွင့်အရေး ကို ပြန်လည် ရုတ်သိမ်း တာ မျိုး ဖြစ်နေတဲ့ အတွက် ဥပဒေ နဲ့ မညီညွတ်ဘူး လို့ ဦးရွှေမောင် က ဝေဖန် လိုက် ပြီး အယူခံ အဆင့်ဆင့် ဝင် သွားမယ် လို့လည်း ဆိုပါတယ်။
    .
    ဓါတ်ပုံ- ဦးရွှေမောင် FB
    http://www.bbc.com/burmese/burma/2015/08/150823_mp_candidate_refusal_election_commission
    .
    ဆက်စပ်သတင်းများဖတ်ရန်။
    —————————
    အဖေ၊ အမေ၊ ကျနော် ၃ ယောက်စလုံး အမျိုးသား မှတ်ပုံတင်ကိုင်ဆောင်ခဲ့တာ- ဦးရွှေမောင်
    http://www.m-mediagroup.com/news/44661