သြဂုတ် ၂၈၊ ၂၀၁၅
M-Media
– အာဖရိကနှင့် တောင်အာရှတို့မှ ဒုက္ခသည်များ တင်ဆောင်ကာ အီတလီသို့ ထွက်ခွာလာသော ကုန်တင်သင်္ဘောတစ်စင်းမှာ လစ်ဗျားကမ်းခြေတွင် နစ်မြုပ်သွားသောကြောင့် လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် မြင့်တက်လာမည့် စိုးရိမ်မှုများလည်း ရှိနေသည်။
လစ်ဗျားနိုင်ငံအနောက်ပိုင်း ဒုက္ခသည်လှေများ ထွက်ခွာရာ ဇူဝါရာဟ်မြို့မှ လုံခြုံရေးတာဝန်ရှိသူကမူ အဆိုပါ သင်္ဘောတွင် လူပေါင်း ၄၀၀ ခန့် လိုက်ပါသွားသည်ဟု ပြောကြားခဲ့သည်။ သေဆုံးသွားသူများစာရင်းကို တာဝန်ရှိသူများက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အခြားသောရင်းမြစ်များကမူ သေဆုံးသူမှာ ဒါဇင်နှင့်ချီ၍ ရှိနေပြီး ကုန်တင်သင်္ဘောနစ်မြုပ်သည့်အချိန်တွင် သင်္ဘောအတွင်း၌ ပိတ်မိနေသူ အများအပြား ရှိနေသည်ဟု ပြောကြားခဲ့သည်။
ယမန်နေ့ညပိုင်းတွင် လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့မှာ ဒုက္ခသည် ၂၀၁ ဦးကို ကယ်ဆယ်ခဲ့ပြီး ၁၄၇ ဦးကို မြို့တော်ထရီပိုလီ မြောက်ပိုင်းရှိ ဆဘ်ရက်သာ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါသင်္ဘောတွင် လိုက်ပါသွားကြသူများမှာ အာဖရိကရှိ ဆဟာရဒေသ၊ ပါကစ္စတန်၊ ဆီးရီးယား၊ မော်ရိုကိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဖြစ်ကြသည်ဟု လစ်ဗျားလုံခြုံရေး တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဇူဝါရာဟ်မြို့မှာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများကို အီတလီသို့ ပို့ပေးသော လူမှောင်ခို သမားများ အဓိကကျက်စားရာ မြို့ဖြစ်ပြီး နိုင်ငံ၏ ဥပဒေကင်းမဲ့မှုနှင့် မတည်ငြိမ်မှုကို အသုံးချကာ ပဋိက္ခဖြစ်နေသော ဒေသများမှ ဒုက္ခသည်များကို ဥရောပသို့ တရားမ၀င်ပို့ဆောင်ကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဒုက္ခသည်များ ဥရောပသို့ သင်္ဘောများဖြင့် ၀င်ရောက်ရန် ကြိုးစားရာတွင် သေဆုံးသူ ၃၂၇၉ ဦးရှိခဲ့ပြီး၊ ယခုနှစ်အတွင်း သေဆုံးသူမှာ ၂၃၀၀ ကျော် ရှိပြီဖြစ်သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.