News @ M-Media

Blog

  • ရော်နယ်ဒိုကိုကျော်ဖြတ်ကာ ဥရောပအကောင်းဆုံးဆုကို မက်ဆီရရှိ

    ရော်နယ်ဒိုကိုကျော်ဖြတ်ကာ ဥရောပအကောင်းဆုံးဆုကို မက်ဆီရရှိ

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    messit

    – ပြီးခဲ့သည့်နှစ် ဘောလုံးရာသီ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် မဲပေးရွေးချယ်ခဲ့ရာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဆွတ်ခူးရရှိသွားခဲ့ပြီး၊ ယခုနှစ်၏ ပထမဆုံး အကောင်းဆုံးဆုတွင် ရော်နယ်ဒိုအား ကျော်ဖြတ်နိုင်ခဲ့သည်။

    ဇကာတင်စာရင်းမှာ ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် မက်ဆီတို့ဖြစ်ကြပြီး ယမန်နေ့ကပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ရော်နယ်ဒိုနှင့် ဆွာရက်ဇ်တို့ကိုဖြတ်ကျော်ကာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါဆုအတွက် ဥရောပတစ်ဝှမ်းရှိ ဂျာနယ်လစ်များက မဲပေးခဲ့ကြခြင်းဖြစ်သည်။

    မက်ဆီမှာ ဖလား ၃ လုံးရခဲ့သည့် ဘာစီလိုနာအသင်းအတွက် ပြီးခဲ့သည့်ရာသီက စုစုပေါင်း ၅၈ ဂိုး သွင်းပေးခဲ့ပြီး ၃၁ ဂိုး ဖန်တီးပေးခဲ့သည်။ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ဒုတိယ အကြိမ်မြောက် ရရှိခြင်းလည်းဖြစ်ပြီး ထိုဆုကို ၂ ကြိမ်မြောက်ရရှိသည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

    “ပြီးခဲ့တဲ့ရာသီဟာ ကျွန်တော်တို့တွက် အံ့သြစရာကောင်းတဲ့ရာသီ ဖြစ်ခဲ့ပါတယ်။ လျှို့ဝှက်ချက်များ ရှိသလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ ညီညွတ်ခဲ့ကြပြီး ဒါက မေ့ပစ်လို့မရတဲ့ နှစ်တစ်နှစ် ဖြစ်စေခဲ့ပါတယ်။ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အသင်းကို ကိုယ်စားပြုသူတွေပါ။ သူတို့ကြောင့်၊ ကလပ်ကြောင့်သာမဟုတ်ရင်
    ကျွန်တော် ဒီနေရာမှာ ရှိမှာမဟုတ်ပါဘူး” ဟု မက်ဆီက ဆုပေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

    မက်ဆီမှာ ချန်ပီယံလိဂ်တွင် ၁၀ ဂိုးသွင်းကာ ရော်နယ်ဒို နေးမာတို့နှင့်အတူ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်အတွင်း ကလပ်အသင်းနှင့် နိုင်ငံအသင်းအတွက် စုစုပေါင်း ၆၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    ယခုကဲ့သို့ ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သောကြောင့် ယခုနှစ်အတွင်း ပထမဆုံးချီးမြှင့်သော အကောင်းဆုံးဆုတွင် မက်ဆီက ပြိုင်ဘက်ကစားသမား ရော်နယ်ဒိုအား အသာရခဲ့ပြီး လာမည့် ဇန်န၀ါရီတွင် ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက်လည်း မက်ဆီနှင့် ရော်နယ်ဒိုသာ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

    Ref: Goal

  • မုဟမ္မဒ်သခင်၏ အစောပိုင်းဘ၀ကို ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင် အီရန်တွင် ရုံတင်

    မုဟမ္မဒ်သခင်၏ အစောပိုင်းဘ၀ကို ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင် အီရန်တွင် ရုံတင်

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    pro

    – နှောင့်နှေး ကြန့်ကြာမှုများရှိခဲ့ပြီး၊ ဝေဖန်မှု ရှိနေသော်လည်း တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ အစောပိုင်းဘ၀အခြေအနေကို ရိုက်ကူးထားသည့် ရုပ်ရှင်တစ်ခုကို ယမန်နေ့က အီရန်နိုင်ငံတွင် ရုံတင်ပြသခဲ့သည်ဟု သိရသည်။

    Muhammad ဟု အမည်ပေးထားသည့် အဆိုပါရုပ်ရှင်ကို အီရန်နာမည်ကျော်ဒါရိုက်တာ မာဂျစ်မာဂျီဒီက ရိုက်ကူးထားခြင်းဖြစ်ပြီး၊ မာဂျီဒီကမူ ထိုရုပ်ရှင် ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်မှာ အစ္စလာမ်၏ သရုပ်အမှန်ကို ကမ္ဘာကြီးအား ပြသရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် IS ကဲ့သို့ အစွန်းရောက်များနှင့် အကြမ်းဖက်အုပ်စုများကလည်း အစ္စလာမ်၏ အမည်ကို ခိုးယူကာ အလွဲသုံးစားလုပ်နေကြသည်ဟု ဆိုသည်။

    “အနောက်ကမ္ဘာမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ဖော်ပြမှုတွေ ပေါ်ထွက်လာပြီး ဒါတွေဟာ အစ္စလာမ်ရဲ့ ပုံရိပ်ကို ကြမ်းတမ်းစေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက အစ္စလာမ်နဲ့ ဆက်စက်မှုမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”

    ထိုရုပ်ရှင်မှာ မုဟမ္မဒ်သခင်၏ ဘ၀အခြေနေ သုံးပိုင်းထဲမှ ပထမဆုံး တစ်ပိုင်းအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး မုဟမ္မဒ်သခင် မမွေးခင်ခြေအနေ၊ ဆယ်ကျော်သက်ဘ၀နှင့် တမန်တော်အဖြစ် ချီးမြှောက်ခြင်းမခံရမီအချိန်အထိ ဇာတ်ကြောင်းများပါဝင်ကာ ယမန်နေ့တွင် ရုံတင်ခဲ့သည်။

    အဆိုပါရုပ်ရှင်ကို ပြီးခဲ့သည့်ဇန်န၀ါရီက တီဟီရန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖဂ်ျရ် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပထမဆုံး ပြသခဲ့သည်။ ရုပ်ရှင်တွင် မုဟမ္မဒ်သခင်၏ ရုပ်ပုံကို ဖော်ပြခြင်းမရှိဘဲ၊ ဘာသာရေးဆိုင်ရာ ဖော်ပြမှုများအတွက် အလင်း၊ အမှောင်တို့ကိုသာ အသုံးပြုထားသည်။

    ထိုရုပ်ရှင် ရိုက်ကူးရေးအတွက် ကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျခဲ့ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် မာဂျီဒီက ၇ နှစ်ကြာ အချိန်ယူခဲ့ရသည်။ ထို့ပြင် မုဟမ္မဒ်သခင်အကြောင်း ဖော်ပြမှုနှင့် ပတ်သက်၍ ဒုတိယမြောက် ငွေကုန်အကြေးကျအများဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့သည်။

    မုဟမ္မဒ်သခင်နှင့်ပတ်သက်သည့် ပထမဆုံး ရုပ်ရှင်ကို ဒါရိုက်တာ မွတ်စ်တာဖာ အက်ကဒ်က The Message ဟူသော အမည်ဖြင့် ရိုက်ကူးကာ ၁၉၇၆ ခုနှစ်တွင် ဖြန့်ချီခဲ့ပြီး မုဟမ္မဒ်သခင် တမန်တော်အဖြစ် ချီးမြှောက်ခံရပြီးနောက်ပိုင်းမှ ကွယ်လွန်ချိန်အထိ အကြောင်းအရာများကို ဖော်ပြထားသည်။ ထိုရုပ်ရှင်တွင်လည်း မုဟမ္မဒ်သခင်၏ ရုပ်ပုံကို ဖော်ပြခဲ့ခြင်းမရှိပေ။

    ဝေဖန်မှုများ

    ထိုရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှုနှင့်ပတ်သက်၍ မွတ်စလင်ကမ္ဘာတွင် ဝေဖန်မှုများလည်း ရှိနေသည်။

    “သေချာတာက ဆော်ဒီလို နိုင်ငံအချို့က ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ပြဿနာရှိပါလိမ့်မယ်။ ဒါပေမယ့် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့တောင်အာရှက နိုင်ငံတော်တော်များများအပါအ၀င် အစ္စလာမ့်မစ်နိုင်ငံ အများအပြားက ဒီရုပ်ရှင်ကို တောင်းဆိုထားကြပါတယ်” ဟု ဒါရိုက်တာ မာဂျီဒီက ပြောကြားခဲ့သည်။

    ထိုရုပ်ရှင်ကို ဝေဖန်သူများမှာ ဆော်ဒီတစ်နိုင်ငံတည်းမဟုတ်ချေ။ အီဂျစ်နိုင်ငံ အလ်-အဇ်ဟာရ် တက္ကသိုလ်ကလည်း တမန်တော်များအား အနုပညာဖြင့် ပုံဖော်ခြင်းမှာ ၎င်းတို့၏ နာမ်ပိုင်းဆိုင်ရာ အခြေအနေကို သေးသိမ်သွားစေနိုင်သောကြောင့် ထိုသို့ဖော်ပြခြင်းကို ကန့်ကွက်ခဲ့ကာ တမန်တော်များ၏ ရုပ်ပုံများအား ဖော်ပြခြင်းသာမက၊ အသံဖော်ပြခြင်းကိုလည်း ဆန့်ကျင်ခဲ့သည်။

    “တမန်တော်တွေရဲ့ နေရာမှာ သရုပ်ဆောင်တဲ့သူတွေက နောက်ပိုင်းမှာ ရာဇ၀တ်ကောင်တွေအဖြစ် သရုပ်ဆောင်တာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါဆိုရင် ကြည့်တဲ့သူတွေက ဒီဇာတ်ကောင်တွေကို ရာဇ၀တ်မှုတွေနဲ့ တွဲမြင်သွားနိုင်ပါတယ်” ဟု အလ်-အဇ်ဟာရ်အကြီးအကဲ အဟ်မဒ် အလ်-တိုင်ယစ်ဘ်၏ အကြံပေးဖြစ်သူ အဘ်ဒဲလ် ဒေယမ် နိုဆီရ်းက ပြောကြားခဲ့သည်။

    Ref: Onislam

  • အစ္စရေး ဝန်ကြီးချူပ်အား ဖမ်းဆီးရေး အွန်လိုင်းမှ လက်မှတ်ထိုး တောင်းဆိုမှု  UK တွင် အရှိန်မြင့်လာ

    အစ္စရေး ဝန်ကြီးချူပ်အား ဖမ်းဆီးရေး အွန်လိုင်းမှ လက်မှတ်ထိုး တောင်းဆိုမှု UK တွင် အရှိန်မြင့်လာ

    သြဂုတ် ၂၈ ၊ ၂၀၁၅
    M-Media
    1439727302
    –  ၂၀၁၄ ခုနှစ်တွင် အစ္စရေးက ဂါဇာအား တိုက်ခိုက်မှု၌ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက် အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဆီးရန် တိုက်တွန်းသည့် အွန်လိုင်းမှ တောင်းဆိုမှုမှာ ယူကေပါလီမန်တွင် ဆွေးနွေးရန် လိုအပ်သော ပြည်သူများ၏ လက်မှတ် တစ်သိန်း ရရှိတော့မည်အခြေအနေ ရှိနေသည်။

    “ရိုးရိုးသားသားပြောရရင် ကမ္ဘာ့ တရားစီရင်ရေး ဥပဒေတွေကြောင့် သူ့(နေတန်ယာဟု)ကို ဖမ်းဆီးဖို့ မမျှော်လင့်ပါဘူး။ သူ့ကို ဒီမလာစေချင်တဲ့သူ တော်တော်များများ ရှိတယ်ဆိုတဲ့ သတင်းစကားကိုပဲ ရှင်းရှင်းလင်းလင်း ပေးချင်တာပါ” ဟု ယူကေသို့ စက်တင်ဘာလတွင် လာရောက်မည်ဟု နေတန်ယာဟု၏ ကြေညာချက်ကို တုန့်ပြန်သည့်အနေဖြင့် အဆိုပါ တောင်းဆို လှုပ်ရှားမှုကို စတင် ဖော်ဆောင်ခဲ့သော ဒါမိန်း မော်ရန်က ပြောကြားခဲ့သည်။

    သြဂုတ်လ ၇ ရက်နေ့က စတင်လွှင့်တင်ခဲ့သော အဆိုပါ တောင်းဆိုမှုတွင် ယခုအချိန်အထိ လူပေါင်း ၇၆၀၀၀ ကျော် လက်မှတ်ရေးထိုးထားပြီး အစိုးရထဲမှ တရားဝင် တုန့်ပြန်ပြောကြားရေး အတွက် လိုအပ်သော လက်မှတ် ၁၀၀၀၀ ကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

    အဆိုပါလက်မှတ်များ တစ်သိန်းကျော်သွားပါက တောင်းဆိုမှုတွင်ပါဝင်သည့် အကြောင်းအရာများကို ပါလီမန်တွင် ဆွေးနွေးရန်အတွက် စဉ်းစားခံရမည်ဖြစ်သည်။

    လက်နက်သဘောတူညီချက်

    မော်ရန်၏ အဆိုပါအသနားခံစာတွင် အဓိကဖော်ပြမှုမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှစ၍ ၅၁ ရက်ကြာပြုလုပ်ခဲ့ပြီး အရပ်သား ၁၄၉၂ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာကို အစ္စရေးက ဗုံးကြဲမှုဖြစ်သည်။

    အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၆၆ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။

    “ဘင်ဂျမင်နေတန်ယာဟုက ဒီစက်တင်ဘာမှာ လန်ဒန်လာပြီး ဆွေးနွေးမှာပါ။ နိုင်ငံတကာဥပဒေအောက်မှာ နေတန်ယာဟုကို ယူကေရောက်တာနဲ့ ၂၀၁၄ ခုနှစ်က အရပ်သား ၂၂၀၀ ကျော် သေဆုံးမှုအတွက် စစ်ရာဇ၀တ်မှုနဲ့ ဖမ်းဆီးသင့်ပါတယ်” ဟု အဆိုပါ တောင်းဆိုမှု ကမ်ပိန်းတွင် ရေးသားထားသည်။
    fe2fe18865d84d7e845dbe7be823cbd4_18
    ဒါရီတွင် မွေးဖွားပြီး လက်ရှိတွင် မန်ချက်စတာ၌ နေထိုင်နေသော ဆော့ဖ်ဝဲ ပညာရှင် မော်ရန်က ၎င်းအနေဖြင့် ထိုလှုပ်ရှားမှုကြောင့် ရလဒ် တစ်ခုခုထွက်ရန် မမျှော်လင့်ဟုဆိုသည်။ သို့သော်လည် အစ္စရေး၏ ဂါဇာတွင် စစ်ရေးဆောင်ရွက်မှုကို ထင်ရှားစေချင်နေ၏။

    “ယူကေက နိုင်ငံရေးသမားတွေက အစ္စရေးကို ထောက်ခံကြတယ်။ (၀န်ကြီးချုပ်) ဒေးဗစ် ကင်မရွန်းကလည်း အစ္စရေးကို ထောက်ခံတယ်။ ဗြိတိန်အစိုးရကလည်း လက်နက်ရောင်းချဖို့ အစ္စရေးနဲ့သဘောတူညီချက်သစ် တစ်ခု ရထားတယ်။ ပြီးတော့ ဗြိတိန်ရဲ့လက်နက်တွေကို ဂါဇာအပေါ် ကျူးလွန်မှုမှာ သုံးမလားဆိုတာကိုလည်း သူတို့ သေသေချာချာ မပြောနိုင်ပါဘူး” ဟု မော်ရန်က ပြောကြားခဲ့သည်။

    “တိုက်ခိုက်နေတဲ့ သီတင်းပတ်အတွင်းမှာပဲ သဘောတူညီချက်ကို ဒေးဗစ် ကင်မရွန်းက အတည်ပြုလိုက်တယ်။ ဒါမျိုးက မဖြစ်သင့်ဘူးဗျ။ လူတွေက ဒါကိုမလိုချင်ဘူးဆို၊ ဘာ့ကြောင့် အစိုးရက လုပ်ရတာလဲ။ ဒီမှာ ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ” ဟု ယူကေက အတည်ပြုခဲ့သော ကန်ဒေါ်လာ ၆.၃ သန်းတန် လက်နက်ရောင်းချရေး သဘောတူညီချက်ကို ရည်ညွှန်း၍ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် ဝေဟင်မှ မြေပြင်ပစ် မစ်ဆိုင်းဒုံးကျည်များလည်း ပါဝင်လေသည်။

    ယခုနှစ်ဇူလိုင်လတွင် အစ္စရေးအပေါ် ကျန်ရှိနေသည့် လက်နက်ရောင်းဝယ်ရေး ကန့်သတ်ချက်အားလုံးကို ယူကေအစိုးရက ဖယ်ရှားလိုက်သည်။ ယူကေ၏ နိုင်ငံခြားသို့ လက်နက်ရောင်းချမှု သတ်မှတ်ချက်တွင် လက်နက်များကို လူ့အခွင့်အရေးအား ချိုးဖောက်ရေး အသုံးပြုမည်ဟု “ထင်ရှားသော အန္တရာယ်” ရှိနေသည့် မည်သည့်နေရာကိုမဆို လက်နက်ရောင်းချမှုကို ပိတ်ပင်ရမည်ဟု ပါဝင်သည်။

    အစိုးရက တုန့်ပြန်မှုပြုလုပ်ရန်အတွက် လိုအပ်သော လက်မှအရေအတွက် ရရှိခဲ့ပြီး သီတင်းပတ်အနည်းငယ် ကြာမြင့်ခဲ့သော်လည်း အစိုးရ၏ တုန့်ပြန်မှုကို မော်ရန်တစ်ယောက် စောင့်နေရဆဲဖြစ်သည်။ သို့သော်လည်း မိမိ၏ အဓိကရည်ရွယ်ချက်မှာ လွှတ်တော်တွင် ငြင်းခုံရသည့် ကိစ္စတစ်ခု ဖြစ်လာရန် ဖြစ်သည်ဟု သူကဆိုသည်။ ထိုကိစ္စအား ဖြေရှင်းပေးရေး အတွက်တော့ သူက မမျှော်လင့်။

    “သူတို့က ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးစနစ်၊ ကံကောင်းပါစေ.. ဘာညာ လျှောက်ပြောမှာပေါ့ဗျာ”

    လန်ဒန်ရှိ အစ္စရေးသံရုံးမှ အလ်ဂျာဇီးရားသတင်းဌာနသို့ ပေးပို့သော အီးမေးလ်တွင် အဆိုပါ တောင်းဆိုမှုကို “အဓိပ္ပါယ်မရှိသော စတန့်တစ်ခု” သာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “အစ္စရေးနဲ့ ယူကေအစိုးရတို့ရဲ့ဆက်ဆံရေးဟာ ဘယ်တုန်းကမှ နီးကပ်မှု မရှိခဲ့ပါဘူး အပြန်အလှန်ကုန်သွယ်မှုတွေက ပြီးခဲ့သည့်နှစ်တွေမှာ ၂ ဆ တိုးလာတယ်။ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကလည်း ပုံမှန်တိုးတက်နေပါတယ်” ဟု အဆိုပါမေးလ်တွင် ထည့်သွင်းရေးသားထားသည်။

    စစ်ရာဇ၀တ်မှုလား

    Operation Protective Edge (ဂါဇာအား အစ္စရေးတို့၏ တိုက်ခိုက်မှုအမည်) နှင့်ပတ်သက်၍ စစ်ရာဇ၀တ်မှု ပြဿနာများအဖြစ် အသံထွက်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်တော့။

    အစ္စရေး၏ဗုံးကြဲမှုပြီးဆုံးပြီး သိပ်မကြာခင်မှာပင် Amnesty International က “ထိုတိုက်ခိုက်မှုများမှာ အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို တမင်သက်သက် ပစ်မှတ်ထား ဆောင်ရွက်ပုံပေါ်ပြီး စစ်ရာဇ၀တ်မှုတွင် အကြုံးဝင်သည်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေးတို့၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားသော အစီရင်ခံစာတစ်စောင်ကိုလည်း ထိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    “အစ္စရေးတပ်ဖွဲ့တွေဟာ….. အရပ်သားတွေရဲ့ အိမ်တွေကို အကြိမ်ကြိမ်အခါခါ တိုက်ခိုက်ခြင်း၊ လူသတ်ပွဲနဲ့မခြား လုပ်ပြခြင်းဖြင့် စစ်ပွဲ၏ ဥပဒေများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည် ” ဟု Amnesty အဖွဲ့၏ အရှေ့အလယ်ပိုင်းနှင့် အမြောက်အာဖရိကဆိုင်ရာ ဒါရိုက်တာ ဖီးလစ် လူသာက ပြောကြားခဲ့သည်။

    “အစ္စရေးတပ်ဖွဲ့တွေက အရပ်သားအိမ်တွေဆီ တိုက်ခိုက်မှုတွေကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါတွေက သတိပေးချက်မရတဲ့၊ ထွက်ပြေးဖို့အခွင့်အရေးမရတဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်တွေအပေါ် အလေးမထားမှုကို တုန်လှုပ်ဖွယ်ရာ တွေ့ရတာလည်းဖြစ်ပါတယ်”

    “လူနေအိမ်တွေကို ထပ်ခါတစ်လဲလဲနဲ့ မသင့်လျော်တဲ့တိုက်ခိုက်မှုတွေက အစ္စရေးရဲ့ လက်ရှိ စစ်ဘက်နည်းလမ်းတွေဟာ သိသိသာသာ အပြစ်အနာအဆာရှိနေပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း အခြေခံကျကျကို ဆန့်ကျင်နေပါတယ်” ဟု လူသာက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အစ္စရေး၏ လုပ်ရပ်များကို ကာကွယ်ပြောကြားခဲ့ပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝေဖန်မှုများကို ပယ်ချခဲ့သည်။

    “အစ္စရေးဟာ နိုင်ငံတကာဥပဒေအရ ကိုယ့်ကိုယ်ကို ကာကွယ်တာပါ။ ဒီလိုပြောတာ ကျွန်တော်တို့ တစ်နိုင်ငံတည်း မဟုတ်ပါဘူး” ဟု ၂၀၁၄ ခုနှစ်က ပြည်သူအား ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    အဆိုပါအသနားခံစာ၏ တရားဝင်မှုကလွဲလျှင် အမှန်တစ်ကယ် အရာရောက်သည့် ရလဒ်မျိုး ထွက်လာနိုင်သည့် အလားအလာမရှိ။

    ယူကေ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ရုံးမှ အလ်ဂျာဇီးရားသို့ ပြောကြားရာတွင် နိုင်ငံတကာ ဥပဒေအောက်၌ မိမိနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြား တိုင်းပြည်အစိုးရ၏ အကြီးအကဲတစ်ဦးမှာ ဥပဒေရေးရာ လုပ်ငန်းစဉ်များနှင့် ကင်းလွတ်ခွင့်ရှိပြီး ဖမ်းဆီး ထိန်းသိမ်း၍ မရဟု ဆိုသည်။

    သို့သော်လည်း အဓိကအချက်က အစိုးရ၏ အရေးယူမှုများ မဟုတ်ဘဲ၊ ပြည်သူများ၏ တုံ့ပြန်မှုသာ ဖြစ်လေသည်။

    “လက်မှတ်တစ်သောင်းလောက်ထက်ပိုပြီး ကျွန်တော် မမှန်းခဲ့ပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြချင်ရုံလောက်ပါပဲ။ ဒါကြီးကို လစ်လျူမရှုစေချင်ပါဘူး”

    Source: Al Jazeera

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၇၊ ၂၀၁၅)

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    ဆီးရီးယားမြို့ ၃ မြို့တွင် အပစ်ရပ်ရေး သဘောတူညီချက်ရ
    …………………………………..
    သူပုန်များ ခြေကုပ်ယူထားရာ ဆီးရီးယားနိုင်ငံအနောက်ပိုင်းရှိ ဇာဘာဒါနီမြို့အပါအ၀င် မြို့ ၃ မြို့တွင် ၄၈ နာရီကြာ အပစ်ရပ်ရေး သဘောတူညီချက်ကို သူပုန်များနှင့် အစိုးရကိုထောက်ခံသည့် တပ်များက ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှစ၍ သက်ရောက်မည်ဖြစ်သည်။

    သြစတြီးယားရှိ ထရပ်ကားတစ်စီးပေါ်တွင် ဒုက္ခသည်များကို သေဆုံးလျက် တွေ့ရှိ
    ……………………………….
    သြစတြီးယားနိုင်ငံအရှေ့ပိုင်း ဘာဂန်လန်းပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် ရပ်ထားသော ထရပ်ကားတစ်စီး၌ ဒုက္ခသည် ၅၀ ခန့် သေဆုံးနေသည့်ကို ယနေ့တွင် တွေ့ရှိခဲ့ရသည်ဟု သြစတြီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒုက္ခသည်အရေး ဆွေးနွေးရန် ဗီယင်နာသို့ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ်မာကဲလ်ကမူ ထိုသတင်းအတွက် တန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ
    ဒုက္ခသည်များမှာ လူကုန်ကူးသူများ၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်ရပြီး သေဆုံးရသည့် အကြောင်းအရင်းကို အတိအကျ မသိရှိရပေ။

    ဂရိ တရားရုံးချုပ်မှ တရားသူကြီး အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် တာဝန်ယူမည်
    ……………………………
    ဂရိ တရားရုံးချုပ်မှ တရားသူကြီး ဗာစီလီကီ သာနျူကို အိမ်စောင့်အစိုးရ၏ အကြီးအကဲအဖြစ် တာဝန်ပေးလိုက်သည်ဟု သမ္မတရုံးက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဂရိသမ္မတ ပရိုကိုပစ် ပါဗလိုပူလော့စ်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များအား မစည်းရုံးနိုင်ခဲ့ဘဲ အိမ်စောင့်အစိုးရကိုသာ ဖွဲ့စည်းပေးခဲ့သည်။ သာနျူမှာ မနက်ဖြန်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး လာမည့်လတွင် ပြုလုပ်မည့် ရွေကောက်ပွဲပြီးသည့်အထိ တိုင်းပြည်အား ဦးဆောင်သွားမည်ဖြစ်သည်။

    Ref: News Agencies

  • အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    india

    – ဂူဂျာရတ်ပြည်နယ်တွင် ဇာတ်နိမ့်များအား ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူသေဆုံးမှုများ ရှိလာပြီးနောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အိန္ဒိအစိုးရက စစ်သား ထောင်နှင့်ချီ၍ ချထားလိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် စတင်ခဲ့သည့် ပါတဲလ်ဇာတ်နိမ့်များ၏ အဆိုပါဆန္ဒပြမှုမှာ အသက် ၂၂ နှစ်အရွယ် ၎င်းတို့၏ခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး ကားများနှင့် ရဲစခန်းများ မီးရှို့သည်အထိ ဖြစ်လာခဲ့သည်။

    ရဲ့တပ်ဖွဲ့အကြီးအကဲ ပီပီပန်ဒီကမူ လူပေါင်း ၅ သိန်းခန့် ဆန္ဒပြရာ အဓိကမြို့ဖြစ်သည့် အဟ်မဒ်ဒါဘတ်တွင် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများ၏ တိုက်ခိုက်မှုများမှာ ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်ပါ ဖြစ်ပွားလာခဲ့ပြီး ဘာနက်စ်ကန်သာခရိုင်တွင် ယမန်နေ့မနက်ပိုင်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်ရာတွင် လူ ၂ ဦးသေဆုံးခဲ့ကာ၊ မဲဟ်ဆာနာ ခရိုင်တွင် တစ်ဦး သေဆုံးခဲ့သည်။

    သတ္တမမြောက်သေဆုံးသူမှာ ရဲတပ်သားတစ်ဦးဖြစ်ပြီး လူအုပ်ကြီး၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြမှုကြောင့် ယမန်နေ့တွင် ပြည်နယ်အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပြီး၊ ယနေ့တွင် စစ်သားထောင်ပေါင်းများစွာကို ချထားခဲ့ခြင်းဖြစ်သည်။

    သမ္မတမိုဒီကမူ အကြမ်းဖက်မှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

    “အကြမ်းဖက်တာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး ပြဿနာတွေအားလုံးကို ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

    အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။

    ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

    ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera