သြဂုတ် ၂၇၊ ၂၀၁၅
M-Media
– ဂူဂျာရတ်ပြည်နယ်တွင် ဇာတ်နိမ့်များအား ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူသေဆုံးမှုများ ရှိလာပြီးနောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အိန္ဒိအစိုးရက စစ်သား ထောင်နှင့်ချီ၍ ချထားလိုက်သည်ဟု သိရသည်။
အင်္ဂါနေ့က ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် စတင်ခဲ့သည့် ပါတဲလ်ဇာတ်နိမ့်များ၏ အဆိုပါဆန္ဒပြမှုမှာ အသက် ၂၂ နှစ်အရွယ် ၎င်းတို့၏ခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး ကားများနှင့် ရဲစခန်းများ မီးရှို့သည်အထိ ဖြစ်လာခဲ့သည်။
ရဲ့တပ်ဖွဲ့အကြီးအကဲ ပီပီပန်ဒီကမူ လူပေါင်း ၅ သိန်းခန့် ဆန္ဒပြရာ အဓိကမြို့ဖြစ်သည့် အဟ်မဒ်ဒါဘတ်တွင် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများ၏ တိုက်ခိုက်မှုများမှာ ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်ပါ ဖြစ်ပွားလာခဲ့ပြီး ဘာနက်စ်ကန်သာခရိုင်တွင် ယမန်နေ့မနက်ပိုင်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်ရာတွင် လူ ၂ ဦးသေဆုံးခဲ့ကာ၊ မဲဟ်ဆာနာ ခရိုင်တွင် တစ်ဦး သေဆုံးခဲ့သည်။
သတ္တမမြောက်သေဆုံးသူမှာ ရဲတပ်သားတစ်ဦးဖြစ်ပြီး လူအုပ်ကြီး၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြမှုကြောင့် ယမန်နေ့တွင် ပြည်နယ်အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပြီး၊ ယနေ့တွင် စစ်သားထောင်ပေါင်းများစွာကို ချထားခဲ့ခြင်းဖြစ်သည်။
သမ္မတမိုဒီကမူ အကြမ်းဖက်မှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။
“အကြမ်းဖက်တာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး ပြဿနာတွေအားလုံးကို ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။
ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။
ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.