News @ M-Media

Blog

  • ကစားသမားများကို ရောင်းထုတ်မည်ဆိုသော သတင်းကို မိုနာကိုငြင်းဆို

    ကစားသမားများကို ရောင်းထုတ်မည်ဆိုသော သတင်းကို မိုနာကိုငြင်းဆို

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    monaco

    – ချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ၀င်ခွင့်မရခြင်းကြောင့် အသင်းရှိ တန်ဖိုးမြင့်ကစားသမားများကို ရောင်းထုတ်သွားမည်ဆိုသော သတင်းများမှာ မဟုတ်မှန်ဟု ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်း၏ ဒုတိယ ဥက္ကဌ ဗာဒင်မ် ဗာစီလ်ယက်ဗ်က ပြောကြားခဲ့သည်။

    ယနေ့မနက်က အိမ်ကွင်း၌ ကစားခဲ့သည့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့တွင် မိုနာကိုမှာ ဗစ်လင်စီယာအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့က ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးဖြင့် အုပ်စုအဆင့်သို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

    ထို့နောက် အသင်းအား ၀န်ထုတ်ဝန်ပိုးဖြစ်စေသည့် ကစားသမားများကို ရောင်းထုတ်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဒုတိယဥက္ကဌကမူ ငြင်းဆန်ခဲ့သည်။

    “ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမယ်လို့ တွက်ချက်ထားတာကြောင့် ကျွန်တော်တို့ ဘက်ဂျက် ဖယ်ထားပါတယ်။ ချန်ပီယံလိဂ်ကတော့ အပိုဆုပါပဲ။ ချန်ပီယံလိဂ်က ထွက်ရတာဟာ ကျွန်တော်တို့ရဲ့ ဘက်ဂျက် ဒါမှမဟုတ် ကစားသမားထွက်ခွာမှုတွေနဲ့ စပ်လျဉ်းပြီး ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အခြေအနေကို ကျွန်တော် အတည်ပြုပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို
    မရောင်းချင်ပါဘူး” ဟု ဗာစီလ်ယက်ဗ်က ပြောကြားခဲ့သည်။

    မိုနာကိုအသင်း၏ အဓိကစားသမားများဖြစ်သော ကွန်ဒေါ့ဂ်ဘီယားနှင့် ဖာရဲရားတို့မှာ ပြီးခဲ့သည့် နွေရာသီက ငွေကြေးအခွင့်အလမ်း ပိုများသည့် အသင်းများသို့ ထွက်ခွာသွားခဲ့ပြီး ကျန်ရှိသည့် အဘ်ဒီနောရ်နှင့် ကာဇာဝါတို့ကိုလည်း ဥရောပ ထိပ်သင်းအသင်းကြီးများက ချိတ်ဆက်မှုများ ရှိနေသည်။

    သို့သော်လည်း ငွေကြေးပမာဏများများဖြင့် ကမ်းလှမ်းလာခဲ့မှသာလျှင် ကစားသမားများအား ရောင်းချမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ကျွန်တော်တို့ကစားသမားတွေက တကယ်ထွက်ချင်တယ်၊ ပြီးတော့ ကျွန်တော်တို့လည်း ကမ်းလှမ်းမှုကောင်းကောင်း ရမယ်ဆိုမှသာ တုန့်ပြန်သွားမှာပါ။ ဒါဂိတ်ကုန်ပါပဲ”

    Ref: Goal

  • ခွဲခြားခံရမှုအတွက် ဟိန္ဒူဇာတ်နိမ့်များ ဆန္ဒပြသော ဂူဂျာရတ်တွင် ကာဖျူးအမိန့်ထုတ်

    ခွဲခြားခံရမှုအတွက် ဟိန္ဒူဇာတ်နိမ့်များ ဆန္ဒပြသော ဂူဂျာရတ်တွင် ကာဖျူးအမိန့်ထုတ်

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    inida

    – ဟိန္ဒူဇာတ်နိမ့်များအား အစိုးရအလုပ်အကိုင်များနှင့် တက္ကသိုလ်ကောလိပ်များတွင် ခွဲခြားမှုကို မကျေနပ်၍ ဂူဂျာရတ်ပြည်နယ်တွင် ပါတဲလ် ဇာတ်နိမ့်များ ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပြီးနောက် အိန္ဒိယအစိုးရက စစ်တပ်များချထားလိုက်ကာ ကာဖျူးအမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    သိန်းနှင့်ချီသော ပါတဲလ် ဇာတ်နိမ့်များမှာ ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် အင်္ဂါနေ့ကတည်းက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့ခေါင်းဆောင် ဟာဒစ်ပါတဲလ်ကို အိန္ဒိယအစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ကားများ၊ ဘတ်စ်များနှင့် ရဲစခန်းများအား မီးရှို့ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲဖြင့် တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဒါဇင်အနည်းငယ် ဒဏ်ရာရရှိခဲ့ဟု ဂူဂျာရတ် ရဲတပ်ဖွဲ့အကြီးအကဲ ပီစီ သာကူရ်က ပြောကြားခဲ့သည်။ ထို့ကြောင့် အဟ်မဒ်ဒါဘတ်မြို့နှင့် ပြည်နယ်အနောက်ပိုင်းရှိ အခြား မြို့ ၄ မြို့တွင် စစ်တပ်များကို ယမန်နေ့က ချထားလိုက်ကာ ကာဖျူးအမိန့် ထုတ်ပြန်လိုက်သည်။

    “အင်္ဂါနေ့နှောင်းပိုင်းကစလို့ ပြည်နယ်ရဲ့ မြို့တွေမှာ ပါတီဒါရ် (ပါတဲလ်) လူမျိုးတွေက မီးရှို့မှုကြီးတွေ၊ အဓိကရုန်းတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကာဖျူးအမိန့်ကို ထုတ်ပြန်လိုက်တာပါ။ ရဲကားတွေကို ကျောက်ခဲတွေနဲ့ထုတာတွေ၊ အွန်ဂျာဟ်နဲ့ ကာလိုမြို့နယ်တွေမှာ ရဲစခန်းတွေကို မီးရှို့တာတွေလည်း ရှိခဲ့ပါတယ်” ဟု သာကူရ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပါတဲလ်လူမျိုးများ၏ ခေါင်းဆောင် ဟာဒစ်က်ပါတဲလ်မှာ အင်္ဂါနေ့တွင်ပင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး နောက်လိုက်များအား တည်တည်ငြိမ်ငြိမ်ရှိကြရန် ပြောကြားခဲ့သော်လည်း ဗုဒ္ဓဟူးနေ့တွင် ထပ်မံ၍ ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။

    မြို့ ၅ မြို့၌ ပါတဲလ်များ၏ ဆန္ဒပြမှုအတွင်း ဘတ်စ်ကားအစီးရေ ၁၀၀ ခန့်မှာ မီးရှို့ဖျက်ဆီးခံရပြီး တိုက်ခိုက်မှုများကြောင့် အဆောက်အဦး ပျက်ဆီးမှုများလည်း ရှိခဲ့သည်။

    ဆန္ဒပြပွဲသို့ ပါတဲလ်ဇာတ်နိမ့် ၅ သိန်းခန့် တက်ရောက်ခဲ့ကြပြီး ၎င်းတို့အား မျှမျှတတ ဆက်ဆံရန် တိုက်တွန်းခဲ့ကြသည်။ ဂူဂျာရတ် ၀န်ကြီးချုပ် အမျိုးသမီး အနန်ဒီဘန် ပါတဲလ်ကမူ ၎င်း၏ လူ့အဖွဲ့အစည်းအား ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။

    အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။

    အနန်ဒီဘဲလ်ကမူ ပြည်နယ်အစိုးရမှာ ဇာတ်နိမ့်များအတွက် အစိုးရအလုပ်အကိုင် ၅၀ ရာခိုင်နှုန်းနှင့် ကျောင်းဝင်ခွင့် ၅၀ ရာခိုင်နှုန်းသာ ခန့်ထားရန် အိန္ဒိယတရားရုံးချုပ်က သတ်မှတ်ပေးထားသောကြောင့် ပါတဲလ်ဇာတ်နိမ့်များ၏ တောင်းဆိုမှုကို လိုက်လျောရန်မှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

    ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • မိုဇမ်ဘစ် တက္ကစီဒရိုင်ဘာ သေဆုံးမှု တောင်အာဖရိကရဲများ အနည်းဆုံး ထောင် ၁၅ နှစ် ကျခံရဖွယ်ရှိ

    မိုဇမ်ဘစ် တက္ကစီဒရိုင်ဘာ သေဆုံးမှု တောင်အာဖရိကရဲများ အနည်းဆုံး ထောင် ၁၅ နှစ် ကျခံရဖွယ်ရှိ

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    south

    – လွန်ခဲ့သည့် ၂ နှစ်အရင်က ရဲကားအနောက်မှ ကြိုးဖြင့် တရွတ်တိုက်ဆွဲခေါ်ခံခဲ့ရကာ သေဆုံးသွားခဲ့သည့် မိုဇမ်ဘတ် တက္ကစီဒရိုင်ဘာအမှုအတွက် တောင်အာဖရိက ရဲတပ်ဖွဲ့ဝင် ၈ ဦးမှာ အပြစ်ရှိကြာင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    သေဆုံးသွားသူမှာ အသက် ၂၇ နှစ်အရွယ် မီဒို မာစီယာဆိုသူဖြစ်ပြီး လမ်းမတွင် နေရာမှာယွင်း၍ ပါကင်ထိုးမှုကြောင့် အဖမ်းခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

    မာစီယာမသေဆုံးမီ မြို့တော် ဂျိုဟန်နစ္စဘတ်အရှေ့ပိုင်းတွင် လက်ထိပ်ခတ်ထားသော မာစီယာကို ရဲတပ်ဖွဲ့ ဗန်ကား၏ အနောက်တွင် ကြိုးဖြင့်ချည်ကာ မီတာရာပေါင်းများစွာအထိ တရွတ်တိုက် ဆွဲခေါ်သွားသည်ကို ဘေးတွင်ကြည့်သူများက ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ ထို့နောက် ၂ နာရီခန့်အကြာ၌ အချုပ်ခန်းထဲတွင် မာစီယာမှာ သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    ပရီထရိုရီယာရှိ တရားရုံးတွင် တရားသူကြီး ဘာ့တ်ဘမ်က ဗီဒီယိုမှတ်တမ်း၌ ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးစလုံးကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီး၊ မာစီယာမှာ ဖမ်းဆီးမှုကို ခုခံခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သည်ဟု ၎င်းတို့ လျှောက်လဲမှုကို ပယ်ချခဲ့သည်။

    ကားမောင်းသူကမူ ပတ်ဝန်းကျင်ရှိ ဒေါသထွက်နေသော လူအုပ်ကြီးမှ လွတ်မြောက်ရန် ကားကို မောင်းပြေးခဲ့ခြင်းဖြစ်ပြီး မာစီယာ အနောက်တွင် ရှိနေသည်ကို မသိခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

    သို့သော်လည်း ဖမ်းဆီးခဲ့သည့်ရဲအား ဆဲဆိုမှုအတွက် သင်ခန်းစာပေးရန် ထိုသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးက ယူဆခဲ့ပြီး၊ မာစီယာမှာ လမ်းစည်းကမ်းချိုးဖောက်မှုအတွက် ဥပဒေပ ဖမ်းဆီးခံခဲ့ရခြင်းကြောင့် ၎င်းတို့အား ခုခံသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် မာစီယာမှာ အချုပ်ခန်းထဲတွင် ထပ်မံ၍ ငြှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရပြီး၊ အလောင်းအား စစ်ဆေးမှုများအရ ဦးခေါင်းတွင် ပေါက်ပြဲပဲရွဲ့ဒဏ်ရာအများအပြားကို တွေ့ခဲ့ရဟုလည်း ဘမ်က ပြောကြားခဲ့သည်။

    အမှုတွင်ပါဝင်သူမှာ ၉ ဦးဖြစ်ပြီး တစ်ဦးကို ယခင်က တရားသေလွှတ်ပေးခဲ့သည်။ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည့် ၈ ဦးကို လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ် ကျခံရဖွယ်ရှိနေသည်။

    Ref: Aljazeera

  • မလေးရှားသို့ တရားမ၀င် ၀င်ရောက်မည့် မြန်မာနိုင်ငံသားများကို ထိုင်းဖမ်းဆီး

    မလေးရှားသို့ တရားမ၀င် ၀င်ရောက်မည့် မြန်မာနိုင်ငံသားများကို ထိုင်းဖမ်းဆီး

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    – ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးစားနေသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့် လူကုန်ကူးသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို ထိုင်းတောင်ပိုင်း နာရာသီဝပ် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    နာရာသီဝပ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး အကြီးတန်းတာဝန်ရှိသူ ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး သက်ချိုင်း ပစ်တာနီလာလွတ်က ၎င်းတို့ဌာနမှာ မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းဘက်ခြမ်းရှိ အိမ်တစ်အိမ်၌ မြန်မာနိုင်ငံသား အုပ်စုတစ်စု ပုန်းအောင်းနေသည်ဟု ထောက်လှမ်းရေးသတင်း ရခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ရဲတပ်ဖွဲ့က အဆိုပါအိမ်အား ၀င်ရောက်စီးနင်းခဲ့ရာတွင် အသက် ၁၉ နှစ်မှ ၂၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ အိတ် ၅ လုံး၊ သက်တမ်းလွန်နေပြီဖြစ်သော ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့် အထောက်အထားများကို သိမ်းဆည်းရမိခဲ့သည်။

    ၎င်းတို့ ၅ ဦးအပြင် အသက် ၃၀ အရွယ် ထိုင်းနိုင်ငံသား ချီ ဘာကာ ချီ မူဒါကိုလည်း မေးမြန်းမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ချီဘာကာကမူ အဆိုပါအိမ်မှာ လူကုန်ကူးသူ အေးဂျင့်နှစ်ယောက်က ပို့ဆောင်ပေးမည့် မြန်မာနိုင်ငံသားများအတွက် လမ်းခုလတ် နားခိုရာနေရာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံသားများကို ထိုင်း-မလေးရှားနယ်စပ်ရှိ တောလမ်းကြောင်းမှတစ်ဆင့် မလေးရှားသို့ ခေါ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

    ၎င်းတို့အုပ်စုကို လက်ရှိအချိတွင် ဆွန်ဂိုင်း ဂိုလော့ရဲစခန်း၌ ထိန်းသိမ်းထားပြီး နာရာသီဝပ် ပြည်နယ်တရားရုံးသို့ ပို့ဆောင်ကာ တရားစွဲဆိုသွားမည်ဖြစ်သည်။

    Ref: The Malaysian Insider

  • မန်ယူမှာ ဘောလုံးမရသည့်အချိန်တွင် ပိုကောင်းသည်ဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ ဘောလုံးမရသည့်အချိန်တွင် ပိုကောင်းသည်ဟု ဗန်ဂါးလ်ပြော

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    mu

    – မိမိအသင်း၏ ခံစစ်နှင့် တိုက်စစ်မှာ ဘောလုံးမရှိသည့်အချိန်တွင် ပို၍ ကောင်းမွန်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ရောက်ရေးမှာလည်း အလွန် အရေးကြီးသည်ဟု ဆိုသည်။

    မန်ယူမှာ ယခုနှစ်ရာသီအစတွင် ကစားခဲ့သည့် လေးပွဲစလုံး၌ ရှုံးပွဲမရှိသေးသော်လည်း တိုက်စစ်ပိုင်းတွင် ပြဿနာရှိနေပြီး ဂိုးရရန်ခက်ခဲနေကာ ပရီးမီးယားလိဂ်တွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။ ထို့ကြောင့် အဓိက တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီမှာ ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံနေရသည်။ ဗန်ဂါးလ်ကလည်း အသင်း၏ ခံစစ်ကစားသမားများမှာ ချီးကျူးမှုနှင့် ပိုထိုက်တန်သည်ဟု ဆိုသည်။

    ယခုနှစ် အသင်းအခြေအနေနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရှိလားဟု မေးမြန်းရာ ဗန်ဂါးလ်က

    “အခုအချိန်အထိတော့ ကျွန်တော်တို့ ခံစစ်အုပ်စုကိုပဲ ကြိုက်ပါသေးတယ်။ ဘောလုံးကို အဓိကကာလ လေးခုခွဲပြီး၊ ကျွန်တော်တို့မှာ ၂ ခုရှိပါတယ်။ အဲဒါကတော့ ပြိုင်ဘက်က ဘောလုံးရနေချိန်မှာ ကျွန်တော်တို့က ပိုကောင်းတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒါကို ကျွန်တော်တို့ သက်သေပြခဲ့ပြီး အခုနှစ်မှာလည်း Clean Sheet တော်တော်များများနဲ့ ကျွန်တော်တို့ ဆက်လက် သက်သေပြနေပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ဒါပေမယ့် ဘောလုံးရတဲ့အချိန် တိုးတက်လာအောင် ကျွန်တော်တို့ လုပ်ရပါမယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်

    မန်ယူမှာ ယနေ့ညတွင် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ဘရုဂျက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ပထမအကျော့တွင် ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ထားပြီး အခြေအနေ ကောင်းနေသော်လည်း ဗန်ဂါးလ်မူ ထိုပွဲမှာ အသင်းအတွက် အရေးပါဆုံးပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဟုတ်ပါတယ်။ ဒါက ယူနိုက်တက်အတွက် အရေးပါဆုံးပွဲပါ။ တစ်နှစ်ကျော်ပြီးတဲ့အချိန် ချန်ပီယံလိဂ်မှာ ၀င်ခွင့်ရဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါ။ ပြီးတော့ ကျွန်တော်တို့ ပါဝင်ခွင့် မရသေးပါဘူး။ သိပ်အရေးပါပါတယ်။ ပြိုက်ဘက်ထက် ဂိုးပိုများများနဲ့ အဆုံးသတ်အောင် ကျွန်တော်တို့ ကစားရပါမယ်။ အဲဒီနောက်မှသာ ကျွန်တော်တို့ (ချန်ပီယံလိဂ်ကို) ၀င်ကစားရမှာပါ”

    Ref: Goal