News @ M-Media

ကစားသမားများကို ရောင်းထုတ်မည်ဆိုသော သတင်းကို မိုနာကိုငြင်းဆို

သြဂုတ် ၂၆၊ ၂၀၁၅
M-Media

monaco

– ချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ၀င်ခွင့်မရခြင်းကြောင့် အသင်းရှိ တန်ဖိုးမြင့်ကစားသမားများကို ရောင်းထုတ်သွားမည်ဆိုသော သတင်းများမှာ မဟုတ်မှန်ဟု ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်း၏ ဒုတိယ ဥက္ကဌ ဗာဒင်မ် ဗာစီလ်ယက်ဗ်က ပြောကြားခဲ့သည်။

ယနေ့မနက်က အိမ်ကွင်း၌ ကစားခဲ့သည့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့တွင် မိုနာကိုမှာ ဗစ်လင်စီယာအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့က ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးဖြင့် အုပ်စုအဆင့်သို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

ထို့နောက် အသင်းအား ၀န်ထုတ်ဝန်ပိုးဖြစ်စေသည့် ကစားသမားများကို ရောင်းထုတ်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဒုတိယဥက္ကဌကမူ ငြင်းဆန်ခဲ့သည်။

“ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမယ်လို့ တွက်ချက်ထားတာကြောင့် ကျွန်တော်တို့ ဘက်ဂျက် ဖယ်ထားပါတယ်။ ချန်ပီယံလိဂ်ကတော့ အပိုဆုပါပဲ။ ချန်ပီယံလိဂ်က ထွက်ရတာဟာ ကျွန်တော်တို့ရဲ့ ဘက်ဂျက် ဒါမှမဟုတ် ကစားသမားထွက်ခွာမှုတွေနဲ့ စပ်လျဉ်းပြီး ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အခြေအနေကို ကျွန်တော် အတည်ပြုပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို
မရောင်းချင်ပါဘူး” ဟု ဗာစီလ်ယက်ဗ်က ပြောကြားခဲ့သည်။

မိုနာကိုအသင်း၏ အဓိကစားသမားများဖြစ်သော ကွန်ဒေါ့ဂ်ဘီယားနှင့် ဖာရဲရားတို့မှာ ပြီးခဲ့သည့် နွေရာသီက ငွေကြေးအခွင့်အလမ်း ပိုများသည့် အသင်းများသို့ ထွက်ခွာသွားခဲ့ပြီး ကျန်ရှိသည့် အဘ်ဒီနောရ်နှင့် ကာဇာဝါတို့ကိုလည်း ဥရောပ ထိပ်သင်းအသင်းကြီးများက ချိတ်ဆက်မှုများ ရှိနေသည်။

သို့သော်လည်း ငွေကြေးပမာဏများများဖြင့် ကမ်းလှမ်းလာခဲ့မှသာလျှင် ကစားသမားများအား ရောင်းချမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့ကစားသမားတွေက တကယ်ထွက်ချင်တယ်၊ ပြီးတော့ ကျွန်တော်တို့လည်း ကမ်းလှမ်းမှုကောင်းကောင်း ရမယ်ဆိုမှသာ တုန့်ပြန်သွားမှာပါ။ ဒါဂိတ်ကုန်ပါပဲ”

Ref: Goal

Comments

Leave a Reply