News @ M-Media

Blog

  • တစ်ရက်အတွင်း ၆၄ ဦး သတ်ဖြတ်ခဲ့သည့် အစ္စရေး

    တစ်ရက်အတွင်း ၆၄ ဦး သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ဇူလိုင် ၂၁၊ ၂၀၂၄
    M-Media

    -ဇူလိုင်လ ၂၀ ရက်နေ့အတွင်း ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူ ၆၄ ဦး ရှိပါတယ်။

    ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၈၉၈၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    မနေ့က တစ်ရက်အတွင်း အစ္စရေးရဲ့ လက်ချက်ကြောင့် ဒဏ်ရာရသူ အရေအတွက်ဟာ ၁၀၅ ဦး ရှိပါတယ်။

    ဂျာနယ်လစ် ၁၆၂ ဦး

    ဇူလိုင် ၂၁ ရက်နေ့ မနက်မှာတော့ ပါလက်စတိုင်းဂျာနယ်လစ် မူစတာအင် မဟ်မူးဒ် ဂါရဘ်ကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။

    ၉ လကျော်အတွင်း ဂါဇာမှာ အစ္စရေးက သတ်ဖြတ်ထားတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၁၆၂ ဦးအထိ ရှိလာပြီလို့ ဂါဇာအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

    ဂါရဘ်ဟာ ပါလက်စတိုင်းက မီဒီယာလုပ်ငန်း အများအပြားမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သေနတ်ဖြင့် အပစ်ခံရပြီးနောက် လေသံပြောင်းသွားသည့် ထရမ့်

    သေနတ်ဖြင့် အပစ်ခံရပြီးနောက် လေသံပြောင်းသွားသည့် ထရမ့်

    ဇူလိုင် ၁၉၊ ၂၀၂၄
    M-Media


    -လာမယ့်နို၀င်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်တွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း ဆော်သြခဲ့ပါတယ်။

    ရီပက်ဘလစ်ကန်ပါတီက ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို တရား၀င်လက်ခံတဲ့ ဇူလိုင်လ ၁၈ ရက်နေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ သူဟာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

    ထရမ့်ဟာ အမေရိကန်နိုင်ငံရေးနဲ့ ပြည်သူလူထုကို သွေးကွဲစေသူအဖြစ် ထင်ရှားပါတယ်။ ဒါပေမယ့် အသက်ဘေးက လွတ်မြောက်လာပြီး ၆ ရက်အကြာ လူမြင်ကွင်းပြန်ထွက်လာချိန်မှာတော့ ညီညွတ်ရေးကို အဓိကထား ပြောကြားသွားခဲ့ပါတယ်။

    ၀စ်ကွန်ဆင်မြို့က ၁ နာရီခွဲကျော် ကြာခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းဟာ ခေတ်သစ် အမေရိကန်သမိုင်းရဲ့ သမ္မတလောင်းအဖြစ် လက်ခံမှုမိန့်ခွန်းမှာ အရှည်ကြာဆုံးအဖြစ် မှတ်တမ်း၀င်ပါတယ်။
    နိုင်ငံရေးအတိုက်အခံတွေအပေါ် ပုံဖျက်ပြောဆိုမှုကို လက်မခံဘူးလို့ ထရမ့်က ပြောပါတယ်။

    “ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်လိုအသားအရောင်၊ ဘယ်လိုမျိုးနွယ်မျိုးဖြစ်ဖြစ် နိုင်ငံသားအားလုံး လွတ်လပ်လုံခြုံပြီး သာယာ၀ပြောတဲ့ ခေတ်သစ်တစ်ခု ထူထောင်ဖို့အတွက် ကျွန်တော်တို့ အတူအကွ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းက သွေးကွဲမှုတွေ၊ အမြင်စောင်းမှုတွေကို မြန်မြန်ဆန်ဆန် ကုစားသွားရမယ်။ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသူတွေဖြစ်တယ်။ အားလုံးညီမှ အောင်မြင်မှာဖြစ်ပြီး၊ ဒီလိုမှမဟုတ်ရင် ကျဆုံးသွားမှာ ဖြစ်ပါတယ်”


    Ref: Aljazeera

  • တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့သည့် ကွန်ပျူတာပြဿနာ ဘယ်ကစလဲ

    တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့သည့် ကွန်ပျူတာပြဿနာ ဘယ်ကစလဲ

    ဇူလိုင် ၁၉၊ ၂၀၂၄
    M-Media

    -ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ကမ္ဘာတစ်၀ှမ်း ကွန်ပျူတာတွေမှာ အသုံးပြုနေတဲ့ Windows စနစ်မှာ အမှားအယွင်းတစ်ခု ဖြစ်ခဲ့တာကြောင့် ကွန်ပျူတာစနစ်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့ပါတယ်။

    ဒီလိုရပ်ဆိုင်းမှုကြောင့် ကွန်ပျူတာစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လေကြောင်းလိုင်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ အရေးပေါ် တုန့်ပြန်မှုစနစ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကွန်ပြူတာ၊ ဖုန်းဆော့ဖ်၀ဲတွေ အားလုံး အလုပ်မလုပ်တော့ဘဲ ကမ္ဘာ့ယန္တရားကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်ခဲ့ပါတယ်။

    ဒီလို ဆုံးရှုံးမှု ကြီးမားခဲ့တဲ့ ပြဿနာကို စတင်ခဲ့သူက အမေရိကန် အိုင်တီကုမ္ပဏီတစ်ခုဖြစ်တဲ့ CrowdStrike ပါ။ Windows စနစ်ကို ထုတ်လုပ်ရောင်းချတဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီအပါအ၀င် နိုင်ငံတကာ နည်းပညာကုမ္ပဏီ တော်တော်များများကို ဆိုက်ဘာလုံခြုံရေး ၀န်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

    CrowdStrike က ထုတ်လုပ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆော့ဖ်၀ဲကို ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက Update လုပ်ရာမှာ ဖိုင်တစ်ခု မှားယွင်းသွားတဲ့အတွက် ဒီဆော့ဖ်၀ဲကို အသုံးပြုတဲ့ Windows စနစ်ကိုပါ ထိခိုက်ခဲ့ပြီး ကမ္ဘာတစ်၀ှမ်းက ကွန်ပျူတာစနစ်တွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

    CrowdStrike စီအီးအို ဂျော့ဂျ်ကာ့ဇ်က ဒီပြဿနာဟာ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ဖြစ်တာမဟုတ်ဘဲ သူတို့ဖက်က အမှားအယွင်းသာဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခရောက်ခဲ့ကြအတွက် တောင်းပန်တယ်လို့လည်း ကာ့ဇ်က ပြောပါတယ်။

    လက်ရှိမှာ ဒီအမှားအယွင်းကို အင်ဂျင်နီယာတွေက Update ပေးကာ ပြုပြင်နေပြီး တစ်ချို့နေရာတွေမှာ Windows စနစ် ပြန်လည်အသုံးပြုလို့ ရနေပြီလို့ CrowdStrike က ထုတ်ပြန်ထားပါတယ်။

    Ref: CNN

  • အစ္စရေးကို ဟူသီအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်

    အစ္စရေးကို ဟူသီအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်

    ဇူလိုင် ၁၉၊ ၂၀၂၄
    M-Media

    -အစ္စရေးရဲ့ တယ်အဗီးမြို့မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

    ယီမင်လက်နက်ကိုင်အဖွဲ့ ဟူသီက ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်ပြီး ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက်မှုတွေကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ကမ္ဘာတစ်၀ှမ်းက ချီးကျူးပြောဆိုကြတဲ့ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ဟူသီဒရုန်း ၀င်ရောက်လာတာကို သိရှိခဲ့ခြင်း မရှိပါဘူး။

    ဟူသီရဲ့ နိုင်ငံရေးပေါ်လစ်ဗျူရိုအဖွဲ့၀င် ဟမ်ဇာ အလ်-အာဆတ်က ဒီတိုက်ခိုက်မှုဟာ အစ္စရေးက မြို့ကြီးတွေကို ပစ်မှတ်ထားမယ့် စစ်ဆင်ရေးသစ်ရဲ့အစ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီမဟာဗျူဟာမြောက် စစ်ဆင်ရေးသစ်မှာ လက်ဘနွန်၊ အီရတ်နဲ့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေက လက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းပါ၀င်သွားမယ်လို့ အလ်-အာဆတ်က ပြောပါတယ်။

    တိုက်ခိုက်မှုမှာ အသုံးပြုတဲ့ဒရုန်းဟာ အီရန်ထုတ်ဒရုန်းဖြစ်ပြီး ဒီအတွက် လက်တုန့်ပြန်သွားမယ်လို့ အစ္စရေးဖက်က ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၉၀၀၀ နီးပါး ရှိလာပြီဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပင်လယ်ကူးသင်္ဘောကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် လင်းပိုင်အရေပြား ပန်ကာ

    ပင်လယ်ကူးသင်္ဘောကဏ္ဍကို တစ်ခေတ်ဆန်းစေမည့် လင်းပိုင်အရေပြား ပန်ကာ

    ဇူလိုင် ၁၈၊ ၂၀၂၄
    M-Media

    -ပင်လယ်ကူး သင်္ဘောကြီးတွေရဲ့ ဧရာမပန်ကာကို လင်းပိုင်အရေပြားပုံစံ ဖန်တီး အသုံးပြုတာကြောင့် လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ပြီး၊ သဘာ၀ပတ်၀န်းကျင်အတွက် ပိုမို ကောင်းမွန်စေတယ် ဆိုတာကို တရုတ်ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    ပန်ကာတွေရဲ့ တွန်းအားကို ပိုမိုကောင်းမွန်အောင် ရေနေသတ္တ၀ါတွေရဲ့ ကူးလူးသွားလာမှုကို အတုယူ စမ်းသပ်ဖန်တီးရာကနေ အခုလို အောင်မြင်မှုမျိုး ရရှိလာခဲ့တာပါ။ လင်းပိုင်ရဲ့ အရေပြားတည်ဆောက်ပုံနဲ့ အရေပြားမှာရှိတဲ့ အချွဲတစ်မျိုးဟာ အရေပြားနဲ့ ရေတို့အကြား ပွတ်တိုက်မှုကို လျော့ပါးစေပါတယ်။

    တန်ချိန် ၃ သိန်းရှိတဲ့ ရေနံတင်သင်္ဘောရဲ့ ပန်ကာကို ဒီလိုပုံစံ ဖန်တီးပြီး ၃ ကြိမ် အသွားအပြန် ခုတ်မောင်းခဲ့ရာမှာ ဆီစား ၂ ရာခိုင်နှုန်း သက်သာတာကို ပညာရှင်တွေက တွေ့ခဲ့ရပါတယ်။ တစ်နှစ်ကို ဆီတန်ချိန် ၃၀၀ လောက် သက်သာသွားမှာပါ။

    သင်္ဘောရဲ့ ဒေါက်တစ်ခါ၀င်ရတဲ့ ၂ နှစ်ခွဲကာလမှာ စွမ်းအင်သုံးစွဲမှု ၁ ဒဿမ ၅ ရာခိုင်နှုန်းလောက် ချွေတာနိုင်မှာဖြစ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ပေါင်း ၉၀၀ လောက်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    Ref: Interesting Engineering