News @ M-Media

Blog

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    ဇူလိုင် ၂၅၊ ၂၀၂၄
    M-Media

    -အာဆီယံအဖွဲ့က အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီစဥ်ကို လက်မခံတဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ၀ေဖန်ရှုတ်ချလိုက်ပါတယ်။

    လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးအပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံစဥ်မှာ မာဆူဒီက ဒီလို ၀ေဖန်လိုက်တာပါ။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ဟာ အာဆီယံအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အဖွဲ့ကတင်ပြတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီသဘောတူညီချက်တွေကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါဘူး။

    “ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်လိုစိတ် မရှိဘူးဆိုတဲ့အကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်”

    စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ဟာ အာဆီယံအဖွဲ့ထဲမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

    အာဆီယံ သံတမန်အသိုင်းအ၀ိုင်းရဲ့ အမည်မဖော်လိုသူတစ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိ အားနည်းလာတဲ့ အနေအထားကြောင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရေးကို ပြန်လည်စဥ်းစားလာတယ်လို့ ပြောပါတယ်။

    ဗီယန်ကျင်းက အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာ့အရေး အားလုံးပါ၀င်တဲ့ သဘောတူညီချက် မရခဲ့ဘူးလို့ သံတမန်ရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

    အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က စစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ လိုလားနေကြပြီး ထိုင်းနိုင်ငံကတော့ သူတို့ လတ်တလောလုပ်ဆောင်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုကိုသာ ဆက်လက်လုပ်ဆောင်ချင်နေပါတယ်။

    Ref: The Star

  • တရုတ်၏ ကြား၀င်ညှိနှိုင်းမှုကြောင့် ပါလက်စတိုင်းနှစ်ဖွဲ့ပေါင်းစည်း

    တရုတ်၏ ကြား၀င်ညှိနှိုင်းမှုကြောင့် ပါလက်စတိုင်းနှစ်ဖွဲ့ပေါင်းစည်း

    ဇူလိုင် ၂၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ (၀ဲမှယာ)- ဖာတာဗဟိုကော်မတီ ဒုတိယဥက္ကဌ မဟ်မူးဒ် အလ်-အလူ၊ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီ၊ ဟားမက်စ်အကြီးတန်းခေါင်းဆောင် မူဆာ အဘူ မာဇူက်)


    -ပါလက်စတိုင်း လွတ်မြောက်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့နှစ်ခုဖြစ်တဲ့ ဖာတာနဲ့ ဟားမက်စ်တို့ဟာ အမျိုးသားညီညွတ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ဇူလိုင်လ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်သွားတဲ့အခါ ဂါဇာကမ်းမြှောင်ကို ပါလက်စတိုင်းတွေသာ စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ဖြစ်ပါတယ်။

    ဒီသဘောတူညီချက်ရဖို့အတွက် တရုတ်နိုင်ငံက ကြား၀င်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး ဘေဂျင်းမှာ ၃ ရက်ကြာ ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြတာပါ။ ဟားမက်စ်နဲ့ ဖာတာအပြင် အခြားပါလက်စတိုင်း လွတ်မြောရေးအဖွဲ့ ၁၂ ခုကလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    “အမျိုးသားညီညွတ်ရေးအတွက် ကျွန်တော်တို့ ဒီကနေ့ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီခရီးလမ်းရဲ့ အဆုံးဟာ အမျိုးသားညီညွတ်ရေးမှာ အဆုံးသတ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ပြောလိုပါတယ်” လို့ ဟားမက်စ် အကြီးတန်းခေါင်းဆောင် မူဆာ အဘူ မာဇူက်က ပြောပါတယ်။

    သဘောတူညီချက်မှာ အချက် ၄ ချက်ပါ၀င်ပါတယ်။ ကြားဖြတ် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေး၊ အနာဂတ် ရွေးကောက်ပွဲတွေ မတိုင်ခင် ညီညွတ်တဲ့ ပါလက်စတိုင်း ခေါင်းဆောင်မှုတစ်ခု ပေါ်ပေါက်လာရေး၊ ပါလက်စတိုင်း အမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့နဲ့ အစ္စရေးရဲ့ လက်ရှိတိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တညီတညွတ်တည်း ကြေငြာချက် ထုတ်ပြန်ရေးတို့ ဖြစ်ပါတယ်။

    ဖာတာနဲ့ ဟားမက်စ်တို့ဟာ ပါလက်စတိုင်း လွတ်မြောက်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေထဲမှာ အကြီးဆုံး အဖွဲ့နှစ်ခု ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သဘောထားကွဲလွဲကာ ဖာတာက ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းက ပါလက်စတိုင်းပိုင်နက်တွေ၊ ဟားမက်စ်က ဂါဇာကမ်းမြှောင်တို့ကို သီးခြားစီ ထိန်းချုပ်ခဲ့ပါတယ်။

    ဟားမက်စ်က ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုင်ပွဲ၀င်ရမယ်ဆိုတဲ့ သဘောထားမျိုးရှိပြီး၊ ဖာတာက အစ္စရေးနဲ့ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့ သဘောထားရှိပါတယ်။ ဒီအဖွဲ့နှစ်ခုအကြား အရင်က ရင်ကြားစေ့ရေး ဆွေးနွေးခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

    “ကျွန်တော်တို့ သမိုင်းတစ်ကွေ့ကို ရောက်နေပြီ။ ကျွန်တော်တို့ ပြည်သူတွေလည်း လွတ်မြောက်ရေးအတွက် ထကြွနိုးကြားလာကြပါပြီ” လို့ အဘူ မာဇူက်က ပြောပါတယ်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲဟာ ပါလက်စတိုင်းအဖွဲ့တွေ ပေါင်းစည်းဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ ၉ လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၃၉၀၉၀ ဦးကို အစ္စရေးက သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
    Ref: Aljazeera

  • ကာမာလာ ဒေ၀ီ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ရေး လမ်းကြောင်းပေါ် ရောက်လာသူ

    ကာမာလာ ဒေ၀ီ ဟာရစ် (သို့) အမေရိကန်၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ရေး လမ်းကြောင်းပေါ် ရောက်လာသူ

    ဇူလိုင် ၂၃၊ ၂၀၂၄
    M-Media

    -အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ လာမယ့်နို၀င်ဘာ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်နိုင်ရေး ဒီမိုကရက်တစ် ပါတီကိုယ်စားလှယ်တွေထဲကနေ လိုအပ်တဲ့ ထောက်ခံမှုအရေအတွက်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

    ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်က လာမယ့်ရွေးကောက်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရုတ်တရက် ကြေငြာခဲ့ပြီး ကာမာလာကို သူ့နေရာဆက်ခံမယ့်သူအဖြစ် သတ်မှတ်ပေးသွားတာပါ။

    ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ မဲပေးရွေးချယ်မှုမှာ ကာမာလာဟာ ပါတီကိုယ်စားလှယ် အနည်းဆုံး ၁၉၇၆ ဦးရဲ့ ထောက်ခံမှု လိုအပ်နေတာ ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် နှုတ်ထွက်ပြီးနောက်ပိုင်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေထဲက ကာမာလာကို ထောက်ခံကြောင်း ပြောကြားထားသူက လိုအပ်တဲ့ အရေအတွက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

    လာမယ့်လ ချီကာဂိုမှာလုပ်မယ့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပါတီကိုယ်စားပြု သမ္မတလောင်းကို မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကာမာလာကို ယှဥ်ပြိုင်မယ့်သူ ပါတီတွင်းမှာ လူသိရှင်ကြား ပေါ်လာတာမျိုး မရှိသေးပါဘူး။

    အိန္ဒိယ-ဂျမေကာ ကပြား
    ကာမာလာကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်မြို့မှာ မွေးပါတယ်။ နာမည်အပြည့်အစုံက ကာမာလာ ဒေ၀ီ ဟာရစ် ဖြစ်ပါတယ်။

    ဖခင် ဒေါ်နယ်ဟာ စီးပွားရေးကျောင်းတက်ဖို့ ဂျမေကာကနေ အမေရိကန်ကို ရောက်လာသူဖြစ်ပြီး၊ မိခင် ရှာမာလာ ဂိုပါလန်က အိန္ဒိယတောင်ပိုင်းကနေ အမေရိကန်ကို ရွှေ့ပြောင်း အခြေချလာသူ ဖြစ်ပါတယ်။

    ဖခင်ဟာရစ်ဟာ စတန်းဖို့ဒ်ကတက္ကသိုလ်မှာ လက်ရှိ စီးပွားရေး ပါမောက္ခအဖြစ် တာ၀န်ထမ်းဆောင်နေပြီး၊ မိခင်က ကင်ဆာ သုတေသနပညာရှင်ဖြစ်ကာ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

    ကာမာလာဟာ နိုင်ငံရေးသိပ္ပံနဲ့ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး၊ နောက်ပိုင်းမှာ ကယ်လီဖိုးနီးယား ဥပဒေတက္ကသိုလ်ကို တက်ခဲ့ပါတယ်။ ဥပဒေဘွဲ့ရပြီး နှစ်ပေါင်း ၃၀ ကြာ ရှေ့နေလုပ်ခဲ့တဲ့ ကာမာလာဟာ ၂၀၀၄ ခုနှစ်မှာ ဆန်ဖရန်စစ္စကို ခရိုင်ရှေ့နေချုပ်ဖြစ်လာပါတယ်။

    ၂၀၁၁ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် အရွေးခံရပြီး ဒီရာထူးကိုရတဲ့ ပထမဆုံး လူမည်း၊ ပထမဆုံးအမျိုးသမီး၊ ပထမဆုံး အာရှ-အမေရိကန်အဖြစ် မှတ်တမ်း၀င်ပါတယ်။

    နောက်ပိုင်းမှာ နိုင်ငံရေးလောကထဲ ၀င်ရောက်လာတဲ့ ကာမာလာဟာ ၂၀၁၆ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

    ၂၀၂၀ ခု သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုတဲ့ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ဒန်ဟာ အံ့အားသင့်စွာပဲ ကာမာလာကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့မှာတော့ ကာမာလာဟာ ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီး အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး၊ ပထမဆုံး လူမည်း၊ ပထမဆုံး တောင်အာရှနွယ်ဖွား ဒုတိယ သမ္မတအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    Ref: CNN, BBC

  • မလေးရှား ဆိုရှယ်မီဒီယာတွင် ရေပန်းစားနေသည့် ဘရူနိုင်း ဘုရင့်သမီးတော်

    မလေးရှား ဆိုရှယ်မီဒီယာတွင် ရေပန်းစားနေသည့် ဘရူနိုင်း ဘုရင့်သမီးတော်

    ဇူလိုင် ၂၁၊ ၂၀၂၄
    M-Media

    -မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ဘရူနိုင်းဘုရင့်သမီးတော် အမီရာ ၀ါဒါသွလ် ဘိုလ်ကိုင်းယားရဲ့ ပုံရိပ်တွေဟာ မလေးရှားဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ရေးပန်းစားနေပါတယ်။

    မင်းသမီး အမီရာဟာ ဇူလိုင် ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မလေးရှားဘုရင်နန်းတက်ပွဲကို တက်ရောက်ဖို့အတွက် မိသားစုနဲ့အတူ ကွာလာလမ်ပူမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ မွေးဖွားခဲ့သူဖြစ်တဲ့အတွက် အသက် ၁၆ နှစ်ကျော်သာ ရှိပါသေးတယ်။

    နန်းတက်ပွဲမှာ မင်းသမီးရဲ့ ချစ်စဖွယ် ၀တ်စားဆင်ယင်မှုတွေ၊ လှုပ်ရှားသွားလာမှုတွေကို မလေးရှား ပြည်တွင်းမီဒီယာတွေက ဖော်ပြရာကနေ မလေးရှားပြည်သူလူထုကြားမှာ ရေးပန်းစားလာတာ ဖြစ်ပါတယ်။

    မင်းသမီးအမီရာရဲ့ မိခင်ဟာ မလေးရှားနိုင်ငံသူ ဂျာနယ်လစ် အဇ်ရီနက်ဇ် မဇ်ဟာ ဟာကင်ဖြစ်ပါတယ်။

    အခုနှစ်ဇန်န၀ါရီလက လက်ထပ်သွားခဲ့တဲ့ ဘရူနိုင်းဘုရင့်သားတော် အဘ်ဒွလ်မာတင်ဟာလည်း အရှေ့တောင်အာရှက အမျိုးသမီးထုကြားမှာ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။

    Ref: The Star

  • အာကာသမှ ဂြိုဟ်တုများကိုပါ ဖျက်ဆီးနိုင်မည်ဆိုသည့် တရုတ်၏ လေဆာရေငုပ်သင်္ဘော

    အာကာသမှ ဂြိုဟ်တုများကိုပါ ဖျက်ဆီးနိုင်မည်ဆိုသည့် တရုတ်၏ လေဆာရေငုပ်သင်္ဘော

    ဇူလိုင် ၂၁၊ ၂၀၂၄
    M-Media

    -မီဂါ၀ပ်အား လေဆာလက်နက်တပ်ထားတဲ့ တရုတ်ရေငုပ်သင်္ဘောဟာ အာကာသထဲက သေးငယ်တဲ့ ဂြိုဟ်တုတွေကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း တရုတ်စစ်တပ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    တရုတ်စစ်တပ်မှာ ရေငုပ်သင်္ဘော ဘယ်လောက်များများ လေဆာလက်နက် တပ်ထားလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    တရုတ်ရေငုပ်သင်္ဘော အကယ်ဒမီက ပရော်ဖက်ဆာ ၀မ်ဒန်က လေဆာလက်နက်တပ်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အများအပြားထုတ်လုပ်ကာ တရုတ်နိုင်ငံကို ထိခိုက်လာနိုင်တဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ သမုဒ္ဒရာတွေမှာ ချထားမယ့် စီမံကိန်းတစ်ခုကို ရေးဆွဲကာ တရုတ်စစ်တပ်ထံ ပေးပို့ခဲ့ပါတယ်။

    အထူးသဖြင့် ၀ေဟင်ကလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ပါ။

    ၀မ်ဒန်ရဲ့ စီမံကိန်းမှာ SpaceX ရဲ့ Starlink အင်တာနက်ကွန်ယက်က ဂြိုဟ်တုတွေကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ လေဆာတပ်ထားတဲ့ ရေငုပ်သင်္ဘောတွေကို သတ်မှတ်စစ်ဆင်ရေးဧရိယာမှာ ချထားကာ ဂြိုဟ်တုက ဧရိယာထဲ၀င်ရောက်လာတာနဲ့ ရေပေါ်ကို အလျင်အမြန်တက်ပြီး လေဆာနဲ့ ပစ်ခတ်ဖျက်ဆီးမှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက် ရေငုပ်ပျောက်ကွယ်သွားမှာပါ။

    လက်ရှိ ကမ္ဘာ့စစ်ရေးနယ်ပယ်မှာ ဂြိုဟ်တုတွေကို ဖျက်ဆီးနိုင်မယ့် လက်နက်ဟာ မြေပြင်က ၀ေဟင်ပစ် ဒုံးခွင်းစနစ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်တွေဟာ ထောက်လှမ်းဖျက်ဆီးဖို့ ပိုမိုလွယ်တာကြောင့် ၀မ်ဒန်ရဲ့ စီမံကိန်းမှာ လေဆာလက်နက်ကို ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။

    Ref: Interesting Engineering