News @ M-Media

Blog

  • ရုရှား၏ S-300 လေကြောင်းကာကွယ်ရေးစနစ်ကို အီရန်သို့ ပေးပို့မည်

    ရုရှား၏ S-300 လေကြောင်းကာကွယ်ရေးစနစ်ကို အီရန်သို့ ပေးပို့မည်

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    russai

    – ရုရှားနိုင်ငံထုတ် မြေပြင်မှဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် S-300 ကို ပေးပို့ရန်အတွက် ရုရှားနှင့် အီရန်တို့ သဘောတူညီချက်ရရှိခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များသာ ကျန်ရှိတော့သည်ဟု ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မီခေးလ် ဘော့ဂ်ဒါနော့ဗ်က ပြောကြားလိုက်သည်။

    “အခုအချိန်မှာ ဒီကိစ္စက ပြတ်သွားပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်အီရန်နဲ့ အပြည့်အ၀ သဘောတူညီချက် ရရှိခဲ့ပါတယ်။ မေးခွန်းတွေကိုလည်း အခြေခံကျကျ ဖြေရှင်းခဲ့ပြီးပါပြီ။ ကျန်တာကတော့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်တွေပဲ ဖြစ်ပါတယ်” ဟု အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ်ဖြစ်သော ဘော့ဂ်ဒါနော့ဗ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ရုရှားမှာ အဆိုပါ S-300 ဒုံးကျည်စစ်နစ်များကို အီရန်နိုင်ငံသို့ ယခုနှစ်နှောင်းပိုင်းတွင် ပေးပို့သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် စနစ်များ၏ အရေအတွက် အတိအကျကိုလည်း သဘောတူညီချက်တွင် ထည့်သွင်းရေးသားထားသည်ဟု ဆိုသည်။

    အဆိုပါဒုံးကျည်စနစ်များ ပေးပို့ရန်အတွက် စာချုပ်ကို ၂၀၀၇ ခုနှစ်က ချုပ်ဆိုခဲ့သော်လည်း ကုလက အီရန်အပေါ် ပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် ၃ နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် ရုရှားက ဆိုင်းငံ့ခဲ့သည်။ သို့သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်ကမူ အီရန်၏ နျူအရေး သဘောတူညီချက် ရရှိခဲ့သည့်အတွက်ကြောင့် ထိုပိတ်ပင်မှုကို ဆက်လက်ပြုလုပ်ရန် မလိုတော့ဟု ပြောကြားခဲ့သည်။

    အဆိုပါ S-300 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို အလ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုဇ်၊ ဆိုက်ပရက်စ်၊ ကာဇက်စတန်နှင့် ဗီယက်နိုင်ငံတို့တွင် ၂၀၁၀ ခုနှစ်ကတည်းက အသုံးပြုနေပြီး၊ တရုတ်နိုင်ငံသို့လည်း ပေးပို့ထားသည်။

    Ref: RT

  • ဂိုးမသွင်းနိုင်မှုအတွက် ဝေဖန်သူများကို ရူနီတုံ့ပြန်

    ဂိုးမသွင်းနိုင်မှုအတွက် ဝေဖန်သူများကို ရူနီတုံ့ပြန်

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    mu

    – မန်ယူ၏ အဓိကတိုက်စစ်မှူးအဖြစ် ယခုနှစ်အတွင်း ကစားခဲ့သည့်ပွဲများတွင် မိမိ စွမ်းဆောင်ရည် မကောင်းခဲ့သည့်ပွဲမှာ တစ်ပွဲသာရှိသည်ဟု တိုက်စစ်မှူး ရူနီက ဝေဖန်သူများကို ပြန်လည်တုန့်ပြန်လိုက်ပြီး ဂိုးများသွင်းခြင်းဖြင့် ၎င်းတို့၏ ဝေဖန်မှုကို အဆုံးသတ်စေမည်ဟု ပြောကြားလိုက်သည်။

    တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ ထွက်ခွာသွားပြီးနောက်ပိုင်း ရူနီမှာ မန်ယူတိုက်စစ်တွင် အဓိကတိုက်စစ်မှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ဂိုးစည်း၌ ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့သည့် ရူနီမှာ ယခုရာသီ စပါး၊ အက်စတွန်ဗီလာ၊ ကလပ်ဘရုဂျက်အသင်းတို့နှင့် ကစားသည့် ပွဲများတွင်လည်း ဂိုးသွင်းနိုင်ခြင်း၊ သို့မဟုတ် ဂိုးစည်းအတွင်း ခြိမ်းခြောက်နိုင်ခြင်းပင် မရှိဟု အချို့သူများက ဝေဖန်ခဲ့ကြသည်။

    သို့သော်လည်း ရူနီကမူ အက်စတွန်ဗီလာနှင့်တစ်ပွဲတွင်သာ မိမိ၏စွမ်းဆောင်ရည်မှာ စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့သည်ဟု ဆိုပြီး မကြာမီ ဂိုးသွင်းခြေ ပြန်တွေ့လိမ့်မည်ဟု ပြောကြားခဲ့သည်။

    “ဒီရာသီမှာ တစ်ပွဲပဲ ကျွန်တော်ဆိုးခဲ့ပြီး၊ လူတိုင်းက အဲဒါကိုပဲ ပြောနေကြပါတယ်။ ကျွန်တော့်ကစားသမားဘ၀ တစ်လျှောက်လုံးမှာ ဒီလိုမျိုးရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ ဒါကို ချေဖျက်သွားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ရူနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နေ့က ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ကစားခဲ့သည့် ကလပ်ဘရုဂျက်နှင့်ပွဲ၌ မိမိမှာ ကောင်းမွန်သည်ဟု ထင်ခဲ့ကြောင်း၊ တစ်ဂိုး သို့မဟုတ် နှစ်ဂိုးခန့် ရရှိနိုင်ခဲ့ကြောင်း၊ အနိုင်ရရှိမှုမှာ မိမိတို့အားလုံးအတွက် ကောင်းမွန်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မန်ယူအတွက် ရူနီသွင်းယူပေးခဲ့သည့် နောက်ဆုံးဂိုးမှာ ဧပြီ ၄ ရက်နေ့က အက်စတွန်ဗီလာအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဖြစ်သည်။ နည်းပြဗန်ဂါးလ်ကမူ ရူနီ၏ ဂိုးမိုးခေါင်မှုအတွက် ဘရုဂျက်နှင့်ပွဲ မတိုင်ခင် ကာကွယ်ပြောကြားခဲ့သည်။

    Ref: Goal

  • စိန့်လူးဝစ်တွင် လူမည်းလူငယ်တစ်ဦး ရဲတပ်ဖွဲ့၏ ပစ်သတ်မှု ခံရပြန်

    စိန့်လူးဝစ်တွင် လူမည်းလူငယ်တစ်ဦး ရဲတပ်ဖွဲ့၏ ပစ်သတ်မှု ခံရပြန်

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်တောင်စု မစ်ဇူရီပြည်နယ် စိန့်လူးဝစ်တွင် အာဖရိကန်-အမေရိကန်တစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံပစ်သတ်ခဲ့ပြီး ပြည်သူများအကြားတွင် တင်းမာမှုများ မြင့်တက်လာကာ ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ရဲတပ်ဖွဲ့မှာ ဖမ်းဝရမ်းဖြင့် အိမ်တစ်အိမ်တွင် ၀င်ရောက်ရှာဖွေစဉ် လူမည်းလူငယ်နှစ်ဦးမှာ နောက်ဖေးပေါက်မှ ထွက်ပြေးရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စိန့်လူးဝစ် ရဲတပ်ဖွဲ့အကြီးအကဲ ဆမ် ဒေါ့ဆန်က ပြောကြားခဲ့သည်။ စိန့်လူးဝစ်မှာ လွန်ခဲ့သည့်တစ်နှစ်က လူမည်းငယ် မိုက်ကယ်ဘရောင်း ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်မှုကို ခံရသော ဒေသလည်းဖြစ်သည်။

    ရဲတပ်ဖွဲ့မှာ ၎င်းတို့နှစ်ဦးအား ရပ်တန့်ရန် ပြောကြားခဲ့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးက ရဲတပ်ဖွဲ့ဝင်များထံသို့ သေနတ်ဖြင့် ချိန်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက လေးချက် ပစ်ခတ်ခဲ့ပြီး အဆိုပါ လူမည်းလူငယ်ကို သေဆုံးစေခဲ့သည်ဟု ဒေါ့ဆန်က ထည့်သွင်း ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ မန်ဆူရ် ဘောလ်ဘေးဆိုသူ ဖြစ်သည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် စိန့်လူးဝစ်ရှိ ပြည်သူများမှာ လမ်းပေါ်သို့ ထွက်လာကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လမ်းဆုံလမ်းခွများအား ပိတ်ဆို့ခဲ့ကြသည်။

    ထို့ပြင် ဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့အား မျက်ရည်ယိုဗုံးများဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ ဆန္ဒပြသူများထဲမှ အနည်းဆုံး ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    လွန်ခဲ့သည့် ၁၀ ရက်ကလည်း စိန့်လူးဝစ်ဆင်ခြေဖုံး ဖာဂူဆန်ဒေသရှိ လမ်းမများပေါ်တွင် အသက် ၁၈ နှစ်အရွယ် လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က ပစ်သတ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူများက ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    Ref: PressTV

  • ဘာကာတိုက်စစ်မှူးပက်ဒရို ချယ်ဆီးရောက်မည်

    ဘာကာတိုက်စစ်မှူးပက်ဒရို ချယ်ဆီးရောက်မည်

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    pedro

    – မန်ယူမှ ခေါ်ယူရန် ကြိုးစားနေသည့် ဘာစီလိုနာတိုက်စစ်မှူး ပက်ဒရိုအား ချယ်ဆီးက ခေါ်ယူရန် သဘောတူညီချက်ရရှိခဲ့ပြီဟု သိရသည်။

    နည်းပြမော်ရင်ဟိုက ပက်ဒရိုအား သီးသန့် ဖုန်းခေါ်ခဲ့ပြီးနောက် ပက်ဒရိုကိုယ်တိုင် ချယ်ဆီးသို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်း ပေးရမည်ဖြစ်ပြီး စုစုပေါင်း ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၁.၁ သန်းဖြင့် အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းဖြစ်သည်။

    ထိုပြောင်းရွှေ့ကြေးမှာ မန်ယူမှ ကမ်းလှမ်းထားသည့် ပြောင်းရွှေ့ကြေးထက်ပိုသော ပမာဏလည်းဖြစ်သည်။ ပက်ဒရိုမှာ ယနေ့တွင် ချယ်ဆီးသို့ လာရောက်၍ ဆေးစစ်မှု ခံယူမည်ဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့ ၀က်စ်ဘရွန်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ် ရှိနေသည်။

    ယခုကဲ့သို့ ခေါ်ယူမှုမှာ မန်စီးတီးအား ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်ဆီးအသင်း၏ ဒုတိယမြောက် ခေါ်ယူမှုဖြစ်ပြီး အော့စ်ဘာ့ဂ်အသင်းမှ ဘယ်နောက်ခံလူ ရာဘာရဟ်မန်ကိုလည်း ပေါင် ၂၂ သန်းဖြင့် ယခုတစ်ပတ်အတွင်း ခေါ်ယူထားသည်။

    မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်တို့ ရှိနေသည့်အတွက်ကြောင့် နေရာရရန် အခွင့်အရေးမရှိသည့် ပက်ဒရိုမှာ ဘာစီလိုနာမှ ပြောင်းရွှေ့ချင်နေသူ ဖြစ်သည်။ ဇန်န၀ါရီလအတွင်းက မော်ရင်ဟိုမှာ ပက်ဒရိုအား ခေါ်ယူရန် ငြင်းဆန်ခဲ့ဖူးသည်။

    Ref: Dailymail

  • မသန့်သောရေကို ရေသန့်အဖြစ် ပြောင်းပေးနိုင်မည့် Drinkable Book လာပြီ

    မသန့်သောရေကို ရေသန့်အဖြစ် ပြောင်းပေးနိုင်မည့် Drinkable Book လာပြီ

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    water

    – သန့်ရှင်းသော သောက်သုံးရေကို မရရှိသည့် ဒေသများ၌ ရေကိုစစ်ကာ သောက်ရေအဖြစ် ပြောင်းလဲပေးနိုင်မည့် Drinkable Book ဟုခေါ်သည့် စာအုပ်ကို ဓာတုဗေဒပညာရှင်တစ်ဦးက တီထွင်ထုတ်လုပ်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။

    ရေစစ်အဖြစ် အသုံးပြုနိုင်သော အဆိုပါစာအုပ်၏ စာရွက်များကို ဆေးလ်ဗားနိုက်ထရိတ် နာနိုအမှုန်များအသုံးပြု၍ ဖန်တီးထားသော နည်းပညာမြင့် ရေစစ်စက္ကူများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၀မ်းရောဂါပိုး၊ အီကိုလီ ဘက်တီးရီးယားနှင့် အသည်းရောင်ရောဂါပိုးတို့ကို သေစေနိုင်မည်ဖြစ်သည်။

    အဆိုပါစာအုပ်ကို အမေရိကန်နိုင်ငံ ပစ်ဘာ့ဂ်မြို့ရှိ Carnegie Mellon တက္ကသိုလ်မှ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်သူ ထရီဆာ ဒန်ကိုဗစ်ခ်ျက လွန်ခဲ့သည့် နှစ်အနည်းကပင် တီထွင်ခဲ့ခြင်းဖြစ်သည်။

    “ဒီရေစစ်စာရွက်တွေကို နိုင်ငံတော်တော်များများမှာ ကျွန်မတို့ စမ်းသပ်ခဲ့ပါတယ်။ တောင်အာဖရိက၊ ဂါနာနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေမှာ ဒီစာရွက်အသုံးပြုပြီး ရေမစစ်ခင်နဲ့ စစ်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ ရေရဲ့ အရည်အသွေးကို တွက်ချက်ခဲ့ပါတယ်” ဟု ဒန်ကိုဗစ်ခ်ျက အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါ စာရွက်များကို ဟေတီနှင့် ကင်ညာနိုင်ငံတို့တွင်လည်း စမ်းသပ်ခဲ့ပြီး ထိုစာရွက်များကြောင့် ရေအတွင်းရှိ ဘက်တီးရီးယားများ၏ ၉၉.၉ ရာခိုင်နှုန်းမှာ သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါရလဒ်မှာ ဘုံပိုင်ရေထက်ပင် ပိုမိုကောင်းမွန်သည်ကို တွေ့ရှိခဲ့ရသည်။

    ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း သန်း ၅၀၀ ကျော်မှာ သန့်ရှင်းသောရေကို ရရှိခြင်း မရှိဘဲ၊ သောက်သုံးရေမသန့်သောကြောင့် သေဆုံးရသည့် လူအေရေအတွက်မှာ တစ်နှစ်လျှင် ၈၄၂၀၀၀ ခန့် ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    Ref: Aljazeera