သြဂုတ် ၂၅၊ ၂၀၁၅
M-Media
– ဟိုင်ဒန်နူမြို့ရှိ ဒုက္ခသည်များနေထိုင်ရာနေရာ အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ လက်ယာယိမ်း စစ်သွေးကြွများနှင့် လူမျိုးရေးခွဲခြားသူများအား နှိမ်နင်းရန် ဂျာမနီပြည်ထဲရေးဝန်ကြီးက တိုက်တွန်းဆော်သြလိုက်သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ဒုတိယမြောက်နေ့ဖြစ်ပြီး စနေနေ့ကလည်း ထိုနေရာတွင်ပင် လူ ၂၀၀ ခန့်မှာ ဒုက္ခသည်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကာ မီးပန်းများ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများတွင် အချို့မှာ “ဟိုင်းဟစ်တာလာ” ဟု အော်ခဲ့ကြသည်။
ပဋိပက္ခများကြောင့် ခိုလှုံလာသူများအတွက် ဂျာမနီတွင် လစ်ဘရယ်ကျသည့် ဥပဒေများရှိပြီး ယခုနှစ်အတွင်း ဒုက္ခသည် ၈ သိန်းခန့်ကို လက်ခံရန် စီစဉ်ထားသည်။ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ အဆိုပါ ဒုက္ခသည်ပြဿနာမှာ ဂရိ၏ အကြွေးပြဿနာထက် ဥရောပအတွက် ပိုမိုကြီးမားသည့် ပြဿနာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး သောမက်စ် ဒီ မိုက်ဇီရီကလည်း ထိုအခြအနေမှာ စိန်ခေါ်မှုကြီးဖြစ်ပြီး ဒုက္ခသည်များအား တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။
“တစ်ချိန်တည်းမှာ ကူညီချင်တဲ့လူတွေကို ကျွန်တော်တို့ မြင်တွေ့ရသလို၊ အမုန်းတွေ၊ စော်ကားမှုတွေနဲ့ ခိုလှုံလာသူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း မြင့်လာပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေပါပဲ။ ဒီလိုမျိုးလုပ်တဲ့ ဘယ်သူမဆို ဥပဒေကို အပြည့်အ၀ ရင်ဆိုင်ရမှာပါ” ဟု မိုက်ဇီရီက ပြောကြားခဲ့သည်။
တရားရေးဝန်ကြီး ဟေကို မက်စ်ကလည်း ဟိုင်ဒန်နူမြို့ရှိ အဆိုပါအဖြစ်အပျက်ကို ဆန့်ကျင်ခဲ့ပြီး နိုင်ငံခြားသားကြောက်ရောဂါနှင့် လူမျိုးရေးခွဲခြားမှုများအား လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံအတွင်း နိုင်ငံခြားသားများအပေါ် ရန်လိုမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးသမား အများစုက သတိပေးခဲ့ကြပြီး ယခုနှစ် ပထမနှစ်ဝက်မှာပင် ဒုက္ခသည်များနေထိုင်ရာ နေရာများသို့ မီးရှို့မှုနှင့် အခြားတိုက်ခိုက်မှုပေါင်း ၁၅၀ ခန့် ဖြစ်ပွားခဲ့သည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.