News @ M-Media
Blog
  • အဖေ၊ အမေ၊ ကျနော် ၃ ယောက်စလုံး အမျိုးသား မှတ်ပုံတင်ကိုင်ဆောင်ခဲ့တာ- ဦးရွှေမောင်
    အဖေ၊ အမေ၊ ကျနော် ၃ ယောက်စလုံး အမျိုးသား မှတ်ပုံတင်ကိုင်ဆောင်ခဲ့တာ- ဦးရွှေမောင်
    သြဂုတ် ၂၀ ၊ ၂၀၁၅
    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့  ဦးရွှေမောင်ကို ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ကန့်ကွက်သူတွေ ရှိနေပါတယ်။ အဲ့ဒီလိုကန့်ကွက်သူတွေရှိနေတာကြောင့် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က စိစစ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးရွှေမောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
    ဦးရွှေမောင်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့  အမည်စာရင်းတင်သွင်း ကန့်ကွက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်များကန့်ကွက်တယ်လို့ အန်ကယ်သိထားတာများ ရှိပါလဲ
    ဦးရွှေမောင်။    ။ ကျနော်တော့ တရားဝင်တော့ မသိရသေးပါဘူး။ အကြမ်းဖျဉ်းသိရတာတော့ မောင်တော ခရိုင် လဝက ဦးစီးမှူး ဦးစောနိုင်က ကန့်ကွက်တယ်လို့ ပြောပါတယ်။ နောက်တခါ ရခိုင်အမျိုးသားတယောက်လဲ ကန့်ကွက်တယ်လို့ ကျနော်လဲ ကြားပါတယ်။ အတိအကျတော့ တရားဝင်  မသိရသေးပါဘူး။ ကျနော်ရဲ့ မိဘ နှစ်ပါးက နိုင်ငံသား အရည်အချင်း မမှီဘူးဆိုပြီး သဘောမျိုးဆောင်တဲ့ စကားတွေ ပြောပြီး ကန့်ကွက်တယ်လို့ ကြားပါတယ်။
    RFA။    ။ ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်ပြိး မေးမြန်းကြည့်တဲ့အခါ အန်ကယ်ကို ကန့်ကွက်ထားတဲ့ အချက်က နိုင်ငံသား မိဘ နှစ်ပါးက မွေးဖွားတဲ့ လူမဟုတ်တာကြောင့် ကန့်ကွက်တယ်လို့လဲ သိထားပါတယ်။ ဒါကရောဟုတ်ပါသလား။ အန်ကယ် ဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ ရှင်။
    ဦးရွှေမောင်။    ။ ကျနော်ရဲ့ မိဘ နှစ်ပါး နိုင်ငံသား မဟုတ်ဘူးဆိုရင် ကျနော်ပြောချင်တာက ကျနော်လက်ရှိတရားဝင် လွှတ်တော်ကိုယ်စားလှယ် ၊ ၂၀၁၀ ကျနော်ရွေးကောက်ပွဲ ဝင်တုံးက အဲဒိလိုပဲ အလားတူ ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ အဲဒီတုံးက ခရိုင် လဝက လဲ ကျနော်တို့ကို Pass ပေးခဲ့တယ်။  ပြည်နယ် လဝက အနေနဲ့လည် Pass ပေးခဲ့တယ်။ ကျနော် လေ့လာ သိရှိရတာကတော့ နေပြည်တော်မှာ ရှိတဲ့ လဝက ရုံးချူပ်ကလည်း ကျနော်အပါအဝင် ကျနော့မိဘ နှစ်ပါးစလုံးက နိုင်ငံသားဖြစ်တယ်ဆိုပြီး Pass ဖြစ်တယ်။ အဲလို pass ဖြစ်လည်း ကျနော် ယနေ့ အထိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်နေတာပါ။ အခု ၅ နှစ်တောင် မပြည့်သေးဘူး ၂၀၁၅ ရွေးကောက်ပွဲတောင် မဝင်ရသေးဘူး လျောက်လွှာတင်ထားရုံပဲရှိသေးတယ်။ ကျနော်ရဲ့ မိဘ ၂ ပါးက နိုင်ငံသား မဟုတ်ဘူးလို့ ပြောတာသည် ရှေ့နောက်မညီတဲ့ ကိစ္စ ဖြစ်တယ်။
    RFA။    ။ မိဘနှစ်ပါးဟာ နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတွေနဲ့ ပတ်သက်ပြိး ဘယ်လို အထောက်အထားတွေ ရှိပါသလဲ
    ဦးရွှေမောင်။    ။ ကျနော်ရဲ့ အဖေဆိုရင် ၁၉၁၈ ခုနှစ်မှာ မွေးတာ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရကတည်းက ကျနော်အဖေက တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးပေးခဲ့တဲ့ အမျိုးသားမှတ်ပုံတင်၊ အဲဒိတုံးက မြန်မာ တပြည်လုံးမှာ ရှိတဲ့ တိုင်းရင်းသား၊ နိုင်ငံသား အားလုံးကို အမျိုးသားမှတ်ပုံတင် ၃ ခေါက်ချိုး နံပါတ် ၆ လုံးပါတဲ့ ကဒ်ကို ပေးခဲ့ပါတယ်။ ကျနော် အဖေ နံပါတ်ကတော့ AK-072352 အမေကတော့  AK-072353 ပြီးတော့ ကျနော် အဖေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ပြန်တမ်းဝင် အရာရှိလဲ ဖြစ်တယ်။
    RFA။    ။ အန်ကယ် တဆက်ထဲပါဘဲ အခုကြားနေရတာ အန်ကယ် ဦးရွှေမောင် အနေနဲ့ ဝှိုက်ကဒ်ကိုင်ထားတဲ့ သူ တစ်ဦးဖြစ်တယ်။ ဒါကရော ဟုတ်ပါသလား ၊ဒိအခြေအနေတွေ ကြောင့် ရွေးကောက်ပွဲဝင်ဖို့ အခက်အခဲ ရှိနိုင်လာနိုင်မလား
    ဦးရွှေမောင်။    ။ ဝှိုက်ကဒ်ကိုင်ထားတဲ့ လူက ၂၀၁၀ ကတည်းက ရွေးကောက်ပွဲ ဥပဒေအရ  ကိုယ်စားလှယ်လောင်းပြိုင်ခွင့်လည်း မရှိဘူး၊  ပြိုင်လို့လဲ မရဘူး။ ကျနော်က ဝှိုက်ကဒ် ကိုင်ဆောင်တာ မဟုတ်ပါဘူး။ ကျနော် မိဘလည်း ဝှိုက်ကဒ် ကိုင်ဆောင်ထားခြင်းမရှိပါဘူး။ အမျိုးသားမှတ်ပုံတင်ကဒ်ပြား အဲဒါကျနော် အဖေရော၊ အမေရော၊ ကျနော်ရော၊ မြန်မာနိုင်ငံဥပဒေများနှင့် အညီ အမျိုးသားမှတ်ပုံတင်ပဲ ကိုင်ဆောင်ခဲ့တယ်။ ကျနော်အနေနဲပ ၂၀၁၀ ရွေးကောက်ပွဲကတည်းက နိုင်ငံသား စိစစ်ရေးကဒ်ပြားကို ကိုင်ဆောင်ပါတယ်။ ကျနော် ဝှိုက်ကဒ်ကိုင်ဆောင်တယ်ဆိုပြီးတော့ ဆိုရှယ်မီဒိယာတွေမှာ မလိုတဲ့လူတွေက တမင်ဖန်တီးပြီးတော့ေ၇းထားတာပါ။ အဲဒါတွေက မှန်ကန်မှုမရှိပါဘူးခင်ဗျာ။
    RFA။    ။ အန်ကယ်အနေနဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးေ၇းပါတီကနေ နှုတ်ထွက်ပြီးတော့ တစ်သီးပုဂလပ် ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် ဒိလို အခြေအနေမျိုးတွေ ကြုံတွေ့ရပါသလား? အန်ကယ်ဘယ်လိုမျိုးများ ထင်ပါသလဲရှင်၊
    ဦးရွှေမောင်။    ။  အဲဒိလိုလဲ ကျနော် မပြောချင်ပါဘူး။ ဘာလို့လဲ ဆိုတော့  ကျနော် ယူဆတာကတော့ ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ  ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ပဋိပက္ခအလွန်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ရာသီဥတုကြောင့်ပဲ ဒီလိုပြောတာဆိုတာတွေ ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။
    RFA။    ။ အကယ်၍ များ ခ၇ိုင်ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီးတော့ ကိုယ်စားလှယ်လောင်းတင်သွင်းမှုကို ပယ်ချလိုက်ရင် ပြည်နယ် ကော်မရှင်ထံ အယူခံဝင်မှာလား၊ ဘာများဆက်လုပ်သွားဖို့ ရှိပါလဲ
    ဦးရွှေမောင်။    ။  ပြည်နယ်ကော်မရှင်ကို ဥပဒေနဲ့အညီ ကျနော် အယူခံဝင်ဖို့ ရှိပါတယ်။ ပြည်နယ်ကော်မရှင်က ပယ်လည်း ကျနော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထိ အယူခံဝင်ဖို့ရှိပါတယ်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကပယ်လည်း ပြည်ထောင်စုလွှတ်တော် မှာလည်း ဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့ရှိပါတယ်။
    RFA။    ။ အခုလိုဖြေကြားပေးတဲ့အတွက် အန်ကယ်ဦးရွှေမောင်ကို RFA မှကျေးဇူးတင်ပါတယ်။
    ဦးရွှေမောင်။    ။   ဟုတ်ကဲ့ ကျနော်လည်း ကျေးဇူးတင်ပါတယ်။
  • အစိုးရကျောထောက်နောက်ခံရှိသည့် မြန်မာဘီယာကုမ္ပဏီမှ ရှယ်ယာများကို ဂျပန်ကုမ္ပဏီ ၀ယ်ယူ
    အစိုးရကျောထောက်နောက်ခံရှိသည့် မြန်မာဘီယာကုမ္ပဏီမှ ရှယ်ယာများကို ဂျပန်ကုမ္ပဏီ ၀ယ်ယူ
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    – မြန်မာဘီယာကို ထုတ်လုပ်နေသာ Myanmar Brewery ကုမ္ပဏီတွင် စင်ကာပူအခြေစိုက် Fraser and Neave (F&N) ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Kirin Holdings က ကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ၀ယ်ယူလိုက်ပြီး မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်ကို လွှမ်းမိုးရန် လမ်းခင်းလိုက်ခြင်းလည်းဖြစ်သည်။
    ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဘီယာကုမ္ပဏီဖြစ်သည့် Kirin Holdings မှာ အဆိုပါရှယ်ယာများ ၀ယ်ယူကြောင်းကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ F&N ကုမ္ပဏီကလည်း ၎င်းတို့၏ ရှယ်ယာ ရောင်းချပြီးစီးကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး မည်သူက ၀ယ်သည်ဆိုသည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။
    အစိုးရကျောထောက်နောက်ခံရှိသည့် Myanmar Brewery မှာ မြန်မာဘီယာ၊ Myanmar Double Strong နှင့် Andaman Gold စသည့် အမည်များဖြင့် ဘီယာများကို ထုတ်လုပ်ရောင်းချနေသည်။
    မြန်မာနိုင်ငံမှ ဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို Myanmar Brewery က ရယူထားသည်။ မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇၅ သန်း တန်းဖိုးရှိမည်ဖြစ်ပြီး၊ လာမည့် ၃ နှစ်အတွင်း ၂ ဆခန့်တိုးလာမည်ဟု ဘီယာဈေးကွက် သုတေသနပြုသည့် အဖွဲ့ဖြစ်သော Euromonitor International က ခန့်မှန်းတွက်ချက်ထားသည်။
    မြန်မာနိုင်ငံတွင် ဘီယာရောင်းချရသည့် အရေအတွက်မှာ ၂၀၁၃ ခုနှစ်က လူတစ်ဦးလျှင် ၃.၂ လီတာရှိပြီး အရှေ့တောင်အာရှတွင် အနိမ့်ဆုံးနိုင်ငံများ၌ ပါဝင်သည်။
    “ဈေးကွက်ကြီးထွားလာမယ့် အလားအလာရှိပေမယ့် ယှဉ်ပြိုင်ရမယ့်ဈေးကွက်ဖြစ်လာတဲ့ အန္တရာယ်လည်း ရှိနေပါတယ်” ဟု တိုကျိုအခြေစိုက် လေ့လာသူတစ်ဦးဖြစ်သော မာဆာရှိမိုရီက ပြောကြားခဲ့သည်။
    ရန်ကုန်မြို့တွင် အခြေစိုက်သည့် Myanmar Brewery ကုမ္ပဏီမှာ ၂၀၁၄ ခုနှစ်က အတိုးနှင့် အခွန်များမဖယ်ခင် ကန်ဒေါ်လာ ၇၀.၅ သန်း ၀င်ငွေ ရရှိခဲ့သည်။
    Heineken NV ဘီယာကုမ္ပဏီမှာ ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး၊ ပြီးခဲ့သည့်လအနည်းငယ်ကလည်း Carlsberg ဘီယာကုမ္ပဏီမှာ ရန်ကုန်တွင် ဖွင့်လှစ်ခဲ့ကာ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သော ပထမဆုံး နိုင်ငံခြားဘီယာကုမ္ပဏီ ဖြစ်ခဲ့သည်။
    Ref: Reuters
  • နိုင်ငံတကာသတင်းတို (သြဂုတ်-၂၀)
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    ဘန်ကောက်ပေါက်ကွဲမှုမှ သံသယရှိသူ ၂ ဦး လာရောက်အဖမ်းခံ
    ———————————————-
    တနင်္လာနေ့က ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်း၌ ဗုံးကွဲမှုတွင် သံသယရှိသူများဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသူ ၂ ဦးမှာ ယနေ့တွင် လာရောက်အဖမ်းခံခဲ့ပြီး၊ နှစ်ဦးစလုံးမှာ ဧည့်လမ်းညွှန်များ ဖြစ်ကြသည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။ CCTV မှတ်တမ်းများအရ ၎င်းတို့နှစ်ဦးကို ပေါက်ကွဲမှုမဖြင်ခင် အချိန်လေးတွင် ဘုရားကျောင်းဝင်းအတွင်း တွေ့ခဲ့ရပြီး အဓိကသံသယရှိသူဟု ယူဆထားသူမှာ ခုံတန်း၌ ထိုင်ပြီး ကျောပိုးအိတ်ကို မချခင် ၎င်းတို့ နှစ်ဦးက အဆိုပါ ခုံတန်းမှ ထသွားခဲ့ခြင်း ဖြစ်သည်။
    ဆလိုဗက်ကီးယား လေယာဉ် ၂ စီး တိုက်မှု ၇ ဦး သေဆုံး
    —————————–
    ဆလိုဗက်ကီးယားနိုင်ငံ၌ လေကြောင်းပြပွဲအတွက် ယနေ့တွင် အစမ်းလေ့ကျင်နေကြစဉ် လေယာဉ်ငယ်နှစ်စင်း လေပေါ်၌ တိုက်မိမှုကြောင့် လေယာဉ်မှူး ၄ ဦးနှင့် အရပ်ဖက်လေထီးခုန်သမား ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။ လေထီးခုန်သမား ၃၁ ဦးမှာမူ ၎င်းတို့၏ လေထီးများကိုဖွင့်ကာ လွတ်မြောက်ခဲ့ကြပြီး ၎င်းတို့ထဲမှ ၅ ဦးသာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။
    တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေကြီးမှုကြောင့် လူ ၁၁ ဦးသေဆုံး
    ———————————–
    တရုတ်နိုင်ငံအလယ်ပိုင်း စီချွမ်ပြည်နယ်တွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး၊ အခြား ၁၃ ဦးမှာ ပျောက်ဆုံးနေသည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ပြည်နယ်တွင် တနင်္ဂနွေနေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်းသန်းဝက်ကျော်မှာ ကစဥ့်ကလျားဖြစ်နေပြီး မြေပြိုမှုများ၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်။
    Ref: News Agencies
  • မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ပစ်ခတ်မှုဖြစ်ပွား
    မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ပစ်ခတ်မှုဖြစ်ပွား
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    north
    – ကိုရီးယားနှစ်နိုင်ငံနယ်ခြား အနောက်ဘက်ရှိ တောင်ကိုရီးယားတပ်ဖွဲ့များကို မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် ထုခဲ့ပြီးနောက် မိမိတို့ဘက်ကလည်း ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။
    “အဲဒီဒုံးကျည်က ကျွန်တော်တို့ဘက်ကို ကျခဲ့ပါတယ်။ ဒါပေမယ့် ဘယ် စစ်ဘက်ပစ်မှတ်ကိုမှ မထိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
    တောင်ကိုရီးယား စစ်တပ်ကလည်း ဒုံးကျည်ပစ်လွှတ်သည်ဟု ယုံကြည်ရသော နေရာသို့ ၁၅၅ မမ အမြောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    “ကျွန်တော်တို့ရဲ့စစ်တပ် အသင့်ဖြစ်မှုကို ခိုင်မာအောင် ဆောင်ရွက်ထားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး၊ ပြောရေးဆိုခွင့်ရှိသူကလည်း မိမိတို့၏ စစ်တပ်ကို တပ်လှန့်ထားသည်ဟု ဆိုသည်။
    ယခုလအစောပိုင်းက တောင်ကိုရီးယားနယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့မှာ မိုင်းနင်းမိခဲ့ပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါမိုင်းမှာ မြောက်ကိုရီးယားမှ ထောင်ထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ရုရှား၏ S-300 လေကြောင်းကာကွယ်ရေးစနစ်ကို အီရန်သို့ ပေးပို့မည်
    ရုရှား၏ S-300 လေကြောင်းကာကွယ်ရေးစနစ်ကို အီရန်သို့ ပေးပို့မည်
    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media
    russai
    – ရုရှားနိုင်ငံထုတ် မြေပြင်မှဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် S-300 ကို ပေးပို့ရန်အတွက် ရုရှားနှင့် အီရန်တို့ သဘောတူညီချက်ရရှိခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များသာ ကျန်ရှိတော့သည်ဟု ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မီခေးလ် ဘော့ဂ်ဒါနော့ဗ်က ပြောကြားလိုက်သည်။
    “အခုအချိန်မှာ ဒီကိစ္စက ပြတ်သွားပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်အီရန်နဲ့ အပြည့်အ၀ သဘောတူညီချက် ရရှိခဲ့ပါတယ်။ မေးခွန်းတွေကိုလည်း အခြေခံကျကျ ဖြေရှင်းခဲ့ပြီးပါပြီ။ ကျန်တာကတော့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်တွေပဲ ဖြစ်ပါတယ်” ဟု အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာ ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ်ဖြစ်သော ဘော့ဂ်ဒါနော့ဗ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ရုရှားမှာ အဆိုပါ S-300 ဒုံးကျည်စစ်နစ်များကို အီရန်နိုင်ငံသို့ ယခုနှစ်နှောင်းပိုင်းတွင် ပေးပို့သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် စနစ်များ၏ အရေအတွက် အတိအကျကိုလည်း သဘောတူညီချက်တွင် ထည့်သွင်းရေးသားထားသည်ဟု ဆိုသည်။
    အဆိုပါဒုံးကျည်စနစ်များ ပေးပို့ရန်အတွက် စာချုပ်ကို ၂၀၀၇ ခုနှစ်က ချုပ်ဆိုခဲ့သော်လည်း ကုလက အီရန်အပေါ် ပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် ၃ နှစ်အကြာ ၂၀၁၀ ခုနှစ်တွင် ရုရှားက ဆိုင်းငံ့ခဲ့သည်။ သို့သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်ကမူ အီရန်၏ နျူအရေး သဘောတူညီချက် ရရှိခဲ့သည့်အတွက်ကြောင့် ထိုပိတ်ပင်မှုကို ဆက်လက်ပြုလုပ်ရန် မလိုတော့ဟု ပြောကြားခဲ့သည်။
    အဆိုပါ S-300 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို အလ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုဇ်၊ ဆိုက်ပရက်စ်၊ ကာဇက်စတန်နှင့် ဗီယက်နိုင်ငံတို့တွင် ၂၀၁၀ ခုနှစ်ကတည်းက အသုံးပြုနေပြီး၊ တရုတ်နိုင်ငံသို့လည်း ပေးပို့ထားသည်။
    Ref: RT