သြဂုတ် ၂၁၊ ၂၀၁၅
M-Media
– အသင်း၏ ပရိတ်သတ်များအနေဖြင့် မိမိအား ဖိုက်တာတစ်ယောက်အဖြစ် မျှော်လင့်ရမည်ဖြစ်ပြီး မိမိအနေဖြင့်လည်း အသင်းအတွက် အရာရာကို ပေးဆပ်သွားမည်ဟု မန်စီးတီးအသင်း၏ ကစားသမားသစ် အိုတာမန်ဒီက ပြောကြားလိုက်သည်။
အာဂျင်တိုင်းခံစစ်မှူး နီကိုလက်စ် အိုတာမန်ဒီမှာ ဗလင်စီယာအသင်းမှ ယူရို ၄၅ သန်းဖြင့် ယမန်နေ့က ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့တွင် မန်စီးတီးအသင်း ဖြည့်တင်းသည့် စတုတ္ထမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။
“ကွင်းအတွင်းမှာတော့ ကျွန်တော်ဟာ ကိုယ်ရည်ကိုယ်သွေးများစွာနဲ့ ကစားသမားတစ်ဦးပါ။ အလယ်တန်းနဲ့ တိုက်စစ်မှူးတွေ ပူပင်သောကမရှိ တိုက်စစ်ဆင်နိုင်ဖို့ ကျွန်တော်ဟာ ခံစစ်လိုင်းကို စုစုစည်းစည်း ရှိစေချင်ပါတယ်။ အသင်းက ခံစစ်စီအစဉ်ကို ကျွန်တော် ဆက်လက်ထိန်းသိမ်းချင်ပါတယ်” ဟု မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ အိုတာမန်ဒီက ပြောကြားခဲ့ပြီး မိမိမှာ ဘောလုံးတိုင်းအတွက်
တိုက်ပွဲဝင်သွားမည့် ဖိုက်တာတစ်ယောက်ဖြစ်သည်ဟုလည်း ဆိုသည်။
သို့သော်လည်း ပထမနေရာရရန်အတွက် အသင်းရှိ အမာခံ ခံစစ်မှူးများဖြစ်သော ကွန်ပနီ၊ မန်ဂါလာ၊ ဒီမစ်ချယ်လီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အိုတာမန်ဒီကမူ ထိုသို့ယှဉ်ပြိုင်ရခြင်းမှာ ဘောလုံး၏ အလှတရားဟု ထည့်သွင်းပြောကြားခဲ့သည်။
“ကွန်ပနီဟာ ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံအလယ်လူတွေထဲက တစ်ဦးပါ။ ဒီမစ်ချယ်လီကလည်း ကြီးကျယ်တဲ့ကစားသမားမို့လို ဒီမှာ ရှိနေတာပါ။ မန်ဂါလာလည်း ဒီအတိုင်းပါပဲ။ ကမ္ဘာပေါ်က အသင်းတိုင်း လိုချင်ကြတဲ့ ကစားသမားတွေ ဒီမှာရှိပါတယ်။ ပွဲထွက် ၁၁ ယောက်မှာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုမျိုး ရှိမှာပါ။ ဒါပေမယ့် အသင်းဖော်တွေနဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခြင်းဆိုတာ ဘောလုံးရဲ့ အလှတရားပါပဲ”
Ref: Goal


Leave a Reply
You must be logged in to post a comment.