News @ M-Media

Blog

  • ဖိလစ်ပိုင်မှ မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦး Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

    ဖိလစ်ပိုင်မှ မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦး Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Medai

    philipine

    – တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြုပေးနေပြီး၊ ပရဟိလုပ်ငန်းများကို လုပ်ဆောင်နေသည့် ဖိလစ်ပိုင် မွတ်စလင် တော်ဝင်မင်းသမီးတစ်ဦးမှာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသော ကမ္ဘာတစ်ဝှမ်းရှိ အိမ်ထောင်ရှိအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ရသည့် Mrs. Universe ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

    အဆိုပါတော်ဝင်မင်းသမီးမှာ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျေး အိန်ဂျလီက် ဂျာဖာရ် ၀မ် ဖြစ်ပြီး အယ်လီဟုလည်း အမည်တွင်သည်။ သူမမှာ လက်ရှိတွင် Mrs.Southeast Asia ဘွဲ့ကို ဆွတ်ခူးထားသူဖြစ်သည်။ Mrs.Southeast Asia ဘွဲ့မှာ အမျိုးသမီးများ၊ ကလေးသူငယ်များ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်သော အိမ်ထောင်ရှိအမျိုးသမီးများကို ပေးအပ်ချီးမြှင့်သည့် ဆုလည်းဖြစ်သည်။

    အယ်လီမှာ ဖီလစ်ပိုင်နိုင်ငံအတွင်း တိုင်းရင်းသားများ၏အရေးနှင့် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ခေါင်းပုံဖြတ် သိမ်းယူခံရမှုများအတွက် ရင်ဆိုင်ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။

    “ပြဿနာက ဘက်ဂျက်မရှိတဲ့အတွက်ကြောင့် အစိုးရဟာ ဒီမြေတွေကို ဖွံ့ဖြိုးအောင် မလုပ်နိုင်တာပါပဲ။ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးဖို့ တိုင်းရင်းသားပြည်သူများ အခွင့်အရေး အက်ဥပဒေကို ပြဌာန်းပေးထားပါတယ်။ ကျွန်မရဲ့ သဘောထားကတော့ သဘာဝသယံဇာတ အခြေပြု  စီးပွားရေးကို ဖန်တီးဖို့ဖြစ်ပြီး သူတို့(တိုင်းရင်းသားတွေ)ရဲ့မြေပေါ်မှာ စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ ကျောင်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးနေရာတွေ ပါဝင်တဲ့ မြေတွေဖြစ်ဖို့အတွက် မာစတာပလန်တစ်ခု ရှိဖို့ပါပဲ” ဟု အယ်လီက ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းရင်းသားများ၏ မြေယာများနှင့်ပတ်သက်၍ Inquirer.net သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်လူမျိုးစုတစ်ခုဖြစ်သော သောင်ဆဂ် (Tausugs) မျိုးနွယ်မှ တော်ဝင်မင်းသမီးဖြစ်သည့် သူမကို တစ်ကမ္ဘာလုံးမှ ပရဟိတလုပ်ငန်းများနှင့် လူအခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်သည့် အမျိုးသမီးများ ယှဉ်ပြိုင်ရသော Mrs. Universe ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် MegaStar Productions မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    အယ်လီမှာ လွန်ခဲ့သည့် လေးနှစ်က သူမ၏ ဦးလေးဖြစ်သူ ဂျိုးဆက်ပ် ဆီဘဂ်၏ နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်ရှိ တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းထားသည့်အဖွဲ့ဖြစ်သော Philippine Organization of United Tribal Initiatives Inc တွင်လည်း ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

    အသိပညာပေးရေး

    အယ်လီမှာ ဖိလစ်ပိုင် တိုင်းရင်းသားပြည်သူများထံသို့ နေ့စဉ်သွားရောက်က ပညာရေး၊ ဆေးဘက်ဆိုင်ရာနှင့် အဟာရဆိုင်ရာ ကိစ္စများ အပါအ၀င် ၎င်းတို့မျိုးနွယ်များ ကြုံတွေ့နေရသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာလေ့ရှိသူဖြစ်သည်။

    “ပိုက်ဆံပေးလိုက်တာနဲ့ ပြဿနာကို ဖြေရှင်းလို့ မရပါဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ မြှင့်တင်ဖို့နဲ့ ဒုက္ခသုက္ခတွေကနေ တိုးတက်လာဖို့အတွက် ပညာရေးက လိုအပ်ပါတယ်” ဟု အယ်လီက ပြောကြားခဲ့သည်။

    တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသော်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အယ်လီမှာ အဘွား၊ မုဆိုးမဖြစ်နေသော အဒေါ်များ၊ ဖတဆိုးဖြစ်နေသာ ၀မ်းကွဲများနှင့် ရိုးသားနှိမ့်ချစွာ ကြီးပြင်းလာခဲ့သူဖြစ်သည်။

    ၎င်းတို့မိသားစုများထဲမှ အမျိုးသားများမှာ လူမျိုးစုတိုက်ခိုက်သူများ၏ သားကောင်များ ဖြစ်ခဲ့ရပြီး အယ်လီ၏ ဖခင်ဖြစ်သူ အမီရ် ဘာဟာရ် ဟာဂျီ ဂျာဖာရ်မှာလည်း ၎င်းတို့ထဲမှ တစ်ဦး ဖြစ်ခဲ့ရသည်။

    “ကျွန်မရဲ့အဖေကို “ဇမ်ဘိုအမ်ဂါဒေသက ရမ်ဘို” လို့ လူသိများပါတယ်။ အဖေက စီးပွားရေးသမားတွေ ပြန်ပေးဆွဲခံရမှု၊ ငွေညှစ်ခံရမှုတွေကို ကာကွယ်ပေးခဲ့သူပါပဲ”

    အယ်လီမှာ Dr. Carlos Lanting ကောလိပ်မှ သူနာပြုဘာသာရပ်ဖြင့်လည်းကောင်း၊ La Consolacion ကောလိပ်မှ ခရီးသွားဘာသာရပ်ဖြင့်လည်းကောင်း ဘွဲ့နှစ်ဘွဲ့ရထားသူဖြစ်သည်။ သူမတွင် တိုနီ ဂျာဖာရ် ဟီပိုလီတိုဟု အမည်ရသည့် သမီးတစ်ဦးရှိပြီး ၎င်းမှာလည်း Miss Globe International 2015 ဘွဲ့ကို ရရှိထားသည်။

    Ref: Onislam

  • မွတ်စလင်တွေဟာ သူတို့ကို ခွဲခြားဆက်ဆံတဲ့သူကိုတော့ မဲပေးမှာ မဟုတ်ဘူး- ဦးကိုနီ (အမေးရှင်းရှင်း အဖြေဘွင်းဘွင်း) အပိုင်း(၁)

    မွတ်စလင်တွေဟာ သူတို့ကို ခွဲခြားဆက်ဆံတဲ့သူကိုတော့ မဲပေးမှာ မဟုတ်ဘူး- ဦးကိုနီ (အမေးရှင်းရှင်း အဖြေဘွင်းဘွင်း) အပိုင်း(၁)

    ပြည်သူခေတ် ဂျာနယ်မှ ကူးယူဖော်ပြသည်။

    ဦးကိုနီ Vs စည်သူအောင်မြင့် (အမေးရှင်းရှင်း အဖြေဘွင်းဘွင်း) အပိုင်း(၁)

    U Ko Ni
    .
    ပြည်သူ့ခေတ် – ပြည်ခိုင်ဖြိုးဘက်မှာ မွတ်ဆလင်အမတ်တွေ ထည့်ထားတာရှိလား။ NLD ဘက်မှာရော ဘယ်နှစ်ယောက်ပါလဲ။ အဲဒီလိုမျိုး အနေအထားအောက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မွတ်ဆလင် အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်ကရော ဘယ်လိုဖြစ်လာမလဲ။ အမတ်ထဲမှာ သူတို့တွေသာ မပါဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီနည်းစု အခွင့်အရေး သွားပြောမယ့်သူရှိပါတော့မလား။
    .
    ဦးကိုနီ – စာရင်းအရရော ကျွန်တော်ကြားသိရတဲ့ သတင်းအရရော ပြည်ခိုင်ဖြိုးမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း မပါဘူး။ အလားတူ NLD စာရင်းထဲမှာလည်း ကျွန်တော်သိသလောက် အစ္စလာမ်ဘာသာဝင် လွှတ်တော် အမတ်လောင်း မပါဘူး။ အောက်ခြေမှာ စာရင်းတင်တုန်းက ပါတယ်။ ဒီမိုကရေစီရေးကို တော်တော်လေး ပြင်းပြင်းထန်ထန်လုပ်နေတဲ့  အစ္စလာမ်ဘာသာဝင် ၁၀ယောက် ၀န်းကျင်လောက် တင်တဲ့ထဲမှာပါတယ်။ သို့သော် တကယ်ရွေးတဲ့ အခါမှာတော့ အစ္စလာမ်ဘာသာဝင်မပါဘူးလို့ ကျွန်တော်သိရတယ်။
    .
    အမတ်လောင်းစာရင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် အမတ်တွေ  မပါတဲ့အတွက်  လူတွေ အမြင်က ပြည်ခိုင်ဖြိုးကိုတော့ ရှင်းတယ်။ အစ္စလာမ်ဘာသာဝင် အများစု ပြည်ခိုင်ဖြိုးကို မဲပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ စီးပွားရေးအရ ပတ်သက်နေတဲ့ ကိုယ်ကျိုးအတွက် ပတ်သက်နေတဲ့ နည်းနည်းပါးပါးကလွဲရင် အများစုကတော့ မပေးဘူးလို့ ခန့်မှန်းတယ်။ အများဆုံးခွဲခြား ဆက်ဆံခံခဲ့ရတဲ့ မွတ်ဆလင်တွေဟာ သူတို့ကို ခွဲခြားဆက်ဆံတဲ့သူကိုတော့ မဲပေးမှာ မဟုတ်ဘူးလို့ မြင်တယ်။
    .
    အများစုကတော့ NLD ကိုပဲ မဲပေးမှာပါ။ အစ္စလာမ်ဘာသာဝင် တော်တော်များများဟာNLD အဖွဲ့ဝင်အဖြစ်နဲ့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း NLD အဖွဲ့ဝင်ဖြစ်ပြီး အောင်နိုင်ရေး အတွက် ကြိုးပမ်းအားထုတ်နေတဲ့သူ ဖြစ်တယ်။ ဒါပေမယ့် တစ်ခုဖြစ်သွားတာက ပထမပိုင်းမှာ ကျွန်တော်တို့က အစ္စလာမ်ဘာသာဝင် သုံးလေးယောက်လောက်တော့ အမတ်လောင်းအဖြစ် ပါမှာပဲလို့ ထင်ခဲ့တယ်။ အစ္စလာမ်ဘာသာဝင် သိပ်များတဲ့ မဲဆန္ဒနယ်မြေတွေမှာ တစ်ဖက်က ပြည်ခိုင်ဖြိုး အမတ်တွေကို ယှဉ်နိုင်ဖို့ဆိုရင် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အမတ်လောင်းကိုထည့်ရင် တော်တော် သေချာတယ်။ NLD ဆိုတဲ့ အရိပ်အာဝါသရယ်၊ အစ္စလာမ်ဘာသာဆိုတဲ့ ဘာသာရေး အကြောင်းခံရယ် ဒီနှစ်ခုကြောင့် NLD က လွယ်လွယ်လေးကို အနိုင်ရနိုင်တယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။
    .
    လက်တွေ့မှာ မပါလာတဲ့ အခါကျတော့ တော်တော်များများက NLD ဟာ အစ္စလာမ်ဘာသာဝင်တွေ အပေါ်မှာ ဂရုမစိုက်ဘူး။ အလေးမထားဘူးလို့ မြင်သွားတယ်။ ကျွန်တော်က NLD ထဲမှာရှိနေတော့ တော်တော်များများက ကျွန်တော့်ကိုပဲ မေးကြတယ်။ အမတ်လောင်းထဲမှာ မပါတာကတော့ တစ်ကိစ္စ။
    .
    ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံ ခံခဲ့ရတာပဲ။ လောလောဆယ် အမတ်လောင်းထဲမှာ မပါဘဲလဲ ကျွန်တော့်တို့အတွက် ရွေးစရာမရှိဘူး။ NLD ကို ထောက်ခံပေးမှသာ အပြောင်းအလဲကို မျှော်လင့်နိုင်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်မူအတိုင်းပဲ ပြောတယ်။ ဒါပေမယ့် ပြဿနာက အစ္စလာမ်ဘာသာဝင် အချို့ဟာ တစ်သီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ တချို့နေရာတွေမှာ ၀င်ပြိုင်မယ်လို့ ကြားလာရတယ်။ အဲဒါကို နားလည်ပေးပါလို့ ပြောတယ်။
    .
    သူတို့ဝင်ရတဲ့အကြောင်းက မွတ်ဆလင် အမတ်လောင်းမ၀င်ရင် မွတ်ဆလင် အမတ်မရှိ တော့ဘူးလို့ ပြောကြတယ်။ မရရင် တစ်ဖက်က တက်သွားမယ်။ အဲ့ဒီအကြောင်းကြောင့် NLD ကို တိုက်တဲ့အနေနဲ့ ၀င်တာ မဟုတ်ဘူး။ နိုင်ရင် NLD ကို ထောက်ခံမှာပဲ။ ကျွန်တော်ကလည်း မင်းတို့ မ၀င်နဲ့ကွာလို့ ပြောပိုင်ခွင့်မရှိဘူး။ သူတို့ တစ်သီးပုဂ္ဂလ၀င်တာ သူတို့အပိုင်း။
    .
    လက်ရှိမှာ အစ္စလာမ်ဘာသာဝင်တွေ တည်ထောင်ထားတဲ့ပါတီ သုံးခုလောက်ရှိတယ်လို့ ကျွန်တော်သိရတယ်။ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရဆိုရင် ပါတီတစ်ခုဟာ အနည်းဆုံး သုံးယောက် အမတ်လောင်းအဖြစ် ၀င်ပြိုင်ရမယ်။ မပြိုင်ဘူးဆိုရင် ပါတီဖျက်သိမ်းခံရမယ်လို့  ၀န်ခံလက်မှတ် ထိုးထားပြီးသား။ ပါတီသုံးခုကလည်း အနည်းဆုံးကိုးယောက်တော့တင်ရမယ်။ အဲဒါ NLD ကို တိုက်ဖို့မဟုတ်ဘူး။ ပါတီ ရပ်တည်ဖို့။ သူတို့ကလည်း နိုင်ရင် NLD ကိုပဲ ထောက်ခံ သွားမယ်လို့ တစ်ဆင့်စကားနဲ့ ကျွန်တော် ကြားသိရတယ်။ ကျွန်တော်က နားထောင်မှတ်သားထားရုံပဲ ရှိပါတယ်။ ပြောပိုင်ခွင့်တော့ မရှိပါဘူး။
    .
    ပြည်သူ့ခေတ် – အဲဒီအနေအထားဆိုရင် မဲတွေ ပျံ့သွားတာမျိုး ဖြစ်နိုင်သလား။
    .
    ဦးကိုနီ – ဖြစ်နိုင်တယ်။ အစ္စလာမ်ဘာသာဝင်တွေ များတဲ့နေရာမှာ တော်တော်များများ အစ္စလာမ်ဘာသာဝင်တွေက ဘာသာရေးကို အကြောင်းခံပြီးတော့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အမတ်လောင်းကို မဲပေးနိုင်တယ်။ အဲဒီလို NLD ကို မဲပေးမယ့် အုပ်စုရယ်၊ အစ္စလာမ်ဘာသာဝင် အမတ်ကို မဲပေးမယ့် သူတွေရယ်၊ ပြည်ခိုင်ဖြိုးကတော့ ပုံသေမဲနဲ့ လာမယ်။ သူက လူထုထောက်ခံမှု သိပ်ယူလို့မရဘူး။  အပိုင်တွက်ထားတဲ့ မဲနဲ့သွားမယ်။ ဒါဟာ ပြည်ခိုင်ဖြိုးအတွက် အခွင့်အလမ်း ဖြစ်သွားစေနိုင်တယ်။ မဲက ပျံ့မျာကိုး။ ပျံ့တဲ့အခါကျတော့ တကယ်လို့များ တစ်သီးပုဂ္ဂလ အမတ်လောင်း ၀င်မလာဘူးဆိုရင် NLD ပဲရမှာကိုး။ NLD အတွက် နစ်နာကောင်း နစ်နာနိုင်တယ်။ ဒါတော့ အစောကြီးကတည်းက စဉ်းစားရမယ့်ကိစ္စ။
    .
    မွတ်ဆလင် အများစုနေတဲ့ နေရာတွေကို သိထားရမယ်။ ဥပမာ – တိုင်းဒေသကြီးလွှတ်တော်၊ မင်္ဂလာတောင်ညွန့် – ၁ က မွတ်ဆလင် တော်တော်များများတယ်။ တာမွေအုပ်စုတို့ဆို တော်တော်များ တယ်။ ပန်းဘဲတန်းက ၁ ရော၊ ၂ ရော အစ္စလာမ်များတယ်။ ကျွန်တော် ထင်တယ် အဲဒီလို မွတ်ဆလင်များတဲ့ နေရာမှာ တစ်ယောက်စ နှစ်ယောက်စတော့ တက်လာနိုင်တယ်။ များများတော့ တက်မလာနိုင်ဘူး။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် အမတ်အဆင့်လောက်တော့ တက်လာနိုင်တယ်။
    အမျိုးသားလွှတ်တော်က သိပ်ကျယ်တယ်။ ဒီလိုနေရာမျိုးမှာ အစ္စလာမ်ဘာသာဝင်တွေ တက်မလာနိုင်ဘူး။ ရန်ကုန်တိုင်းအတွက်ဆို ပန်းဘဲတန်း လိုနေရာ ဖြစ်နိုင်တယ်။ တောင်ညွန့်ဖြစ်နိုင်တယ်။ သူတို့ကို ကျွန်တော်နိုင်စေချင်တယ်။ အစ္စလာမ်ဘာသာဝင်မို့ ပြောတာမဟုတ်ဘူး။
    .
    ပြည်သူ့ခေတ် – အခုဆို ရွေးကောက်ပွဲ အလွန်ကို အကြမ်းဖျင်း ခန့်မှန်းလို့ရနေပြီ။ လာမယ့်လွှတ်တော်မှာ  ခုနတုန်းကလို မွတ်ဆလင် လူနည်းစုတွေရဲ့အသံ သို့မဟုတ် သူတို့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် အနေအထားက လက်ရှိအနေအထားထက် ပိုဖြစ်လာနိုင်စရာရှိလား။ ဘာမှ မထူးခြားဘဲ ဒီအတိုင်းပဲ ဖြစ်မှာလား။ ပိုဆိုးသွားနိုင်သေးသလား။
    .
    ဦးကိုနီ – ထူးခြားမယ်။ လက်ရှိ အနေအထားထက် အများကြီးကောင်းလာမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ NLD က ၄၀ ရာခိုင်နှုန်းအောက် မရောက်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ရင် NLD လွှတ်တော်ကို စိုးမိုးနိုင်တဲ့ အနေအထားရှိတယ်။ NLD က လွှတ်တော်ကို စိုးမိုးနိုင်တယ်ဆိုရင် NLD ရဲ့မူက ရှင်းတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ ဘာသာရေးအရ ပါတီရဲ့မူဝါဒထဲမှာ ခွဲခြားမှုမရှိဘူး။ သို့သော် တစ်ဦးချင်းအနေနဲ့ ရှိကောင်းရှိမယ်။
    .
    NLD နဲ့ မဟာမိတ်ပြုလာမယ့် တိုင်းရင်းသားတွေမှာလည်း ဘာသာရေးခွဲခြားမှု မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က လူနည်းစု အနေနဲ့ ခံစားနေရတာတွေရှိတယ်။ လူနည်းစုအချင်းချင်း ခံရတဲ့သူအချင်းချင်း စာနာထောက်ထားမှု ရနိုင်တယ်။ ဒါကြောင့်မို့လို့ NLD နဲ့ တိုင်းရင်းသားတွေ လွှတ်တော်မှာ အသာစီးရနိုင်မယ်ဆိုရင်တော့ မွတ်ဆလင် လူနည်းစုတွေအတွက် ခုအခြေအနေထက် ပိုပြီးကောင်းလာလိမ့်လို့ ကျွန်တော်က သုံးသပ်ပါတယ်။
    .
    ပြည်သူ့ခေတ် – ကျေးဇူးတင်ပါတယ်ဆရာ။

    ဆက်လက်ဖော်ပြပါမည်။

  • ဟဂ်ျပြုလုပ်ရန်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိလာ

    ဟဂ်ျပြုလုပ်ရန်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိလာ

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    hajj

    – ယခုနှစ် ဟဂ်ျခရီးစဉ်အတွက် ပထမဆုံးအသုတ်မှာ ဆော်ဒီအာရေဗျနိုင်ငံရှိ ဂျစ်ဒါနှင့် မဒီနာသို့ သြဂုတ် ၁၆ ရက်နေ့က ရောက်ရှိလာကြပြီး အာရှ ၃ နိုင်ငံဖြစ်သော မလေးရှား ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် တောင်အာဖရိကတို့မှ ဖြစ်ကြသည်။

    “ကျွန်တော်တို့နိုင်ငံက ဘုရားဖူးတွေရဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ဖူလုံရေးတို့ကို ဆောင်ရွက်ပေးဖို့အတွက် ၀န်ထမ်းတွေ လွှတ်ပေးတာမျိုးလို အစီအစဉ်အချို့ကို ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဂျစ်ဒါရှိ မလေးရှားဟဂ်ျခရီးစဉ် စီစဉ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Arab News သို့ သြဂုတ်လ ၁၇ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    မလေးရှားမှ ရောက်ရှိလာသူများမှာ ၄၅၀ ခန့်ရှိပြီး ပထမအသုတ်ဖြစ်သည်။ ယခုနှစ် ဟဂ်ျဘုရားဖူးကာလတွင် မလေးရှားမှ စုစုပေါင်း ၂၂၃၀၀ ဦး လာရောက်မည်ဖြစ်သည်။

    ပါကစ္စတန်ကောင်စစ်ဝန် ဗိုလ်ချုပ် အဖ်တဘ် ခိုခါရ်မှာ ပါကစ္စတန်မှာ ရောက်ရှိလာသော ဟဂ်ျဘုရားဖူးခရီးသည် ၁၅၀ ကို မဒီနာရှိ မိုဟာမက် ဘင် အဘ်ဒူလ်အဇစ် လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်။ ယခုနှစ်ဟဂ်ျရာသီတွင် ပါကစ္စတန်မှ စုစုပေါင်း ၁၄၃၃၆၈ ဦး လာရောက်မည်ဖြစ်ပြီး ၇၁၆၈၄ ဦးမှာ အစိုးရ၏အစီအစဉ်ဖြင့် လာရောက်ကြမည်ဖြစ်သည်။

    ပါကစ္စတန်မှ ဟဂ်ျပြုလုပ်မည့်သူများနှင့်အတူ ၀န်ဆောင်မှုဝန်ထမ်း ၃၀၀၊ ဆေးအဖွဲ့ ၄၅၀ နှင့် အစိုးရ၀န်ထမ်း ၂၅၀ မှာလည်း လိုက်ပါလာမည်ဖြစ်ပြီး၊ ၀န်ဆောင်ပေးမည့် ၀န်ထမ်း ၅၀၀ ကိုလည်း ပြည်တွင်း၌ ခန့်ထားမည်ဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုနှစ်ဟဂ်ျခရီးစဉ်အတွက် လာရောက်မည်သူများမှာ စုစုပေါင်း ၁၀၁၇၅၈ ဦးရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့က ဂျစ်ဒါသို့ ၄၂၈ ဦး ရောက်ရှိလာခဲ့ကာ သံအမတ် ဂိုလမ် မိုရှီနှင့် ကောင်စစ်ဝန် ဗိုလ်ချုပ် ဂျေ ကေ အမ် ရှာဟီဒုလ်ကရင်မ်တို့က သွားရောက်ကြိုဆိုခဲ့ကြသည်။

    ဟဂ်ျမှာ အစ္စလာမ်၏ မဏ္ဍိုင် ၅ ခုထဲမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအရသော်လည်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရသော်လည်းကောင်း ဆော်ဒီသို့ လာရောက်ရန် တတ်နိုင်သူများအတွက် တစ်သက်လျှင်တစ်ကြိမ် ဟဂ်ျပြုလုပ်ခြင်းမှာ မလုပ်မနေရ ကျင့်စဉ်တစ်ခုလည်းဖြစ်သည်။

    ယခုနှစ် ဟဂ်ျကာလမှာ စက်တင်လာ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အကြားတွင် ကျရောက်မည်ဖြစ်သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၈၊ ၂၀၁၅)

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    ဆိုက်ဘာရာဇ၀တ်မှုအတွက် တရုတ်တွင် လူတစ်သောင်းခွဲအား ဖမ်းဆီး
    ……………………………..
    အင်တာနက်လုံခြုံရေးကို ဘေးသင့်စေသောပြစ်မှုဖြင့် လူပေါင်း ၁၅၀၀၀ ခန့်ကို ဖမ်းဆီးထားသည်ဟု တရုတ်ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ တရုတ်သမ္မတ ဇီဂျင်ပင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ အင်တာနက်သုံးစွဲမှုကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဆိုက်ဘာရာဇ၀တ်မှုပေါင်း ၇၄၀၀ ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဖြော်ပထားသည်။ သို့သော်လည်း မည်သည့်အချိန်တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိဘဲ၊ အဆိုပါအမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာရက်စွဲဖြင့် ဖော်ပြထားသည်။

    ပြောင်းရွှေ့အခြေချသူများကို ငြှင်းပန်းမှုဖြင့် လူကုန်ကူးသူ ၈ ဦးကို အီတလီတရားစွဲ
    ………………………………………….
    မြေထဲပင်လယ်တွင် ပြောင်းရွှေ့ခြေချသူ ၄၉ ဦးကို စက်လှေ၏ အင်ဂျင်ခန်းထဲတွင် ပိတ်လှောင်ထားပြီး မီးခိုးငွေ့များဖြင့် အသက်ရှုကြပ်စေအောင် ပြုလုပ်ခဲ့သည့် လူကုန်ကူးသူ ၈ ဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးလိုက်သည်ဟု အီတလီရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ ပြောင်းရွှေ့အခြေချသူများက အသက်ရှုမရ၍ အပြင်ထွက်လာသည့်အခါတွင် အချို့သော လူကုန်ကူးသူများမှာ ဦးခေါင်းများကို ကန်ကျောက်မှုများ ပြုလုပ်ခဲ့သည်ဟု စစ္စလီကျွန်းရှိ တရားသူကြီးကဆိုသည်။

    မာလီတွင် စစ်ရိပ်စစ်ငွေ့သန်းနေသောကြောင့် ကုလငြိမ်းချမ်းတပ်များ တပ်ဖြန့်ချထားရ
    ………………………………………
    သူပုန်များနှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုများ ဖြစ်လာမည်ကို တားဆီးရန်အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များမှာ မာလီနိုင်ငံမြောက်ပိုင်းရှိ သူပုန်များခြေကုပ်ယူရာ ပတ်ဝန်းကျင်တွင် တပ်ဖြန့်ချထားရသည်ဟု Reuters သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ သူပုန်အဖွဲ့ဖြစ်သော CMA နှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များမှာ ပြီးခဲ့သည့်ဇွန်လက
    ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးထားသော်လည်း ပြည်သူ့စစ်များက CMA ခြေကုပ်ယူထားသည့်နေရာမှ မြို့တစ်မြို့ကို ယမန်နေ့က သိမ်းယူခဲ့ပြီး တိုက်ခိုက်မှုများ မြင့်တက်လာမည့် အနေအထားရှိနေသည်။

    Ref: News Agencies

  • “ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဖို့တ်ဝိန်းရောက်မြန်မာများ ကြိုးပမ်း”

    “ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဖို့တ်ဝိန်းရောက်မြန်မာများ ကြိုးပမ်း”

    သြဂုတ် ၁၈ ၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ-နေစိုင်း
    photo 1
    မြန်မာ့ရေဘေးဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမြို့ကို ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ သြဂုတ်လ (၁၅) ရက် နဲ့ (၁၆) ရက်နေ့တွေမှာ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    သြဂုတ်လ(၁၅) ရက်နေ့မှာ ဇေတဝန်ကျောင်းတိုက်က ဦးဆောင်ကျင်းပခဲ့ကြပြီး သြဂုတ်လ (၁၆) ရက်နေ့မှာတော့ မြန်မာမွတ်စလင် လူငယ်တွေက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

    “မြန်မာပြည်မှာရေကြီးလို့ လူတွေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်မှာတွေ့ပြီး ကျနော်တို့လည်း စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့လည်း ငွေကြေးတွေအများကြီးမတက်နိုင်ဘူး။ ဒါကြောင့် အခုလို ဈေးရောင်းပွဲတော်လုပ်ပြီး ကျနော်တို့ လုပ်အားနဲ့ ရန်ပုံငွေရှာရတာ” လို့ ဟာဖဇ် ရှဖီးက ရှင်းပြပါတယ်။
    photo 4
    “ကျနော်တို့ဈေးရောင်းပွဲကို မြန်မာမွတ်စလင်လူငယ်တွေက စီစဉ်တယ်ဆိုပေမယ့် ဘာသာခြားမြန်မာလူမျိုးတွေ၊ ဒီကဒေသခံ လူမျိုးခြားတွေလည်း လာအားပေးကြတယ်။ ရတဲ့ရန်ပုံငွေတွေကိုလည်း လူမျိုးဘာသာမခွဲခြားဘဲ ကူညီပေးမှာပါ” လို့ အဘတ်စ် က ဆိုပါတယ်။

    ဟာဖွဇ်ရှဖီးနဲ့ အဘတ်စ်အပါအဝင် သြဂုတ်လ (၁၆) ရက်နေ့က ကျင်းပခဲ့တဲ့ ဈေးရောင်းပွဲကို ဦးစီးဆောင်ရွက်သူတွေဟာ စစ်အစိုးရ လက်ထက်က ဖိနှိပ်မှုဒဏ်တွေကြောင့် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာမွတ်စလင် လူငယ်တွေဖြစ်ပါတယ်။

    “ဒီလူငယ်တွေထဲက တချို့ဆိုရင် ဒုက္ခသည်စခန်းမှာမွေး၊ ဒုက္ခသည်စခန်းမှာကြီးခဲ့ရလို့ မြန်မာပြည်တောင် ခြေမချဖူးသူတွေ လည်းပါတယ်။ ဒါပေမယ့် အရေးအကြောင်းဆို မြန်မာပြည်အတွက် အခုလို သူတို့တွေက ကိုယ်ပိုင် အသိစိတ်ဓါတ်နဲ့ ကူညီဖို့ကြိုးပမ်းတယ်ဆိုတာ သွေးကစကားပြောတယ်လို့ ဆိုရမယ်” လို့ ဈေးရောင်းပွဲမှာ လာရောက်အားပေးတဲ့ ကိုဟူစိန်ဘိုင်က ပြောပါတယ်။

    မြန်မာမွတ်စလင်လူငယ်တွေအနေနဲ့ နောက်နှောင်မှာလည်း အခက်အခဲနဲ့ ရင်ဆိုင်ကြသူတွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှေ့ရှုပြီး တဒေါင့်တနေရာကနေ ဝိုင်းဝန်းကူညီပေးသွားမယ်လို့လည်း အဘက်စ် က ဆက်လက် ရှင်းပြပါတယ်။

    အလားတူပဲ ဖို့တ်ဝိန်းအခြေစိုက် “မြန်မာတိုင်းရင်းသားများ အကျိုးတော်ဆောင်အဖွဲ့” ကလည်း ရေဘေးကယ်ဆယ်ရေး အတွက် အလှူငွေတွေကောက်ခံပေးနေတယ်လို့လည်း သိရပါတယ်။

    ဖို့တ်ဝိန်းက မြန်မာမွတ်စလင်လူငယ်တွေအနေနဲ့ ရန်ပုံငွေ အဖြစ်ရရှိတဲ့ ကျပ်ငွေ သိန်း (၆၀) ခန့်ကို ပြည်တွင်းက ရေးဘေးကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေကတဆင့် ပေးအပ်လှူဒါန်းသွားမယ်ဖြစ်တယ်လို့ သိရပါတယ်။

    photo 3 photo