News @ M-Media

စိန့်လူးဝစ်တွင် လူမည်းလူငယ်တစ်ဦး ရဲတပ်ဖွဲ့၏ ပစ်သတ်မှု ခံရပြန်

သြဂုတ် ၂၀၊ ၂၀၁၅
M-Media

us

– အမေရိကန်ပြည်တောင်စု မစ်ဇူရီပြည်နယ် စိန့်လူးဝစ်တွင် အာဖရိကန်-အမေရိကန်တစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံပစ်သတ်ခဲ့ပြီး ပြည်သူများအကြားတွင် တင်းမာမှုများ မြင့်တက်လာကာ ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့က ရဲတပ်ဖွဲ့မှာ ဖမ်းဝရမ်းဖြင့် အိမ်တစ်အိမ်တွင် ၀င်ရောက်ရှာဖွေစဉ် လူမည်းလူငယ်နှစ်ဦးမှာ နောက်ဖေးပေါက်မှ ထွက်ပြေးရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စိန့်လူးဝစ် ရဲတပ်ဖွဲ့အကြီးအကဲ ဆမ် ဒေါ့ဆန်က ပြောကြားခဲ့သည်။ စိန့်လူးဝစ်မှာ လွန်ခဲ့သည့်တစ်နှစ်က လူမည်းငယ် မိုက်ကယ်ဘရောင်း ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်မှုကို ခံရသော ဒေသလည်းဖြစ်သည်။

ရဲတပ်ဖွဲ့မှာ ၎င်းတို့နှစ်ဦးအား ရပ်တန့်ရန် ပြောကြားခဲ့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးက ရဲတပ်ဖွဲ့ဝင်များထံသို့ သေနတ်ဖြင့် ချိန်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက လေးချက် ပစ်ခတ်ခဲ့ပြီး အဆိုပါ လူမည်းလူငယ်ကို သေဆုံးစေခဲ့သည်ဟု ဒေါ့ဆန်က ထည့်သွင်း ပြောကြားခဲ့သည်။

သေဆုံးသွားသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ မန်ဆူရ် ဘောလ်ဘေးဆိုသူ ဖြစ်သည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် စိန့်လူးဝစ်ရှိ ပြည်သူများမှာ လမ်းပေါ်သို့ ထွက်လာကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လမ်းဆုံလမ်းခွများအား ပိတ်ဆို့ခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့အား မျက်ရည်ယိုဗုံးများဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ ဆန္ဒပြသူများထဲမှ အနည်းဆုံး ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သည့် ၁၀ ရက်ကလည်း စိန့်လူးဝစ်ဆင်ခြေဖုံး ဖာဂူဆန်ဒေသရှိ လမ်းမများပေါ်တွင် အသက် ၁၈ နှစ်အရွယ် လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က ပစ်သတ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူများက ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

Ref: PressTV

Comments

Leave a Reply