News @ M-Media

Blog

  • ဘာကာ၏ ဘီဘာအိုအရှုံးအတွက် နည်းပြအန်းရစ် တာဝန်ယူ

    ဘာကာ၏ ဘီဘာအိုအရှုံးအတွက် နည်းပြအန်းရစ် တာဝန်ယူ

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    eng

    – ယနေ့မနက်က ကစားခဲ့သည့် ဘီဘာအိုနှင့်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရမှုအတွက် မိမိသာလျှင် အပြစ်တင်ခံထိုက်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဥရောပစူပါဖလား ဆီးဗီးလားနှင့်ပွဲတွင် အချိန်ပို၌ အနိုင်ရရှိခဲ့သည့် ဘာစီလိုနာမှာ စပိန်စူပါဖလား ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားသည့် ဘီဘာအိုနှင့်ပွဲတွင် ကစားသမားများကို အပြောင်းအလဲလုပ်ခဲ့ပြီး ၄ ဂိုး ပြတ်ဖြင့် ရှုံးနိမ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့မှာ ကြားနားရက်က ၃ ရက်သာရှိတာကြောင့် အပြောင်းအလဲအများကြီး လုပ်ခဲ့ရပါတယ်။ ဒီအရှုံးအတွက် ကျွန်တော် တာဝန်ယူပါတယ်။ အချိန်ဇယားက ကျွန်တော်တို့အတွက် ခက်ခဲပြီး ကျွန်တော်တို့က ဂျော်ဂျီယာ ပြန်ရောက်တာ မကြာသေးပါဘူး။ ဒါပေမယ့် ဒီအချိန်က ဆင်ခြေပေးရမယ့်အချိန် မဟုတ်ပါဘူး။ ပြက္ခဒိန်က ဘယ်လိုလဲ။ အဲလိုပဲ သွားရမှာပါ” ဟု အန်းရစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဘီဘာအိုမှ အန်ဒူရစ်ဇ်က ဟက်ထရစ်သွင်းယူခဲ့ပြီး အန်းရစ်ကမူ ဘီဘာအိုအား ချီးကျူးခဲ့သည်။ သို့သော်လည်း လာမည့်တစ်ပတ် နျူးကမ့်တွင်ကစားမည့် ဒုတိယအကျော့တွင် အလှည့်အပြောင်းဖြစ်နိုင်ရန် မျှော်လင့်နေသည်။

    “အက်သလက်တစ် (ဘီဘာအို)နဲ့ပွဲဟာ ဘယ်တုန်းကမှ မလွယ်ပါဘူး။ သူတို့ကို ချီးကျူးပါတယ်။ ဒါပေမယ့် တနင်္လာနေ့ကတော့ နောက်ထပ် ၀န်းကျင်တစ်ခု ဖြစ်မှာပါ။ ပြန်နိုင်ဖို့ဖြစ်မလားဆိုရင်တော့ ပထမပိုင်းလောက်မှာပါပဲ။ အလှည့်အပြောင်းလုပ်နိုင်တဲ့ အသင်းဆိုတာရှိရင် ဒါဟာ ဘာကာပါပဲ”

    Ref : Goal

  • ရာသီတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု တိုးလာမည်

    ရာသီတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု တိုးလာမည်

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    clm

    – ကမ္ဘာ့တစ်ဝှမ်းတွင် စားနပ်ရိက္ခာပြတ်လတ်မှုများမှာ ရာသီဥတုပြောင်းလဲမှု၏ ရလဒ်ကြောင့် ၃ ဆ တိုးလာမည်ဟု အမေရိကန်-ဗြိတိန် ပူးပေါင်းလုပ်ငန်းအဖွဲ့က ပြောကြားလိုက်ပြီး၊ အနာဂတ်တွင် ဈေးနှုန်းများ တက်လာနိုင်မည့် အလားအလာအား တုံ့ပြန်ရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အဆင်သင့်ရှိနေရန်လည်း သတိပေးခဲ့သည်။

    ရိက္ခာပြတ်လပ်မှုများ၊ ဈေးကွက် မတည်ငြိမ်မှုများနှင့် ဈေးနှုန်းတက်မှုများမှာ ၂၀၄၀ အရောက်တွင် နှစ် ၃၀ တိုင်း အဆပေါင်းများစွာ မြင့်မားမည့် အလားအလာရှိနေသည်ဟု အဆိုပါ လုပ်ငန်းအဖွဲ့၏ ရာသီဥတု ဆိုးဝါးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အစားသောက်စနစ်ခံနိုင်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    လက်ရှိတွင် ကမ္ဘာ့လူဦးရေ ၇.၃ ဘီလီယံ ရှိနေရာမှ ၂၀၅၀ အရောက်တွင် ၉ ဘီလီယံအထိ ရှိလာမည်ဟု တွက်ချက်ထားမှုနှင့်အတူ အစားအသောက်ထုတ်လုပ်မှုမှာလည်း ၆၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် လိုအပ်မည်ဖြစ်ပြီး ရာသီဥတုနှင့်ဆက်စပ်ကာ ဈေးကွက်ဖရိုဖရဲဖြစ်မှုမှာလည်း လူမှုရေး မတည်ငြိမ်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု ယမန်နေ့တွင် ထိုအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာ၌ ထည့်သွင်းပြောကြားခဲ့သည်။

    “ရာသီဥတုက ပြောင်းလဲနေပြီး၊ မိုးလေ၀သ စံချိန်တွေကလည်း တစ်ချိန်လုံး ကျိုးပျက်နေပါတယ်။ အန္တရာယ်တွေက မြင့်တက်လာနေပြီး မကြုံစဖူး အနေအထားနဲ့ ပမာဏကို ဖြစ်သွားစေနိုင်ပါတယ်” ဟု ဘဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ဗြိတိန်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ဒေးဗစ်ကင်းက ပြောကြားခဲ့သည်။

    ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာအသစ်များက ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကို ပိုမို လွယ်ကူစေမည်ဖြစ်သော်လည်း အန္တရာယ်များကို ခုခံနိုင်မှုမှာ နည်းလိမ့်မည်ဟုလည်း ကင်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဓိကအန္တရာယ်များမှာ အချို့မှာ ရေနံဈေးနှုန်းတက်ခြင်းကြောင့် အစားအသောက်များ၏ ကုန်ကျစားရိတ်ကို မြင့်မားစေခြင်း၊ အခြေခံအဆောက်အဦး အားနည်းမှုကြောင့် ဘရာဇီးလ်၊ အမေရိကန် သို့မဟုတ် ပင်လယ်နက်ဒေသများတွင် ပြည်ပမှတင်သွင်းမှု ပမာဏလျော့ခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး လျော့ကျနိုင်ဖွယ်ရှိခြင်းက ဒေါ်လာဖြင့် ချိတ်ဆက်ထားသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မြင့်တက်စေခြင်းတို့လည်း ပါဝင်သည်။

    ကမ္ဘာပေါ်ရှိ အဓိက ကောက်ပဲသီးနှံ လေးမျိုးဖြစ်သော ပြောင်းဖူး၊ ပဲ၊ ဂျုံနှင့် ဆန်တို့မှ အများစုကို ထုတ်လုပ်ပေးနေသည့် မြောက်အမေရိက၊ တောင်အမေရိကနှင့် အာရှတို့မှာ ဆိုးဝါးသော မိုးလေ၀အခြေအနေများကို ခံစားရဆုံး ဒေသများဖြစ်သည်ဟုလည်း အဆိုပါအစီရင်ခံစာတွင် ဖြော်ပခဲ့သည်။

    Ref: Aljazeera

  • နှစ်ပေါင်း ၄၀၀ ကျော်က ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ် အိန္ဒိယတွင် တွေ့ရှိ

    နှစ်ပေါင်း ၄၀၀ ကျော်က ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ် အိန္ဒိယတွင် တွေ့ရှိ

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    koran

    – ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးထဲမှ တစ်ခုဟု ယူဆနိုင်သည့် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်ကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကာရ်နာတာကာပြည်နယ်တွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု သိရသည်။

    အဆိုပါကုရ်အာန်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော်က အိန္ဒိယကို အုပ်ချုပ်ခဲ့သော မဂိုဘုရင် အက္ကဘာရ်၏ လက်ထက်က ဖြစ်နိုင်မည်ဟု ခန့်မှန်းကြသည်။

    “ဒါဟာ အဲဒီကာလတုန်းက သူတော်စဉ်တွေနဲ့ သက်ဆိုင်တယ် ဆိုတာကလွဲလို့ သတင်းအချက်အလက် မရသေးပါဘူး။ အိန္ဒိယက ကုရ်အာန်ကျမ်းတော်မြတ်တွေကို ကျွန်တော် မြင်ဖူးပေမယ့် ဒီလောက် သက်တမ်းရင့်တာမျိုးကိုတော့ ကျွန်တော် မမြင်ဖူးပါဘူး” ဟု သမိုင်းဆိုင်ရာ ပါမောက္ခဖြစ်သူ ရှိခ်အလီက The Hindu သတင်းစာသို့ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    နှစ်ပေါင်း ၄၁၀ ကြာမြင့်နေပြီဖြစ်ပြီး အိန္ဒိယတွင် သက်တမ်းအရင့်ဆုံးဖြစ်မည်ဟု ယုံကြည်ရသည့် အဆိုပါ ကုရ်အာန်ကို ကာရ်နာတာကာပြည်နယ် မိုင်ဆူရူခရိုင်တွင် ရဲတပ်ဖွဲ့က သိမ်းယူရရှိခဲ့ခြင်းဖြစ်သည်။

    ဟိုက်ဒရာဘတ်ရှိ အမည်မသိသူတစ်ဦးထံမှာ ဂိုဏ်းတစ်ခုက အဆိုပါကုရ်အာန်ကို ၀ယ်ယူထားခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၇၇၆၇၅၄ ဖြင့် ရောင်းချရန် ဆန္ဒရှိနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    “ဗီဒီယိုတွေကို မျှဝေပြီး သူတို့ဟာ ဒီတန်ဖိုးရှိတဲ့စာအုပ်ကို ရောင်းဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ရဲအဖွဲ့တစ်ခုက ၀ယ်ယူမယ့်သူတွေအဖြစ် သူတို့ဆီကို ချဉ်းကပ်ခဲ့ကြပါတယ်” ဟု မိုင်ဆူရူ ခရိုင်မှ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ အဘ်ဟီနဗ် ခါရီက ပြောကြားခဲ့သည်။

    စာမျက်နှာ ၆၀၄ မျက်နှာပါသည့် အဆိုပါကုရ်အာန်ကျမ်းတော်မြတ်မှာ “အနုပညာလက်ရာ” တစ်ခုဖြစ်သည်ဟု သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြသည်။

    “အဲဒါဟာ ဟစ်ဂျရီသက္ကရာစ် ၁၀၅၀ လောက်မှာ ရေးသားထားတာပါ။ ဒါဆို အေဒီ ၁၀၆၅ လောက်အချိန်ပါပဲ။ ဒီအချိန်ဟာ အိန္ဒိယမှာ မဂိုအုပ်ချုပ်မှု ထိပ်ဆုံးရောက်ရှိနေတဲ့ အချိန် တစ်ဝိုက်လောက်ဖြစ်ပြီး အက္ကဘာရ်ဘုရင်က ဂျီဟန်ဂီရ်ဘုရင်ရဲ့ အရိုက်အရာကို ဆက်ခံတဲ့ အချိန်ပါပဲ” ဟု ပါမောက္ခအလီက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လကလည်း ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုရ်အာန်ကျမ်းတော်မြတ်ဟု ယူဆရသည့် အပိုင်းအစများကို အင်္ဂလန်ရှိ ဘာမင်ဂမ်တက္ကသိုလ်တွင် တွေ့ရှိခဲ့ရပြီး အဆိုပါ လက်ရေးမူများမှာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ၏ လက်ထက် လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၇၀ ခန့်က ဖြစ်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    သို့သော်လည်း တစ်ပတ်ကြာပြီးနောက် ဆော်ဒီရှိပညာရှင်များကမူ ဘာမင်ဂမ်တွင်တွေ့ရှိခဲ့သည့် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်မှာ သက်တမ်းအရင့်ဆုံးမဟုတ်ဘဲ မုဟမ္မဒ်သခင်၏ ကာလတွင် ရေးသားထားသည်ဆိုသည့် ပြောကြားချက်များကိုလည်း ငြင်းဆိုခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    ကက်ရှ်မီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ပါကစ္စတန်က အိန္ဒိယကို ကမ်းလှမ်း
    …………………………………
    ပိုင်နက်အငြင်းပွားမှုများရှိနေသော ကက်ရှ်မီးယားဒေသကိစ္စအား ဖြေရှင်းရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးမှုများပြုလုပ်ရန် ပါကစ္စတန်သမ္မတ မန်မွန်ဟူစိန်က အိန္ဒိယသို့ ထပ်မံကမ်းလှမ်းခဲ့သည်။ ယနေ့တွင်ကျရောက်သည့် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ဟူစိန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါကစ္စတန်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ယုံကြည်သည်ဟုလည်း ဆိုသည်။ ၎င်းတို့ နှစ်နိုင်ငံမှာ ၁၉၄၇ ခုနှစ် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် ၂
    ကြိမ်တိုင်တိုင် စစ်ဖြစ်ပွားခဲ့သည်။

    ကျူးဘားရှိ အမေရိကန်သံရုံး ပြန်ဖွင့်
    …………………………….
    နှစ်ပေါင်း ၅၄ နှစ် ကြာပြီးနောက် ကျူဘားနိုင်ငံ မြို့တော်ဟာဗားနားရှိ အမေရိကန်သံရုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်အလံလွှင့်တင်ခဲ့ကာ ဖွင့်ပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်အတူ ၁၉၆၁ ခုနှစ်က သံရုံးရှိ အမေရိကန်အလံကို ချခဲ့သော မရိန်းတပ်ဖွဲ့မှ အငြိမ်းစား တပ်ဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့သည်။ ဂျွန်ကယ်ရီကမူ ကျူးဘားအား စစ်မှန်သည့် ဒီမိုကရေစီရရှိရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး မိမိတို့အနေဖြင့် ကျူးဘား ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးမှုကို
    ရပ်တန့်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • ဒုတိယကမ္ဘာစစ်ကိစ္စများအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဂျပန်ပြော

    ဒုတိယကမ္ဘာစစ်ကိစ္စများအတွက် အလွန်အမင်းနောင်တရမိသည်ဟု ဂျပန်ပြော

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    japan

    – ဒုတိယကမ္ဘာစစ်အတွင်း မိမိတို့တိုင်းပြည်၏ ကျူးကျော်မှုများအတွက် “အလွန်အမင်း နောင်တရမိပြီး” စစ်ပွဲ၏ ပျက်ဆီးဆုံးရှုံးမှုများကို မည်သည့်အခါမှ ထပ်မံမဖြစ်ပွားရန် သန္ဓိဌာန်ပြုသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ပြောကြားလိုက်သည်။

    “နိုင်ငံအတွင်းမှာရော၊ နိုင်ငံအပြင်မှာရော သေဆုံးခဲ့သူတွေအားလုံးရဲ့ ၀ိဥာဉ်တွေရဲ့ရှေ့မှာ ကျွန်တော် နှစ်နှစ်ကာကာနဲ့ ဦးညွှတ်ပါတယ်။ ကျွန်တော် အလွန်အမင်းနောင်တရမိပြီး ထပ်တူထပ်မျှ ၀မ်းနည်းကြေတယ်လို့လည်း ပြောချင်ပါတယ်” ဟု ဂျပန်က လက်နက်ချကာ ဒုတိကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၇၀ ပြည့်အဖြစ် ယနေ့တွင် ပြုလုပ်သော အခမ်းအနားတွင် အာဘေးက ပြောကြားခဲ့သည်။

    အာရှပစိဖိတ်ဒေသတွင် ဂျပန်စစ်တပ်က အမျိုးသမီးထောင်ပေါင်းများစွာအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုများအပါအ၀င် ဂျပန်မှာ အပြစ်မဲ့ပြည်သူများစွာကို ထိခိုက်ခံစားစေခဲ့သည်ဟုလည်း အာဘေးက ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ ဘယ်လိုအားထုတ်မှုမျိုးပဲလုပ်လုပ် မိသားစုဝင် ဆုံးရှုံးခဲ့ရသူတွေရဲ့ ၀မ်းနည်းမှုတွေ၊ စစ်ရဲ့ အနိဌာရုံတွေကြောင့် အတိုင်းထက်အလွန် ခံစားခဲ့ရသူတွေရဲ့ နာကျင်ဖွယ် အမှတ်တရတွေကိုတော့ ဘယ်တော့မှ ပြေပျောက်စေမှာ မဟုတ်ပါဘူး”

    အာဘေး၏ ထိုကဲ့သို့ပြောကြားမှုမှာ အရေးပါသည့် အမှတ်အသားတစ်ခုဖြစ်ခဲ့ပြီး အာရှတစ်ဝှမ်း ဂျပန်၏ ရက်စက်စွာ ချီတက်သိမ်းပိုက်မှုများကို ခံစားခဲ့ရသည့် နိုင်ငံများနှင့် အနာဂတ်ဆက်ဆံရေးကို သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

    ၎င်း၏ မိန့်ခွန်းတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသို့ အမေရိကန်က နျူကလီးယားဗုံးကြဲမှုကိုလည်း ကိုးကားပြောကြားခဲ့ပြီး ဂျပန်မှာ နျူလက်နက်မပြန့်ပွားရေးနှင့် လုံးဝဖျက်သိမ်းရေးကို ထောက်ခံသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera