သြဂုတ် ၁၅၊ ၂၀၁၅
M-Media
– ကမ္ဘာ့တစ်ဝှမ်းတွင် စားနပ်ရိက္ခာပြတ်လတ်မှုများမှာ ရာသီဥတုပြောင်းလဲမှု၏ ရလဒ်ကြောင့် ၃ ဆ တိုးလာမည်ဟု အမေရိကန်-ဗြိတိန် ပူးပေါင်းလုပ်ငန်းအဖွဲ့က ပြောကြားလိုက်ပြီး၊ အနာဂတ်တွင် ဈေးနှုန်းများ တက်လာနိုင်မည့် အလားအလာအား တုံ့ပြန်ရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အဆင်သင့်ရှိနေရန်လည်း သတိပေးခဲ့သည်။
ရိက္ခာပြတ်လပ်မှုများ၊ ဈေးကွက် မတည်ငြိမ်မှုများနှင့် ဈေးနှုန်းတက်မှုများမှာ ၂၀၄၀ အရောက်တွင် နှစ် ၃၀ တိုင်း အဆပေါင်းများစွာ မြင့်မားမည့် အလားအလာရှိနေသည်ဟု အဆိုပါ လုပ်ငန်းအဖွဲ့၏ ရာသီဥတု ဆိုးဝါးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ အစားသောက်စနစ်ခံနိုင်ရေးအဖွဲ့က ပြောကြားခဲ့သည်။
လက်ရှိတွင် ကမ္ဘာ့လူဦးရေ ၇.၃ ဘီလီယံ ရှိနေရာမှ ၂၀၅၀ အရောက်တွင် ၉ ဘီလီယံအထိ ရှိလာမည်ဟု တွက်ချက်ထားမှုနှင့်အတူ အစားအသောက်ထုတ်လုပ်မှုမှာလည်း ၆၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် လိုအပ်မည်ဖြစ်ပြီး ရာသီဥတုနှင့်ဆက်စပ်ကာ ဈေးကွက်ဖရိုဖရဲဖြစ်မှုမှာလည်း လူမှုရေး မတည်ငြိမ်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု ယမန်နေ့တွင် ထိုအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာ၌ ထည့်သွင်းပြောကြားခဲ့သည်။
“ရာသီဥတုက ပြောင်းလဲနေပြီး၊ မိုးလေ၀သ စံချိန်တွေကလည်း တစ်ချိန်လုံး ကျိုးပျက်နေပါတယ်။ အန္တရာယ်တွေက မြင့်တက်လာနေပြီး မကြုံစဖူး အနေအထားနဲ့ ပမာဏကို ဖြစ်သွားစေနိုင်ပါတယ်” ဟု ဘဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ဗြိတိန်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ဒေးဗစ်ကင်းက ပြောကြားခဲ့သည်။
ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာအသစ်များက ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကို ပိုမို လွယ်ကူစေမည်ဖြစ်သော်လည်း အန္တရာယ်များကို ခုခံနိုင်မှုမှာ နည်းလိမ့်မည်ဟုလည်း ကင်းက ထည့်သွင်းပြောကြားခဲ့သည်။
အဓိကအန္တရာယ်များမှာ အချို့မှာ ရေနံဈေးနှုန်းတက်ခြင်းကြောင့် အစားအသောက်များ၏ ကုန်ကျစားရိတ်ကို မြင့်မားစေခြင်း၊ အခြေခံအဆောက်အဦး အားနည်းမှုကြောင့် ဘရာဇီးလ်၊ အမေရိကန် သို့မဟုတ် ပင်လယ်နက်ဒေသများတွင် ပြည်ပမှတင်သွင်းမှု ပမာဏလျော့ခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး လျော့ကျနိုင်ဖွယ်ရှိခြင်းက ဒေါ်လာဖြင့် ချိတ်ဆက်ထားသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မြင့်တက်စေခြင်းတို့လည်း ပါဝင်သည်။
ကမ္ဘာပေါ်ရှိ အဓိက ကောက်ပဲသီးနှံ လေးမျိုးဖြစ်သော ပြောင်းဖူး၊ ပဲ၊ ဂျုံနှင့် ဆန်တို့မှ အများစုကို ထုတ်လုပ်ပေးနေသည့် မြောက်အမေရိက၊ တောင်အမေရိကနှင့် အာရှတို့မှာ ဆိုးဝါးသော မိုးလေ၀အခြေအနေများကို ခံစားရဆုံး ဒေသများဖြစ်သည်ဟုလည်း အဆိုပါအစီရင်ခံစာတွင် ဖြော်ပခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.