News @ M-Media

Blog

  • ဟဂ်ျပြုလုပ်ရန်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိလာ

    ဟဂ်ျပြုလုပ်ရန်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိလာ

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    hajj

    – ယခုနှစ် ဟဂ်ျခရီးစဉ်အတွက် ပထမဆုံးအသုတ်မှာ ဆော်ဒီအာရေဗျနိုင်ငံရှိ ဂျစ်ဒါနှင့် မဒီနာသို့ သြဂုတ် ၁၆ ရက်နေ့က ရောက်ရှိလာကြပြီး အာရှ ၃ နိုင်ငံဖြစ်သော မလေးရှား ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် တောင်အာဖရိကတို့မှ ဖြစ်ကြသည်။

    “ကျွန်တော်တို့နိုင်ငံက ဘုရားဖူးတွေရဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ဖူလုံရေးတို့ကို ဆောင်ရွက်ပေးဖို့အတွက် ၀န်ထမ်းတွေ လွှတ်ပေးတာမျိုးလို အစီအစဉ်အချို့ကို ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဂျစ်ဒါရှိ မလေးရှားဟဂ်ျခရီးစဉ် စီစဉ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Arab News သို့ သြဂုတ်လ ၁၇ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    မလေးရှားမှ ရောက်ရှိလာသူများမှာ ၄၅၀ ခန့်ရှိပြီး ပထမအသုတ်ဖြစ်သည်။ ယခုနှစ် ဟဂ်ျဘုရားဖူးကာလတွင် မလေးရှားမှ စုစုပေါင်း ၂၂၃၀၀ ဦး လာရောက်မည်ဖြစ်သည်။

    ပါကစ္စတန်ကောင်စစ်ဝန် ဗိုလ်ချုပ် အဖ်တဘ် ခိုခါရ်မှာ ပါကစ္စတန်မှာ ရောက်ရှိလာသော ဟဂ်ျဘုရားဖူးခရီးသည် ၁၅၀ ကို မဒီနာရှိ မိုဟာမက် ဘင် အဘ်ဒူလ်အဇစ် လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်။ ယခုနှစ်ဟဂ်ျရာသီတွင် ပါကစ္စတန်မှ စုစုပေါင်း ၁၄၃၃၆၈ ဦး လာရောက်မည်ဖြစ်ပြီး ၇၁၆၈၄ ဦးမှာ အစိုးရ၏အစီအစဉ်ဖြင့် လာရောက်ကြမည်ဖြစ်သည်။

    ပါကစ္စတန်မှ ဟဂ်ျပြုလုပ်မည့်သူများနှင့်အတူ ၀န်ဆောင်မှုဝန်ထမ်း ၃၀၀၊ ဆေးအဖွဲ့ ၄၅၀ နှင့် အစိုးရ၀န်ထမ်း ၂၅၀ မှာလည်း လိုက်ပါလာမည်ဖြစ်ပြီး၊ ၀န်ဆောင်ပေးမည့် ၀န်ထမ်း ၅၀၀ ကိုလည်း ပြည်တွင်း၌ ခန့်ထားမည်ဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုနှစ်ဟဂ်ျခရီးစဉ်အတွက် လာရောက်မည်သူများမှာ စုစုပေါင်း ၁၀၁၇၅၈ ဦးရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့က ဂျစ်ဒါသို့ ၄၂၈ ဦး ရောက်ရှိလာခဲ့ကာ သံအမတ် ဂိုလမ် မိုရှီနှင့် ကောင်စစ်ဝန် ဗိုလ်ချုပ် ဂျေ ကေ အမ် ရှာဟီဒုလ်ကရင်မ်တို့က သွားရောက်ကြိုဆိုခဲ့ကြသည်။

    ဟဂ်ျမှာ အစ္စလာမ်၏ မဏ္ဍိုင် ၅ ခုထဲမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအရသော်လည်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရသော်လည်းကောင်း ဆော်ဒီသို့ လာရောက်ရန် တတ်နိုင်သူများအတွက် တစ်သက်လျှင်တစ်ကြိမ် ဟဂ်ျပြုလုပ်ခြင်းမှာ မလုပ်မနေရ ကျင့်စဉ်တစ်ခုလည်းဖြစ်သည်။

    ယခုနှစ် ဟဂ်ျကာလမှာ စက်တင်လာ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အကြားတွင် ကျရောက်မည်ဖြစ်သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၈၊ ၂၀၁၅)

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    ဆိုက်ဘာရာဇ၀တ်မှုအတွက် တရုတ်တွင် လူတစ်သောင်းခွဲအား ဖမ်းဆီး
    ……………………………..
    အင်တာနက်လုံခြုံရေးကို ဘေးသင့်စေသောပြစ်မှုဖြင့် လူပေါင်း ၁၅၀၀၀ ခန့်ကို ဖမ်းဆီးထားသည်ဟု တရုတ်ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ တရုတ်သမ္မတ ဇီဂျင်ပင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ အင်တာနက်သုံးစွဲမှုကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဆိုက်ဘာရာဇ၀တ်မှုပေါင်း ၇၄၀၀ ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဖြော်ပထားသည်။ သို့သော်လည်း မည်သည့်အချိန်တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိဘဲ၊ အဆိုပါအမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာရက်စွဲဖြင့် ဖော်ပြထားသည်။

    ပြောင်းရွှေ့အခြေချသူများကို ငြှင်းပန်းမှုဖြင့် လူကုန်ကူးသူ ၈ ဦးကို အီတလီတရားစွဲ
    ………………………………………….
    မြေထဲပင်လယ်တွင် ပြောင်းရွှေ့ခြေချသူ ၄၉ ဦးကို စက်လှေ၏ အင်ဂျင်ခန်းထဲတွင် ပိတ်လှောင်ထားပြီး မီးခိုးငွေ့များဖြင့် အသက်ရှုကြပ်စေအောင် ပြုလုပ်ခဲ့သည့် လူကုန်ကူးသူ ၈ ဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးလိုက်သည်ဟု အီတလီရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ ပြောင်းရွှေ့အခြေချသူများက အသက်ရှုမရ၍ အပြင်ထွက်လာသည့်အခါတွင် အချို့သော လူကုန်ကူးသူများမှာ ဦးခေါင်းများကို ကန်ကျောက်မှုများ ပြုလုပ်ခဲ့သည်ဟု စစ္စလီကျွန်းရှိ တရားသူကြီးကဆိုသည်။

    မာလီတွင် စစ်ရိပ်စစ်ငွေ့သန်းနေသောကြောင့် ကုလငြိမ်းချမ်းတပ်များ တပ်ဖြန့်ချထားရ
    ………………………………………
    သူပုန်များနှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုများ ဖြစ်လာမည်ကို တားဆီးရန်အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များမှာ မာလီနိုင်ငံမြောက်ပိုင်းရှိ သူပုန်များခြေကုပ်ယူရာ ပတ်ဝန်းကျင်တွင် တပ်ဖြန့်ချထားရသည်ဟု Reuters သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ သူပုန်အဖွဲ့ဖြစ်သော CMA နှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များမှာ ပြီးခဲ့သည့်ဇွန်လက
    ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးထားသော်လည်း ပြည်သူ့စစ်များက CMA ခြေကုပ်ယူထားသည့်နေရာမှ မြို့တစ်မြို့ကို ယမန်နေ့က သိမ်းယူခဲ့ပြီး တိုက်ခိုက်မှုများ မြင့်တက်လာမည့် အနေအထားရှိနေသည်။

    Ref: News Agencies

  • “ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဖို့တ်ဝိန်းရောက်မြန်မာများ ကြိုးပမ်း”

    “ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဖို့တ်ဝိန်းရောက်မြန်မာများ ကြိုးပမ်း”

    သြဂုတ် ၁၈ ၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ-နေစိုင်း
    photo 1
    မြန်မာ့ရေဘေးဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမြို့ကို ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ သြဂုတ်လ (၁၅) ရက် နဲ့ (၁၆) ရက်နေ့တွေမှာ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    သြဂုတ်လ(၁၅) ရက်နေ့မှာ ဇေတဝန်ကျောင်းတိုက်က ဦးဆောင်ကျင်းပခဲ့ကြပြီး သြဂုတ်လ (၁၆) ရက်နေ့မှာတော့ မြန်မာမွတ်စလင် လူငယ်တွေက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

    “မြန်မာပြည်မှာရေကြီးလို့ လူတွေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်မှာတွေ့ပြီး ကျနော်တို့လည်း စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့လည်း ငွေကြေးတွေအများကြီးမတက်နိုင်ဘူး။ ဒါကြောင့် အခုလို ဈေးရောင်းပွဲတော်လုပ်ပြီး ကျနော်တို့ လုပ်အားနဲ့ ရန်ပုံငွေရှာရတာ” လို့ ဟာဖဇ် ရှဖီးက ရှင်းပြပါတယ်။
    photo 4
    “ကျနော်တို့ဈေးရောင်းပွဲကို မြန်မာမွတ်စလင်လူငယ်တွေက စီစဉ်တယ်ဆိုပေမယ့် ဘာသာခြားမြန်မာလူမျိုးတွေ၊ ဒီကဒေသခံ လူမျိုးခြားတွေလည်း လာအားပေးကြတယ်။ ရတဲ့ရန်ပုံငွေတွေကိုလည်း လူမျိုးဘာသာမခွဲခြားဘဲ ကူညီပေးမှာပါ” လို့ အဘတ်စ် က ဆိုပါတယ်။

    ဟာဖွဇ်ရှဖီးနဲ့ အဘတ်စ်အပါအဝင် သြဂုတ်လ (၁၆) ရက်နေ့က ကျင်းပခဲ့တဲ့ ဈေးရောင်းပွဲကို ဦးစီးဆောင်ရွက်သူတွေဟာ စစ်အစိုးရ လက်ထက်က ဖိနှိပ်မှုဒဏ်တွေကြောင့် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာမွတ်စလင် လူငယ်တွေဖြစ်ပါတယ်။

    “ဒီလူငယ်တွေထဲက တချို့ဆိုရင် ဒုက္ခသည်စခန်းမှာမွေး၊ ဒုက္ခသည်စခန်းမှာကြီးခဲ့ရလို့ မြန်မာပြည်တောင် ခြေမချဖူးသူတွေ လည်းပါတယ်။ ဒါပေမယ့် အရေးအကြောင်းဆို မြန်မာပြည်အတွက် အခုလို သူတို့တွေက ကိုယ်ပိုင် အသိစိတ်ဓါတ်နဲ့ ကူညီဖို့ကြိုးပမ်းတယ်ဆိုတာ သွေးကစကားပြောတယ်လို့ ဆိုရမယ်” လို့ ဈေးရောင်းပွဲမှာ လာရောက်အားပေးတဲ့ ကိုဟူစိန်ဘိုင်က ပြောပါတယ်။

    မြန်မာမွတ်စလင်လူငယ်တွေအနေနဲ့ နောက်နှောင်မှာလည်း အခက်အခဲနဲ့ ရင်ဆိုင်ကြသူတွေကို လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှေ့ရှုပြီး တဒေါင့်တနေရာကနေ ဝိုင်းဝန်းကူညီပေးသွားမယ်လို့လည်း အဘက်စ် က ဆက်လက် ရှင်းပြပါတယ်။

    အလားတူပဲ ဖို့တ်ဝိန်းအခြေစိုက် “မြန်မာတိုင်းရင်းသားများ အကျိုးတော်ဆောင်အဖွဲ့” ကလည်း ရေဘေးကယ်ဆယ်ရေး အတွက် အလှူငွေတွေကောက်ခံပေးနေတယ်လို့လည်း သိရပါတယ်။

    ဖို့တ်ဝိန်းက မြန်မာမွတ်စလင်လူငယ်တွေအနေနဲ့ ရန်ပုံငွေ အဖြစ်ရရှိတဲ့ ကျပ်ငွေ သိန်း (၆၀) ခန့်ကို ပြည်တွင်းက ရေးဘေးကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေကတဆင့် ပေးအပ်လှူဒါန်းသွားမယ်ဖြစ်တယ်လို့ သိရပါတယ်။

    photo 3 photo

  • သီရိလင်္ကာသမ္မတဟောင်း ပါလီမန်သို့ရောက်ရှိရေး ကြိုးပမ်းမှု အဆုံးသတ်

    သီရိလင်္ကာသမ္မတဟောင်း ပါလီမန်သို့ရောက်ရှိရေး ကြိုးပမ်းမှု အဆုံးသတ်

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    siri

    – သီရိလင်္ကာ ပါလီမန်ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ်က အနိုင်ရရှိခဲ့ပြီး အစွန်းရောက် BBS အုပ်စုကို ထောက်ခံအားပေးမှုဖြင့် နာမည်ပျက်ခဲ့သည့် သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာ၏ ပါလီမန်အတွင်း ၀င်ရောက်ရန် ကြိုးစားမှုမှာ အဆုံးသတ်ခဲ့ပြီဖြစ်သည်။

    “ပြည်သူတွေ အနိုင်ရဖို့အတွက် သေချာအောင် ရွေးကောက်ပွဲအတွင်းမှာ မမောနိုင်မပမ်းနိုင် အလုပ်လုပ်ခဲ့ကြတဲ့ ပါတီအားလုံးနဲ့ လူပုဂ္ဂိုလ်အာလုံးကို ကျွန်တော် ကျေဇူးတင်ကြောင်း ပြောပါရစေ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော်တို့ အတူတကွ တည်ဆောက်ကြပါစို့။ ပြည်သူတွေအားလုံး လက်ခံတဲ့ အစိုးရကို တည်ဆောက်ပြီး တိုင်းသစ်ပြည်သစ်ကို ဖန်တီးကြပါစို့” ဟု ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ၀က်စကရီမက်ဆင်ဟီက ပြောကြားခဲ့သည်။

    အဆိုပါရလဒ်မှာ ဇန်န၀ါရီ သမ္မတရွေးကောက်ပွဲက ရာဂျာပက်ဆာကို ဖြုတ်ချနိုင်ခဲ့သည့် သမ္မတ မိုင်သရီပါလာ ဆရီဆီနာအတွက် အောင်မြင်မှု ဖြစ်လာမည်ဖြစ်သည်။ ဆရီဆီနာမှာ ပြုပြင်ပြောင်းလဲရေးအတွက် ပိုမိုအားကောင်းသည့် လုပ်ပိုင်ခွင့် သေချာစေရန် ပါလီမန်ရွေးကောက်ပွဲကို စောစီးစွာ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

    ဆရီဆီနာအား မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့သည့် ရာဂျာပက်ဆာမှာ ပါလီမန်သို့ ပြန်လည်ရောက်ရှိရေးအတွက် ထိုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

    ရာဂျာပက်ဆာ ရှုံးနိမ့်သွားသောကြောင့် သီရိလင်္ကာမှာ အင်အားကြီးနိုင်ငံများကို မှီခိုခြင်းမရှိဘဲ သီးခြားရပ်တည်သည့် နိုင်ငံအဖြစ် ဆက်လက်ရှိသွားမည်ဖြစ်ပြီး ရာဂျာပက်ဆာသမ္မတဖြစ်စဉ်က အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းကို ရေတပ်စခန်းအဖြစ် ပြောင်းလဲရန် ဒေါ်လာဘီလီယံပေါင်းများစွာ ရယူထားသည့် တရုတ်နှင့်ဆက်ဆံရေးလည်း လျော့ပါးသွားမည်ဖြစ်သည်။

    သီရိလင်္ကာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ မာဟင်ဒါ ဒက်စ်ဟာပရီယာကမူ တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ပါလီမန်ရွေးကောက်ပွဲမှာ နိုင်ငံသမိုင်းတွင် အငြိမ်းချမ်းဆုံးသော ရွေးကောက်ပွဲများထဲမှ တစ်ခုဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၅ သန်းမှ ၇၀ ရာခိုင်နှုန်း မဲပေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘီဘာအိုအရှုံးအတွက် ဆင်ခြေပေး၍မရဟု ဘာကာနောက်ခံလူပြော

    ဘီဘာအိုအရှုံးအတွက် ဆင်ခြေပေး၍မရဟု ဘာကာနောက်ခံလူပြော

    သြဂုတ် ၁၈၊ ၂၀၁၅
    M-Media

    baca

    – စပိန်စူပါဖလားတွင် ဘီဘာအိုအသင်းအား ရှုံးနိမ့်ခဲ့မှုအတွက် အသင်းမှာ မည်သည့်ဆင်ခြေမှ ပေး၍မရဟု ဘာစီလိုနာအသင်း၏ ၀ါရင့်နောက်ခံလူ ဒန်နီ အဲလ်ဗက်စ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် ပထမအကျာ့ အဝေးကွင်းတွင် ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့် ဘာစီလိုနာအသင်းမှာ ယနေ့နံနက်က ကစားခဲ့သည့် ဒုတိယအကျော့ ပထမပိုင်းတွင် မက်ဆီ၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ခံလူ ပီကေး အထုတ်ခံရမှုနှင့်အတူ ချေပဂိုး ပြန်ပေးလိုက်ရကာ ၁ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

    “နှစ်ပွဲစလုံးမှာ ကျွန်တော်တို့ လုံလောက်အောင် မဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တတ်နိုင်သလောက် မာမာကျောကျော မယှဉ်ပြိုင်နိုင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥရောပစူပါဖလားပွဲအတွက် ကျွန်တော်တို့ ပေးဆပ်လိုက်ရတာပါ။ ပြီးတော့ ပြင်ဆင်ချိန် ကောင်းကောင်းလည်း မရခဲ့ပါဘူး။ ဒါမျိုးတွေရှိပေမယ့် ဆင်ခြေပေးလို့တော့ မရပါဘူး” ဟု အဲလ်ဗက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    နောက်ခံအလယ်လူ ပီကေးမှာ ၅၆ မိနစ်တွင် တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရပြီး အဲလ်ဗက်စ်ကမူ ပီကေးအထုတ်ခံခဲ့ရခြင်းက အသင်း၏ အခွင့်အလမ်းများကို ထိခိုက်သွားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အခြေအနေနဲ့ပတ်သက်ပြီး ပီကေးကတော့ ပေါက်ကွဲခဲ့ပါတယ်။ ကျွန်တော်တို့ကို ပျက်ဆီးစေတဲ့ ဆုံးဖြတ်ချက်မျိုး ဒိုင်လူကြီးက ချခဲ့တာပါ။ ဒါပေမယ့် ဒီအတွက်လည်း ဆင်ခြေပေးလို့ မရပါဘူး”

    Ref: Goal