News @ M-Media

ပန်းပန်နေဆဲ မြန်မာ စစ်အစိုးရဟောင်း လက်ထွက် ခရိုနီများ

သြဂုတ် ၁၉ ၊ ၂၀၁၅
M-Media

BN-JV201_BURMAC_J_20150812144759
၂၀၀၇ ခုနှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်ပွဲအခမ်းအနား၌ ဘိန်းဘုရင်ဟု ကျော်ကြားသူ လော်စင်းဟန်(၀ဲဖက်)နှင့် ၎င်း၏သား စတီဗင်လော်(ယာဖက်) တို့အား တွေ့ရစဉ်။ စတီဗင် ဟူသည် သူ၏အမည်ပွား ၂၄ မျိုးအနက် သီးသန့်သုံးအမည်နာမတစ်ခု ဖြစ်သည်။ (ဓာတ်ပုံ – ခင်မောင်ဝင်း၊ အေပီ)

နှစ်ပေါင်းများစွာ အမေရိကန်-မြန်မာ ဆက်ဆံရေးနွေးထွေးနေလင့်ကစား အေးရှားဝေါလ် ကုမ္ပဏီလီမိတက် အမည်ရှိ စီးပွားရေး လုပ်ငန်းစုကြီးတစ်ခုကို ကိုင်တွယ်နေသော မြန်မာစစ်အစိုးရဟောင်း လက်ထွက် ထိပ်တန်းခရိုနီ တစ်ဦးကို အမေရိကန်မှ ပိတ်ဆို့ အရေးယူရန် ဦးတည်ထားဆဲဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း သတင်းပေါက်ကြားမှု တစ်ရပ်၌ ဆိုသည်။ ထိုသူ၏ဖခင်မှာ အမေရိကန် အာဏာပိုင်များအကြား ဘိန်းဘုရင် အဖြစ် လူသိများကြသည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး အစိုးရမှ အေးရှားဝေါလ်အား သည်းသည်းလှုပ် အသည်းစွဲကန်ထရိုက်တာ တစ်ခုအဖြစ် ချီးမြှောက်နေခြင်းသည် အတိုင်းအတာ တစ်ရပ်အထိ ထူးခြားနေပေသည်။ ၎င်းမှာ အမေရိကန်ဒေါ်လာ သန်းသုံးရာ နီးပါးတန်ကြေးရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့် မြှင့်တင်ရေး ကန်ထရိုက်ဖြစ်သည်။

အစိုးရခန့် အကြံပေးတစ်ဦးက Toyota Tsusho ဦးဆောင်သော ဂျပန်နိုင်ငံမှ အကျိုးတူ လုပ်ငန်းစုကြီးကို လုပ်ငန်းအပ်ရန် အကောင်းဆုံး အဖြစ် ရွေးချယ် တင်ပြသော်လည်း မြန်မာ အစိုးရအဖွဲ့သည် မစ္စတာ စတီဗင်လော် ( အေးရှားဝေါလ်)  ကိုသာ ကန်ထရိုက်ပေး ခဲ့ကြသည်။ မြန်မာနှင့် ဆက်ဆံရေးပြန်လည် ထူထောင်စေရေး မူဝါဒ ဖော်ဆောင်ခဲ့သူ၊ အမေရိကန်  နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီးဟောင်း Kurt Campbell နှင့် ဘိုးအင်း ကုမ္ပဏီ တို့သည်လည်း ပယ်ချခံ အုပ်စုထဲ ပါဝင်သွားသည်။

ပြည်ပလေလံဆွဲသူများနှင့် မတူခြားနားစွာ လက်ရှိလေဆိပ်ကို စီမံကိုင်တွယ်နေသည့် အေးရှားဝေါလ်သည် လုပ်ငန်းစီမံကိန်း အပေါ် ငွေကြေးပုံအောသုံးစွဲရန် အားသန်သည့်အတွက် ၎င်းကို မျက်စေ့ကျရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအာဏာပိုင်များက ဆိုသည်။

စစ်တပ်မှသော်လည်းကောင်း၊ လက်ရှိအစိုးရထံမှသော် လည်းကောင်း အေးရှားဝေါလ်သည် မည်သည့် အခွင့်ထူးမျှ မရရှိခဲ့ကြောင်း၊ ဥပဒေဘောင်အတွင်းမှသာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မစ္စတာလော အတွက် ပြောဆိုရန် အချိန်မတန်သေးကြောင်းဟု သူ၏ကိုယ်စားလှယ် တစ်ဦးက အီးမေးလ်ပြန်ကြားချက်တွင် ပြောကြားသည်။ အေးရှားဝေါလ် အုပ်စုဝင်များသည် ယနေ့ခေတ်စီးပွားရေး တံခါးတိုးတက်ဖွင့်လှစ်မှုကို ကြိုဆို လက်ခံသည့်အပြင် မိမိတို့သည် ယင်းပတ်ဝန်းကျင်နှင့် အံဝင်အောင် အပြည့်အ၀ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟုလည်း ၎င်းက ပြောကြားလိုက်သည်။

၂၀၁၂ ခုနှစ်မှစ၍  မြန်မာအပေါ် အမေရိကန်၏ ပိတ်ပင်မှု လျှော့ချလာသည့်နှစ်များအတွင်း အမေရိကန်မှ အမည်ပျက်စာရင်း သွင်းထားသော စီးပွားရေး လုပ်ငန်းများသည် ခေါင်းထောင် ပန်းပန်လျက်ရှိနေသေးကြောင်း၊ စီးပွားရေးထိန်းချုပ်မှု တိုးမြင့်လာသည့် သာဓကအချို့တွေ့ရကြောင်း Wall Street ဂျာနယ်မှ သုံးသပ်ထားသည်။

၂၀၁၁ ခုနှစ် ဟန်ပြအမည်ခံ အရပ်သားအစိုးရက အာဏာ လွှဲပြောင်းရယူပြီးနောက် ၀ါရှင်တန်မှ အမေရိကန်တို့အား မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံခွင့်ပေးစဉ် အမေရိကန် ဘဏ္ဍာရေးဋ္ဌာနသည် အထူး ကန့်သတ်မြန်မာနိုင်ငံသား အချို့ကိုမူ ပိတ်ပင်မှု ဆက်လက်ထားရှိခဲ့သည်။

မစ္စတာလောနှင့် သူ၏လက်အောက်ခံ ကွန်ရက်ကြီးများကဲ့သို့ လူမိုက်အားပေး လုပ်ငန်းရှင်များနှင့် စီးပွားရေး မလုပ်ဆောင်ရန် ထိုပိတ်ပင်ချက်များ ရှိနေ၏။ ၎င်းတို့သည် တရားမ၀င်လုပ်ငန်းများ၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် အာဏာရှင်ဟောင်း အုပ်စုနှင့် ပင်းစားမှုများတို့ဖြင့် အမြတ်ထုတ် ခံစားခဲ့ကြသည်ဟု အမေရိကန်အာဏာပိုင်များက ဆိုသည်။

မြန်မာနိုင်ငံသည် ပြန်လည်ပြုပြင်ရေး လမ်းစဉ်နောက် မလိုက်နာပါက မူလအတိုင်း ပြန်လည်ပိတ်ဆို့မှုဖြင့် တွန်းအားပေးနိုင်လိမ့်မည်ဟု အမေရိကန်ခေါင်းဆောင် များစွာက ထင်မြင်ယူဆကြသည်။ သို့အားဖြင့် မြန်မာနိုင်ငံအား ပိုမိုပွင့်လင်းမြင်သာသော စီးပွားရေး ကျင့်သုံးမှုကို အားပေးရာရောက်သည်၊ အနောက်တိုင်း စီးပွားရေးအုပ်စုများအတွက် မျှတူလုပ်ကိုင်ခွင့် လမ်းဖော်စေမည် ဖြစ်သည်။

သို့စေကာမူ မြန်မာအစိုးရသည် အမေရိကန် လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်း၊ မြေယာရောင်းဝယ်ရင်းနှီးမြှုပ်နှံမှု ကဲ့သို့ လုပ်ငန်းခွင် များစွာအပေါ် ခက်ခဲအောင် ထိပ်တုံးခတ်ထားသည်သာမက အရေးယူ ပိတ်ဆို့ခံထားရသည့် လုပ်ငန်းရှင်းများကို တစ်ကျော့ပြန် ရှင်သန်လာအောင် လမ်းဖွင့်ပေးနေလေသည်။

တစ်ချိန်တည်း၌ ပိတ်ဆို့ခံ အသီးသီး၏ သြဇာခံစီးပွားရေးလုပ်ငန်းများသည်လည်းကောင်း၊ စစ်တပ်သည် လည်းကောင်း နိုင်ငံတွင်း ၀င်လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၁၁ ခုနှစ်တွင် ၅.၉ ရာခိုင်နှုန်းမှ ယမန်နှစ်တွင် ၈.၃ ရာခိုင်နှုန်းအထိ စီးပွားရေးဖွံ့ဖြိုးမှု ရှိလာသဖြင့် အမှတ်ရအောက်ခြေလွတ်လာကြ၏။

စစ်တပ်လက်ဝေခံ လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော ဦးပိုင် – Union of Myanmar Economic Holdings Limited (UMEHL) နှင့် မြန်မာ စီးပွားရေးကော်ပိုရေးရှင်း MEC တို့မှာ မြန်မာနိုင်ငံ၏ လယ်ယာမြေများ၊ စက်ရုံ၊ သွင်းကုန် လိုင်စင် အစရှိသည့်နေရာ အများစုအပေါ် ထိန်းချုပ်ထားဆဲပင်။ အချို့ ကဏ္ဍများတွင် လက်တံပင် ရှည်လာသေး၏။

ဦးပိုင်မှ အကြွင်းမဲ့ ချုပ်ကိုင်ထားသော နိုင်ငံ့ အကြီးဆုံး မြန်မာဘီယာ စက်ရုံသည် ယမန်နှစ်က ရှယ်ယာဝေစု ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Singapore’s Fraser & Neave Ltd အား အကျိုးအမြတ် အနိမ့်ဆုံး ဒေါ်လာ သန်း ၅၆၀ ပေးနိုင်ခဲ့သည်။ စစ်တပ်နှင့် ၎င်း၏ ပင်းစားတွဲဖက်များက နိုင်ငံ့ကျောက်စိမ်းတွင်း အားလုံးကို ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထားကြ၏။ ယမန်နှစ်က ၃၀ ရာခိုင်နှုန်းထက်မနည်း အပုံအပင်ရောင်းချရာ ဒေါ်လာ ၃.၄ ဘီလီယံ အထိ ရရှိကြောင်း မှတ်တမ်းများက ဖော်ပြနေသည်။ ၎င်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ဦးပိုင်လီမိတက်မှ ငြင်းဆန်ခဲ့သည်။

နောက်ထပ် သီးခြား လုပ်ငန်းရှင် ခရိုနီ ဦးဇော်ဇော် ထိန်းချုပ်ထားသော Max Myanmar လုပ်ငန်းစုသည်လည်း ဤကဲ့သို့ပင် ခေါင်းထောင် ဦးမော့လျက်ရှိနေသည်။ ၎င်းမှ ရုတ်ခြည်းပင် ၎င်းပိုင် ဘဏ်တစ်ခု ဆန့်ထွက်လာသည်။ အမေရိကန် ပိတ်ပင်မှုခေါင်းစဉ်အောက်တွင် မရှိသော ပြင်သစ်မှ Accor Group နှင့် ကပ်မှီ၍ ဟိုတယ်များ တည်ဆောက်လာသည်။ မိမိသည် မည်သည့် မမှန်ကန်သော အလုပ်များ မလုပ်ထားကြောင်း၊ ပိတ်ပင် ကန့်သတ်မှုရှိနေသော်လည်း မိမိ၏လုပ်ငန်း တိုးတက်ရန်ကို ကြံဆောင်နေကြောင်း ပြီးခဲ့သည့် အင်တာဗျူးတွင် သူက ပြောကြားသည်။

အမည်ပျက် စာရင်းဝင်သူနောက်တစ်ဦးဖြစ်သော ဦးခင်ရွှေမှာ စက်မှုဇုံ တစ်ခုကိုပင်လျှင် တိုးချဲ့နေသည်။ မိမိအား ဦးတည်ပိတ်ဆို့ချက်က တရားမျှတမှုမရှိကြောင်း၊ အမည်ပျက် စာရင်းကင်းလွတ်ရန် (အမေရိကန်)ဘဏ္ဍာရေးဋ္ဌာန လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နေကြောင်းလည်း သူက ဆိုလေ့ရှိသည်။ သစ်၊ လက်နက် အရောင်းအ၀ယ်ဖြင့် ကြွယ်ဝကာ အမည်ပျက်စာရင်းထဲ ပါသွားသော ဦးတေဇသည် နိုင်ငံခြား ခရီးသွားများပြားလာမှု အပေါ် သူပိုင် ဟိုတယ်များအားဖြင့် (၂၀၁၀ ခုနှစ်တွင် ၇၉၂,၀၀၀ မှသည်) ၂၀၁၄ ခုနှစ်တွင် ၀င်ငွေဒေါ်လာ သုံးသန်းအထက် ပိုင်ဆိုင်မှုရရှိသွား၏။ ပိတ်ဆို့ကန့်သတ်ထားမှုသည် မိမိနှင့် ထောင်ပေါင်းများစွာသော မိမိကုမ္ပဏီ ၀န်ထမ်းများကို ထိခိုက်နစ်နာစေသည်ဟု သူက သတင်းဋ္ဌာနများကို ပြောထားသည်။

“အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ အတွက် ဒီအစိုးရ လက်ထက်မှာ ခရိုနီတွေ အကောင်းဆုံး လုပ်စားနိုင်ခဲ့ကြတာဖြစ်တယ်” ဟု ကာလရှည် အနောက်တိုင်း ဒီမိုကရေစီရပ်တည်သူတစ်ဦးမှ ဆိုသည်။

၎င်းတို့၏ ဆက်လက်အောင်မြင်နေမှုမှာ စိတ်ပျက်စရာဖြစ်ကြောင်း၊ စီးပွားရေးကို ပိုပြီး လက်ရည်တစ်ပြင်တည်းဖြစ်အောင် ဖန်တီးဖို့ အစိုးရက အခွင့်အလမ်းများကို ဖြုန်းတီးပစ်ကြောင်း Macquarie တက္ကသိုလ် တွဲဖက်ပါမောက္ခ ရှောင်တာနယ် Sean Turnell မှ ဝေဖန်လိုက်သည်။

အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုဝန်ကြီး Tom Malinowski ၏အဆိုအရ အမေရိကန်နိုင်ငံ၏ အမည်ပျက်စာရင်းဝင်သူတိုင်းမှာ အဓိက ဇာတ်ကောင်များဖြစ်နိုင်ကောင်းသည်ဟု အသိအမှတ်ပြုထားသော်လည်း တာဝန်ခံနိုင်သော စီးပွားရေး လုပ်ငန်းများဖြစ်လာစေရေးမျှော်လင့်ချက်ဖြင့် သူတို့အပေါ် ၀ါရှင်တန်မှ ဆက်လက်ဖိအားပေးသွားမည်၊ ထိုသူတို့အနက်အချို့ကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန်လည်း ဆန္ဒရှိနေသည်ဟူ၍ သိရသည်။ သို့သော် ထိုသူတို့အများစုသည် အတိတ်ဟောင်း အကျင့်ဆိုးများထံမှ ဖယ်ခွာသွားပြီးကြောင်း ပြသရန် မလွယ်ကူလှပါဟု သူက ယုံကြည်ထား၏။

အမေရိကန်၏ပိတ်ဆို့ အရေးယူမှုအကြောင်း တစ်ခုမျှဖြင့် စီးပွားရေးလုပ်ငန်းရှင်တို့အား လက်တွဲဖြုတ်ခြင်းကို မြန်မာနိုင်ငံမှ မလုပ်နိုင်ကြောင်း၊ အနောက်တိုင်းသားတို့မှ ဖယ်ကြဉ်ထားကြစဉ် နိုင်ငံ၏အခြေခံအဆောက်အဦတည်ထောင်ရာ၌ ထိုလူစားအများအပြားက အဓိက အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“သူတို့ကို ခွာထုတ်ဖို့သော်လည်းကောင်း၊ ဓနစည်းစိမ် ရုပ်သိမ်းခြင်းသော်လည်းကောင်း ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်နေလို့ပါပဲ”။

+++++++++++++++++++++++
The Wall Street Journal တွင် Shibani Mahtani နှင့် Richard C. Paddock ရေးသားသော ‘Cronies’ of Former Myanmar Regime Thrive Despite U.S. Blacklist ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

Comments

Leave a Reply