News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၅၊ ၂၀၁၅)

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    တရုတ်ရှိ တီယန်ဂျင်းမြို့တွင် ပေါက်ကွဲမှုများ ထပ်ဖြစ်ပြန်
    ………………………………
    တရုတ်နိုင်ငံ တီယန်ဂျင်းမြို့ရှိ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သော သိုလှောင်ရုံနေရာတစ်ဝိုက်တွင် ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းက ပေါက်ကွဲ ၈ ခုခန့် ဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာနှင့် အချင်းဝက် ၃ ကီလိုမီတာအတွင်းရှိ ဒေသခံများအား အရေးပေါ် ပြောင်းရွှေ့မှုများ ပြုလုပ်ပေးခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူပေါင်း ၈၅ ဦးခန့် သေဆုံးခဲ့သည်။

    ယီမင်အစိုးရတပ်ဖွဲ့များ ပြည်နယ်တစ်ခုကို ပြန်သိမ်းနိုင်
    ………………………………….
    အဝေးရောက် ယီမင်အစိုးရအား ထောက်ခံသည့် တပ်ဖွဲ့များမှာ ယနေ့တွင် နိုင်ငံတောင်ပိုင်းရှိ ရှဘ်ဝါ ပြည်နယ်ကို သီသူပုန်များလက်ထဲမှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါပြည်နယ်အား ဟူသီသူပုန်များက ပြီးခဲ့သည့်နှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မတ်လတွင် မြို့တော်ဆန်နာကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှဘ်ဝါပြည်နယ်ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ ယီမင်အစိုးရအား ထောက်ခံသည့်တပ်ဖွဲ့များက ဟူသီသူပုန်များလက်မှ ပြန်သိမ်းနိုင်ခဲ့သည့် ပဉ္စမမြောက်ပြည်နယ်လည်း ဖြစ်သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံဖြတ်ကျော်စစ်ဆင်ရေးတွင် ပါဝင်သည့် ကွန်မန်ဒိုများကို အိန္ဒိယက သူရဘွဲ့များ ချီးမြှင့်

    မြန်မာနိုင်ငံဖြတ်ကျော်စစ်ဆင်ရေးတွင် ပါဝင်သည့် ကွန်မန်ဒိုများကို အိန္ဒိယက သူရဘွဲ့များ ချီးမြှင့်

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    india
    ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်

    – ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ သူပုန်များအား ချေမှုန်းခဲ့သည့် ကွန်မန်ဒိုများကို ၆၉ နှစ်မြောက် လွတ်လပ်ရေးအကြိုနေ့တွင် အိန္ဒိယက သူရဘွဲ့များနှင့် ဂုဏ်ထူးဆောင်ဘွဲ့ ၇ ခု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီး နက်တာ ဆန်ဂျန်ဘန်မှာ ငြိမ်းချမ်းသည့်အချိန်တွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုများထဲမှ ဒုတိယအမြင့်ဆုံးဖြစ်သော Kirti Chakra ဆုကို ရရှိခဲ့ပြီး၊ ဟာဗီလ်ဒါ တန်ကာ ကူးမားရ် လင်ဘူမှာလည်း တတိယအမြင့်ဆုံးဖြစ်သော Shaurya Chakra ဘွဲ့ကို ရရှိခဲ့သည်။ လေထီးတပ်မှ ကွန်မန်ဒို ၅ ဦးမှာ Sena Medal ဆုတံဆိပ်များကို ရရှိခဲ့သည်။

    မနီပူးရ်ရှိ ချန်ဒဲလ် ခရိုင်တွင် ဇွန်လ ၄ ရက်နေ့က သူပုန်များ၏ တိုက်ခိုက်မှုများကြောင့် စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယ လေထီးတပ်သားများမှာ မနီပူးရ်နှင့် နာဂလန်းပြည်နယ်များကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ သူပုန်စခန်းနှစ်ခုကို စီးနင်းချေမှုန်းခဲ့သည်။ သူပုန်များ၏ ထိုတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များအပေါ် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

    ၎င်းတို့အပြင် နိုင်ငံအတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ခဲ့ကြသော ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တပ်သားများကိုလည်း အိန္ဒိယက သူရဘွဲ့နှင့် အခြားသော ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်။

    Ref: hindustantimes

  • မိမိအား ထောင်ချမည်ဟု ပလာတီနီက တစ်ဆင့်ခံခြိမ်းခြောက်ခဲ့ကြောင်း ဘလတ္ထာပြော

    မိမိအား ထောင်ချမည်ဟု ပလာတီနီက တစ်ဆင့်ခံခြိမ်းခြောက်ခဲ့ကြောင်း ဘလတ္ထာပြော

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာဥက္ကဌရာထူးမှ ဆင်းမပေးပါက မိမိမှာ အကျဉ်းထောင်တွင် အဆုံးသတ်သွားမည်ဟု ညီဖြစ်သူအား ပလာတီနီက ခြိမ်းခြောက်ခဲ့သည်ဟု ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    မေလတွင်ပြုလုပ်ခဲ့သည့် ဥက္ကဌရွေးကောက်ပွဲတွင် ၅ ကြိမ်ဆက် ပြန်လည်အရွေးခံခဲ့ရသည့် ဘလတ္တာမှာ ဖီဖာအတွင်း လာဘ်စားမှု အရှုပ်တော်ပုံများကြောင့် ရက်အနည်းငယ်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။

    ဖီဖာဥက္ကဌ ရွေးကောက်ပွဲကို လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် စီစဉ်ထားပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီမှာ ဘလတ္တာ၏နေရာကို အစားထိုးမည့်သူအဖြစ် ရေပန်းစားနေသည်။

    သို့သော်လည်း ဘလတ္တာကမူ ပလာတီနီမှာ မေလရွေးကောက်ပွဲမပြုလုပ်ခင် ၂ ရက်အရင်က မိမိ၏ ညီဖြစ်သူကို ခြိမ်းခြောက်ခြင်းအားဖြင့် နောက်ကွယ်မှ ခြေထိုးခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ပလာတီနီက ကျွန်တော့်ရဲ့ ညီနဲ့ တစ်စားပွဲတည်းထိုင်ပြီး နေ့လယ်စာ စားခဲ့ပါတယ်။ ပြီးတော့ သူ (ပလာတီနီ) က “ရွေးကောက်ပွဲမတိုင်ခင် ဘလတ္တာဟာ နှုတ်ကို နှုတ်ထွက်ရလိမ့်မယ်။ ဒါမှမဟုတ်ရင် ထောင်ထဲသွားရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်” ဟု ဘလတ္တာက De Volksdrant သတင်းစာသို့ ပြောကြားခဲ့သည်။

    အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ယောက်ကမူ ပလာတီနီ၏ ထိုမှတ်ချက်အတွက် ဘလတ္တာ၏ ညီဖြစ်သူမှာ မျက်ရည်များပင် ကျခဲ့သည်ဟု အဆိုပါ သတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ဘလတ္တာမှာ မည်သည့် ရာဇ၀တ်မှုစွဲချက်မှ ရင်မဆိုင်ရသောကြောင့် ပလာတီနီ၏ ထိုစကားမှာလည်း မှန်ကန်ခဲ့ခြင်းမရှိချေ။

    ပလာတီနီကမူ ဘလတ္တာ၏ ထိုသို့ပြောဆိုမှုအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ယူအီးအက်ဖ်နှင့် နီးစပ်သည့် ရင်းမြစ်က “ဒါဟာ ဖီဖာရင်ဆိုင်နေရတဲ့ တကယ့်ပြဿနာတွေကနေ ကမ္ဘာကြီးကို လမ်းကြောင်းပြောင်းဖို့ ဇူးရစ်ခ်ျက ဆက်တိုက်ကြိုးပမ်းမှုတွေထဲကနေ နောက်ဆုံးပေါ်ထွက်လာတဲ့ ဇာတ်လမ်းမှားတစ်ခုပါပဲ။ ဒီ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေကို မဖြေရှင်းဖို့ပဲ ယူအီးအက်ဖ်အေဥက္ကဌက ရွေးချယ်ခဲ့ပါတယ်။ ပလာတီနီဟာ အခုလက်ရှိမှာ ဖီဖာရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ သန့်ရှင်းရေး ကူညီပေးဖို့ အစီအစဉ်တစ်ခုကို ပြင်ဆင်နေပါတယ်”

    Ref: Goal

  • တစ်ပတ် နာရီလ ၄၀ ထက်ပို၍ အလုပ်လုပ်သည့် အမျိုးသမီးများ ကိုယ်ဝန်ရချိန် ပိုကြာနိုင်

    တစ်ပတ် နာရီလ ၄၀ ထက်ပို၍ အလုပ်လုပ်သည့် အမျိုးသမီးများ ကိုယ်ဝန်ရချိန် ပိုကြာနိုင်

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    prg

    – တစ်ပတ်လျှင် နာရီ ၄၀ ကျော် အလုပ်လုပ်သည့်အမျိုးသမီးများ သို့မဟုတ် နေ့စဉ် လေးလံသော အရာများကို မ, သူများမှာ ထိုကဲ့သို့ မလုပ်သော အမျိုးသမီးများထက် ကိုယ်ဝန်ရရန် အချိန်တော်ကြာ စောင့်ရနိုင်သည်ဟု အမေရိကန်ရှိ လေ့လာမှုများအရ သိရသည်။

    သုတေသနပညာရှင်များက ကိုယ်ဝန်ရရန် ကြိုးစားကြသည့် သူနာပြု ၁၇၃၉ ဦးကို ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လေ့လာခဲ့ပြီး ၎င်းတို့ထဲမှ ၁၆ ရာခိုင်နှုန်းမှာ တစ်နှစ်တာကာလအတွင်း ၎င်းတို့၏ ထိုရည်ရွယ်ချက် ပြည့်မီခြင်းမရှိဘဲ၊ ၅ ရာခိုင်နှုန်းမှာ ၂ နှစ်ကျော်မှ ကိုယ်ဝန်ရခဲ့သည်ကို တွေ့ခဲ့ရသည်။

    တစ်ပတ်လျှင် နာရီ ၄၀ ထက်ပို၍ အလုပ်လုပ်သည့် အမျိုးသမီးများမှာ တစ်ပတ်လျှင် ၂၁ နာရီမှ နာရီ ၄၀ အထိ အလုပ်လုပ်သော အမျိုးသမီးများထက် ကိုယ်ဝန်ရချိန် ၂၀ ရာခိုင်နှုန်း ပိုကြာလေ့ရှိသည်။ ထို့ပြင် တစ်နေ့လျှင် အနည်းဆုံး အလေးချိန် ၂၅ ပေါင်ကို အကြိမ်များစွာ မ,ခြင်းကလည်း ကိုယ်ဝန်ရရှိရန် အချိန်ပိုကြာနိုင်ပြီး ထိုသို့ မလုပ်သော အမျိုးသမီးများထက် ၅၀ ရာခိုင်နှုန်းအထိ ပိုကြာနိုင်သည်။

    “ရုပ်ပိုင်းဆိုင်ရာ အားစိုက်တာနဲ့ အချိန်ကြာကြာ အလုပ်လုပ်တာတွေလိုမျိုး ပြင်းပြင်းထန်ထန် အလုပ်လုပ်တာတွေဟာ အမျိုးသမီး သူနာပြုတွေရဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်အပေါ်မှာ ဆိုးကျိုးတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့ ရရှိတဲ့ ရလဒ်တွေက ပြသနေပါတယ်” ဟု လေ့လာမှုမှ ခေါင်းဆောင်ဖြစ်သူ အော်ဒရေး ဂက်စ်ကင်က ပြောကြားခဲ့သည်။

    ကျန်းမာရေးကောင်းမွန်သည့် ဇနီးမောင်နှံများမှာ ၃ ပတ်မှ ၆ လအတွင်း ကိုယ်ဝန်ရရှိနိုင်သော်လည်း အသက်ကြီးသူများ သို့မဟုတ် အချို့သော ဆေးဘက်ဆိုင်ရာ အခြေအနေများကြောင့် မျိုးပွားခြင်းဆိုင်ရာ ထိခိုက်မှုရှိထားသူများ သို့မဟုတ် ဆေးလိပ်သောက်သူများနှင့် အရက်အလွန်အကျွံသောက်သူများတွင်မူ ကိုယ်ဝန်ရရန် အချိန်ပိုကြာနိုင်သည်။

    Ref: Channelnewsasia

  • မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်မည်ဟု ပယ်လီဂရီနီပြော

    မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်မည်ဟု ပယ်လီဂရီနီပြော

    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media

    man

    – မော်ရင်ဟိုနှင့်ပတ်သက်၍ မိမိတွင် မည်သည့် အာဃာတမှမရှိဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင်လည်း မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်သွားမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မန်စီးတီးအသင်းအား ချယ်ဆီးက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပယ်လီဂရီနီမှာ မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ကြားထဲတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    သို့သော်လည်း ပယ်လီဂရီနီကမူ အီတီဟတ်တွင်ကစားမည့် ယခုတစ်ပတ်ပွဲတွင် ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။

    “သူနဲ့ ကျွန်တော်ဟာ သဘောထားခြင်း တော်တော်လေးခြားနားပါတယ်။ ဒါပေမယ့် အမြဲတမ်း ကျွန်တော် သူ့ကို လက်ဆွဲနှုတ်ဆက်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    မန်စီးတီးတွင် အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုမှာ ထိုပွဲတွင် ပြန်ပါဝင်နိုင်ဖွယ်ရှိနေပြီး ပယ်လီဂရီနီကမူ အဂူရိုမှာ တစ်ပတ်လုံး မည်သည့်ပြဿနာမှမရှိဘဲ အလုပ်လုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “သူ ရာနှုန်းပြည့်တော့ မကြံ့ခိုင်သေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ရှည်လျားတဲ့ ရာသီကြိုမှာ ပိုကောင်းအောင် လုပ်ခဲ့တာကြောင့်ပါပဲ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီး ဆာဂျီယိုကလည်း ဘာပြဿနာမှ မရှိပါဘူး”

    Ref: Goal