News @ M-Media
Blog
  • အင်ဒိုနီးရှား ပြည်တွင်းခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး
    အင်ဒိုနီးရှား ပြည်တွင်းခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    indo
    – အင်ဒိုနီးရှားလေကြောင်းလိုင်းတစ်ခုမှ ပြည်တွင်းတွင်ပြေးဆွဲသော ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဒေသစံတော်ချိန် ယနေ့ နေ့လည်ပိုင်းက အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခဲ့သည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားလိုက်သည်။
    Trigana Air လေကြောင်းလိုင်းမှ ATR-42 မော်ဒယ်ဖြစ်ပြီး ခရီးသည် ၅၄ ဦးလိုက်ပါသွားသော အဆိုပါ လေယာဉ်ပျောက်ဆုံးကြောင်း အေဂျင်စီ၏ Twitter စာမျက်နှာတွင် လွှင်တင်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှာ အရှေ့ပိုင်း ဝေးလံခေါင်ဖျားသည့် ပါပူအာဒေသတွင် ပျံသန်းနေစဉ် ယနေ့နေ့လည် ၂ နာရီ ၅၅ မိနစ်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပို့စ်တွင် ရေးသားထားသည်။
    ခရီးသည်များတွင် အရွယ်ရောက်ပြီးသူ ၄၄ ဦး၊ ကလေးငယ်နှစ်ဦး ရင်ခွင်ပိုက် ၃ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦး ပါဝင်သွားခဲ့သည်။ ထိုလေယာဉ်မှာ ပါပူအာနယူးဂီနီနှင့် နီးကပ်သည့် နယ်စပ်မြို့ အော့စီဘီးလ်တွင် ဆင်းသက်ရန် စီစဉ်ထားသည့်လေယာဉ်ဖြစ်သည်။
    ဒေသတွင်းသတင်းများကမူ လေယာဉ်ပျောက်ဆုံးသွားသည့်အချိန်တွင် ပါပူအာ၌ ရာသီဥတုအခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ဖော်ပြခဲ့ကြသည်။
    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုမူ မှောင်သွားသောကြောင့် ရပ်တန့်ခဲ့ပြီး တနင်္လာနေ့နံနက်တွင်မှ ပြန်လည်ဆောင်ရွက်ရန် စီစဉ်ထားသည်။ အစိုးရကမူ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အခြားသော အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • Rogers Cup တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် ဆေးခြောက်နံ့ရ၍ ဂျိုကိုဗစ်က ဒိုင်လူကြီးအား တိုင်တန်းခဲ့
    Rogers Cup တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် ဆေးခြောက်နံ့ရ၍ ဂျိုကိုဗစ်က ဒိုင်လူကြီးအား တိုင်တန်းခဲ့
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    jokovic
    – ကနေဒါ၌ ကျင်းပပြုလုပ်နေသည့် Rogers Cup တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကစားနေစဉ် ဆးခြောက်နံ့ရနေ၍ ဒိုင်လူကြီးထံသို့ ကမ္ဘာ့နံပါတ် ၁ ဆားဘီးယားတင်းနစ်သမား နိုဘက်ဂျိုကိုဗစ်မှာ သွားရောက် တိုင်တန်းခဲ့သည်ဟုသိရသည်။
    ဂျရမီ ချာဒီနှင့် ကစားခဲ့သည့် ထိုပွဲတွင် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သော ဂျိုကိုဗစ်မှာ ပထမ ပွဲငယ်အပြီးတွင် ဒိုင်လူကြီအနားသို့ သွားရောက် စောဒကတက်ခဲ့ခြင်းဖြစ်သည်။
    “တစ်ယောက်ယောက် ဆေးခြောက်ရှုနေတယ်။ ကျွန်တော် အဲဒီအနံ့ကိုရနေတယ်။ ကျွန်တော် ရီဝေေ၀ဖြစ်လာပြီ။ တစ်ယောက်ယောက်က တော်တော်ကောင်းနေတယ်။ ခင်ဗျားရော အနံ့ရလား။ တစ်ကွင်းလုံးက အနံ့ရနေတယ်” ဟု ဂျိုကိုဗစ်က ပြောကြားခဲ့သည်။
    ပွဲအပြီးတွင်လည်း ဂျိုကိုဗစ်မှာ သတင်းထောက်များအား ထိုကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
    “ကျွန်တော် ဘယ်လောက်ဆိုးဝါးခဲ့လဲဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် မနက်ဖြန်မလာဘူးလို့ မျှော်လင့်ပါတယ်။ သူက မိုး ၇ ထပ်လောက်ရောက်အောင် ကောင်းနေမှာပါ။ ပထမ နှစ်ယောက်တွဲပွဲမှာလည်း လာတယ်။ ဒီနေ့လည်းထပ်လာတယ်။ အဲဒီသူက တင်းနစ်ကွင်းတစ်ဝိုက်ကို တော်တော်သဘောတွေ့နေတာပဲ”
    သို့သော်လည်း ထိုအနံ့က ၎င်း၏ စွမ်းဆောင်ရည်ကို ထိခိုက်ခြင်းမရှိခဲ့ဘဲ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
    ယနေ့တွင်ကစားမည့် နောက်ဆုံးဗိုလ်လုပွဲတွင် ဂျပန်တင်းနစ်သမား ကီနီရှီကိုရီကို အနိုင်ရ၍ တက်ရောက်လာသည့် ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Dailymail
  • တရုတ်ရှိ ဓာတုပစ္စည်းများ ပေါက်ကွဲသည့်နေရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် စိုးရိမ်မှု မြင့်တက်လာ
    တရုတ်ရှိ ဓာတုပစ္စည်းများ ပေါက်ကွဲသည့်နေရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် စိုးရိမ်မှု မြင့်တက်လာ
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံ တီယန်ဂျင်းမြို့တွင် ဓာတုပစ္စည်းများထားရှိရာ သိုလှောင်ရုံ၌ ပေါက်ကွဲမှုများ ယမန်နေ့တွင် ထပ်မံဖြစ်ပေါ်လာခဲ့ပြီးနောက် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပြန့်နှံ့မှုအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ဒေသခံများအား အရွှေ့ပြောင်းကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
    ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုကြီး ၂ ခု ဖြစ်ပွားခဲ့သော အဆိုပါ သိုလှောင်ရုံတစ်ဝိုက်တွင် ယမန်နေ့က ပေါက်ကွဲမှု ၈ ခုခန့် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေသော ဆိုဒီယမ် ဆိုင်ယန်နိုက် ဓာတုပစ္စည်းများကို အများအပြားတွေ့ခဲ့ရပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားရာနေရာမှ အချင်းဝက် ၃ ကီလိုမီတာအကွာအဝေးရှိ ဒေသခံများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးသူများမှာ ၁၀၄ ဦးအထိ ရှိလာခဲ့ပြီး ၇၀၀ ကျော်မှာ ဆေးရုံ၌ ဆေးကုသမှုများ ခံနေရကာ ၂၅ ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေသည်။ ၃၃ ဦးမှာမူ အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ကြေငြာခဲ့သည်။
    အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဓာတုဗေဒ ကျွမ်းကျင်သူများအဖွဲ့မှာလည်း ရောက်ရှိနေပြီဖြစ်သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့အား အခင်းဖြစ်ရာနေရာတွင် ပစ်ထားမှုအတွက် ဒေသခံများက ရှင်းလင်းပွဲပြုလုပ်ရာ အဆောက်အဦးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ထိုကိစ္စကို ကိုင်တွယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တရုတ်အစိုးရမှာ ဝေဖန်ခံနေရသည်။
    Ref: Aljazeera
  • ယနေ့ပွဲအတွက် အသင်းမှာ အကောင်းဆုံးဖြစ်ရမည်ဟု ၀င်းဂါးပြော
    ယနေ့ပွဲအတွက် အသင်းမှာ အကောင်းဆုံးဖြစ်ရမည်ဟု ၀င်းဂါးပြော
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    arsenal
    – မိမိတို့အသင်းမှာ ယနေ့ပွဲတွင် အလွန်အမင်း ကောင်းမွန်ရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပြီး အဖွင့်ပွဲ ၀က်စ်ဟမ်းနှင့်ပွဲတွင် အသင်းမှာ လုံလောက်သည့်နိုင်လိုစိတ် ပျောက်ဆုံးခဲ့သည်ဟု ၀န်ခံခဲ့သည်။
    ရာသီအစ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ချယ်ဆီးကို အနိုင်ရခဲ့သည့် အာဆင်နယ်မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ၀က်စ်ဟမ်းအား ဂိုးပြတ်ဖြင့် အရှုံးပေးခဲ့ရသည်။
    “တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ တော်တော်လေး ကောင်းနိုင်ရပါမယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်တော်တို့ရဲ့ နိုင်လိုစိတ်အဆင့်ဟာ မလုံလောက်ဖူးလို့ ပြောရင် အဲဒါကို ကျွန်တော် သဘောတူပါတယ်။ အဲဒါဟာ ဒီပွဲကို ဘယ်လိုပဲ ဖြစ်ဖြစ်နိုင်မှာပဲဆိုတဲ့ ယုံကြည်မှုလွန်ကဲခြင်းနဲ့ ဆက်စပ်နိုင်ပြီး၊ ၀က်စ်ဟမ်းက ကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    တနင်္ဂနွေနေ့တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်မှု မိမိတို့အသင်းမှာ အကောင်းဆုံးအနေအထားရှိရန် လိုအပ်ပြီး မတူညီသော စွမ်းဆောင်ရည်ကို ပြသရမည်ဖြစ်ကြောင်း၊ မိမိတို့အသင်း အဆင်သင့်မဖြစ်ပါက ဘာဖြစ်မည်ဆိုသည်ကို မိမိတို့ သိရှိပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • တနင်္လာနေ့အစီအစဉ် မရပ်ပါက အမေရိကန်ကို တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားပြော
    တနင်္လာနေ့အစီအစဉ် မရပ်ပါက အမေရိကန်ကို တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားပြော
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    north
    – တနင်္လာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ရပ်တန့်ခြင်းမပြုပါက မိမိတို့အနေဖြင့် အမေရိကန်အား တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။
    Ulchi Freedom Guardian ဟု အမည်ပေးထားပြီး နှစ်စဉ်ပြုလုပ်နေကြဖြစ်သော အဆိုပါစစ်ဆင်ရေးကို အမေရိကန်၊ တောင်ကိုရီးယားနှင့် အခြားသော မဟာမိတ်နိုင်ငံများက တနင်္လာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
    ထိုစစ်ဆင်ရေးမှာ ဒေသတွင်း စစ်ရေးအဆင်သင့်ဖြစ်မှုနှင့် ကာကွယ်နိုင်မှုကို တိုးမြှင့်ရန်၊ ကိုရီးယားကျွန်းဆွယ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    သို့သော်လည်း မြောက်ကိုရီးယားကမူ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ကျေနပ်ခြင်းမရှိပေ။
    “Ulchi Freedom Guardian ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ထပ်မြှင့်လာပြီဆိုရင်၊ သူတို့ကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ စစ်ရေးအရ တန်ပြန်တုံ့ပြန်မှုကို (မြောက်ကိုရီးယား) က ပြုလုပ်သွားမှာပါ” ဟု မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် အမေရိကန်အနေဖြင့် စစ်ရေးလေ့ကျင့်မှုကို မရပ်တန့်ပါက မြောက်ကိုရီးယားမှာ ပြင်းပြင်းထန်ထန် တုန့်ပြန် လက်စားချေသွားမည်ဖြစ်ကြောင်း အမေရိကန် နျူလက်နက်များကို ရိုင်ဖယ်နှင့် တန်ပြန်တွန်းလှန်ရာတွင် မြောက်ကိုရီးယားစစ်တပ်နှင့် ပြည်သူများမှာ ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်များမှ စစ်သားပေါင်း ထောင်နှင့်ချီ၍ ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ၁၂ ရက်တာ ကြာမြင့်မည်ဖြစ်သည်။ ထို့ပြင် အမေရိကန်၏ အခြား မဟာမိတ်နိုင်ငံများဖြစ်သော သြစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ကိုလံဘီယာ၊ ဒိန်းမတ်၊ ပြင်သစ်နှင့် နယူးဇီလန်တို့မှ စစ်သည်များလည်း ထိုလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။
    မြောက်ကိုရီးယားတွင် မမြင်နိုင်သော စွမ်းအားရှိနေပြီး၊ ကမ္ဘာကြီးက မသိရှိသေးသော နောက်ဆုံးပေါ် ကာကွယ်ရေးနှင့် ထိုးစစ်ဆင်ရေး နည်းလမ်းများကိုလည်း ပိုင်ဆိုင်ထားသည်ဟု ကာကွယ်ရေးကော်မရှင်၏ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: PressTV