News @ M-Media

Blog

  • မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    myanmar-flood-roofs

    – မြန်မာနိုင်ငံ၏ စပါးကျီဒေသဖြစ်သော ဧရာဝတီတိုင်း၌ ရေဘေးအန္တရာယ် မြင့်တက်လာသည့်အချိန်တွင် နိုင်ငံတစ်ဝှမ်းတွင် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ အထိ ရောက်ရှိလာခဲ့ပြီး ရေးဘေးသင့်ပြည်သူများမှာလည်း ၁ သန်းအထိရှိနေသည်ဟု နိုင်ငံပိုင်မီဒီယာက ယနေ့တွင် ကြေညာခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြန်မာအစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့အား သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့သည်။

    ယခုလက်ရှိတွင်လည်း ဧရာဝတီတိုင်းဒေသကြီးရှိ နေရာအချို့တွင် ရေကြီးမှုများ ဖြစ်ပွားနေခြင်းကြောင့် အစိုးရက သတိပေးချက်များ ထုတ်ပြန်ထားပြီး ယနေ့ထုတ် Global New Light of Myanmar သတင်းစာတွင် ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ ကျော်သွားခဲ့ကာ နိုင်ငံတစ်ဝှမ်းလုံးတွင် ရေဘေးသင့်ပြည်သူ တစ်သန်းနီးပါး ရှိနေသည်ဟု ဖော်ပြထားသည်။

    စပါးခင်း ဧက ၁.၂ သန်းမှာ လက်ရှိအချိန်တွင် ရေအောက်၌ နစ်မြုပ်လျက်ရှိပြီး၊ ၄၃၀၀၀၀ ဧကမှာ ရေကြီးမှုကြောင့် ပျက်ဆီးခဲ့ရသည်ဟုလည်း အဆိုပါသတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။ ဧရာဝတီတိုင်းတွင် ရေမျက်နှာပြင်မှာ ယမန်နေ့တွင် လျော့ကျသွားခဲ့သော်လည်း စိုးရိမ်ရေအမှတ်တွင် ဆက်လက်ရှိနေသည်။

    Ref: Channelnewsasia

  • မိုက်ကယ်ဘရောင်းနှစ်ပတ်လည်တွင် ဆန္ဒပြသူများ အပစ်ခံရ

    မိုက်ကယ်ဘရောင်းနှစ်ပတ်လည်တွင် ဆန္ဒပြသူများ အပစ်ခံရ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    us

    – လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က ပစ်သတ်မှု တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြုလုပ်သော ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

    ဖာဂူဆန်မြို့ရှိ အခင်းဖြစ်ပွားခဲ့သော နေရာတွင် ဆန္ဒပြသူများက စုပြုံပိတ်ဆို့ကာ လမ်းတစ်လျှောက်ရှိ ပြတင်းပေါက်များအား ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး အဆိုပါလူအုပ်ကြီးအား ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးစားစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    မိုက်ကယ်ဘရောင်းကွယ်လွန်မှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သည့် အဆိုပါ ဆန္ဒပြပွဲကို ယမန်နေ့က ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်တာ ငြိမ်သက်ပြီးနောက် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခြင်းဖြင် စတင်ခဲ့ခြင်းဖြစ်သည်။

    နောက်ပိုင်းတွင် ဆန္ဒပြသူများမှာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး စိန့်လူးဝစ်ကောင်တီ ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်၌ ၎င်းတို့မှာ အဆိုပါ လူအုပ်စုကြီးအား ဖြိုခွဲရန်အတွက် အမျိုးသားတစ်ဦးအား ဖမ်းဆီးရန်ကြိုးစားစဉ် ၎င်းက စတင်ပစ်ခတ်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရသော အဆိုပါအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

    ရဲတပ်ဖွဲ့မှာ အချက်များစွာ ပစ်ခတ်ခဲ့ပြီး အစောပိုင်းက လူ ၂ ဦး ဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ကာ ဒဏ်ရာရရှိသူမှာ တစ်ဦးတည်းသာဖြစ်သည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Aljazeera

  • ဗန်ဂါးလ်နဲ့ ရော်ဂျာတို့ အဖွင့်လှခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါး မျက်နှာမရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်

    ဗန်ဂါးလ်နဲ့ ရော်ဂျာတို့ အဖွင့်လှခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါး မျက်နှာမရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    pel 2

    – ပရီးမီးယားလိဂ် ရာသီသစ်ကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ စတင်ကစားခဲ့ပြီး မန်ယူ၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ကာ ချယ်ဆီးက သရေကျပြီး အာဆင်နယ်ကတော့ အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဘောလုံးရာသီက တာထွက်မလှခဲ့တဲ့ ဗန်ဂါးလ်ရဲ့မန်ယူက စနေနေ့က ကစားခဲ့တဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ ဂိုးသမားသစ် ရိုမဲရိုးရဲ့ အကောင်းဆုံး လက်စွမ်းနဲ့အတူ အနိုင် ၃ မှတ် ရအောင်ယူနိုင်ခဲ့ပါတယ်။ ကစားပုံသွက်ခဲ့တဲ့မန်ယူအတွက် အနိုင်ဂိုးက စပါးနောက်ခံလူ ကီလီဝေါလ်ကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရခဲ့တာဖြစ်ပြီး စပါးရဲ့ အပိုင်ကန်ချက် ၂ လုံးလောက်ကို ရိုမဲရိုး ကာကွယ်သွာနိုင်ခဲ့တာကြောင့်လည်း အဖွင့်လှခဲ့တာဖြစ်ပါတယ်။

    လက်ရှိချန်ပီယံ ချယ်ဆီးက အိမ်ကွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဆွမ်ဆီးရဲ့ ဂိုး ၂ ဂိုးကိုလည်း ပြန်လည်ခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၅၅ မိနစ်မှာ ဂိုးသမား ကော်တိုအစ် အထုတ်ခံခဲ့ရပြီး ပင်နယ်တီပေးလိုက်ရတာကြောင့်လို့ ပြောလို့ရပေမယ့် ချယ်ဆီးရဲ့ အနေအထားအရ ဒီထက်ပိုကောင်းနဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ။

    ကစားသမားအသစ်တွေကို ပွဲထုတ်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လီဗာပူးလ် ဂိုးသွင်းခွင့်တွေကို သိပ်မဖန်တီးနိုင်ခဲ့ပေမယ့် ၈၆ မိနစ်မှာ ကော်တင်ဟိုရဲ့ ဂိုးနဲ့ စတုတ်ကိုနိုင်ပြီး ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က အဝေးကွင်းမှာ စတုတ်ရဲ့ ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

    ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း အမြဲတမ်းအသာမရခဲ့တဲ့ ချယ်ဆီးကို အနိုင်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါဟာ ၀က်စ်ဟမ်းအတွက် အာဆင်နယ်ကို ရှစ်နှစ်အတွင်း အဝေးကွင်းမှာ ပထမဆုံး အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးတွေကိုတော့ ၄၃ မိနစ်မှာ ကူယာတီနှင့် ဇဲရာတေးတို့က သွင်းယူပေးတာဖြစ်ပါတယ်။

    တန်းတက်အသင်းတွေထဲမှာ ၀က်ဖို့ဒ်က အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး နော်ဝစ်ခ်ျက ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ ဘုန်းမောက်ကတော့ အက်စတွန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်ယူ ၁-၀ စပါး
    ဘုန်းမောက် ၀-၁ အက်စတွန်ဗီလာ
    အဲဗာတန် ၂-၂ ၀က်ဖို့ဒ်
    လက်စတာ ၄-၂ ဆန်းဒါးလန်း
    နော်ဝစ်ခ်ျ ၁-၃ ခရစ္စတယ်ပဲလေ့စ်
    ချယ်ဆီး ၂-၂ ဆွမ်ဆီး
    အာဆင်နယ် ၀-၂ ၀က်စ်ဟမ်း
    နယူးကာဆယ် ၂-၂ ဆောက်သက်တမ်
    စတုတ် ၀-၁ လီဗာပူးလ်

  • တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ

    တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    jikra

    – နှစ်နိုင်ငံနယ်စပ်တွင် ပတ္တယောင်လှည့်နေသည့် စစ်သားနှစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့မှုတွင် အဆိုပါမိုင်းအား မြောက်ကိုရီးယားက ထောင်ထားသည်ဟု တောင်ကိုရီးယားက စွပ်စွဲလိုက်ပြီး နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းနင်းမှုတွင် မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်မဲ့ဇုန်တွင် ပတ္တယောင်လှည့်နေသော စစ်သားများအား ထိမိခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်မဲ့ဇုန်မှာ နှစ်နိုင်ငံနယ်စပ်မှ ၂ ကီလိုမီတာစီ ပါဝင်သော နယ်မြေဖြစ်သည်။

    “အဲဒါဟာ မြောက်ကိုရီးယားက မြေမြှုပ်မိုင်းတွေဆိုတာ သေချာပြီး ကျွန်တော်တို့ရဲ့ ရန်သူတွေက သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကိုတိတ်တိတ်လေးဝင်ပြီး ထောင်တားတာပါပဲ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါ မိုင်းနင်းမိမှုတွင် စစ်သားတစ်ဦးမှာ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ခဲ့ရပြီး၊ အခြားတစ်ဦးမှာ ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရသည်။

    တောင်ကိုရီးယား စစ်ဦးစီးချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် မိမိတို့မှာ မြောက်ကိုရီးယား၏ ရန်စမှုအတွက် “ပြင်းထန်သည့် တန်ဖိုး”ကို ပေးဆပ်ရမည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း “ပြင်းထန်သည့် တန်ဖိုး” မှာ မည်သည်ကို ရည်ရွယ်ခြင်းဆိုသည်နှင့် စစ်ရေးအရ ရွေးချယ်မှုအတွက် စဉ်းစားမည်ဆိုသည့် ကောလဟာလများအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ လေ့လာဆန်းစစ်သူများကမူ တောင်ကိုရီးယား၏ တုံ့ပြန်မှုကို ခန့်မှန်းရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားအာဏာရှင်အာဆတ်အား ၎င်း၏ လူမျိုးများက ဆန့်ကျင်ဆန္ဒပြ

    ဆီးရီးယားအာဏာရှင်အာဆတ်အား ၎င်း၏ လူမျိုးများက ဆန့်ကျင်ဆန္ဒပြ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    syr

    – ဆီးရီးယားစစ်တပ်ရှိ အရာရှိတစ်ဦးအား သမ္မတ ဘာရှာ အလ် အာဆတ်၏ ဆွေးမျိုးနီးစပ်တစ်ဦးက သတ်ဖြတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း အာဆတ်၏ ဇာတိမြို့ဖြစ်သော လာတာကီယာမြို့တွင် အလာဝီတီလူမျိုးများက လမ်းပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ထွက်ပေါ်လာသော ဗီဒီယိုတွင် အသတ်ခံရသည့် စစ်တပ်အရာရှိ ဟာဆန် အလ်ရှိခ်၏ ညီဖြစ်သူက ၎င်း၏ အစ်ကိုအတွက် နေ့စဉ် ထိုင်သပိတ်ဆင်နွှဲရန် မြို့ခံများအား တိုက်တွန်းမှုကို တွေ့မြင်ခဲ့ရသည်။ အလ်ရှိခ်မှာ အာဆတ်၏ တူဝမ်းကွဲဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်ရသည်။

    အလ်ရှိခ်၏ ညီဖြစ်သူကမူ အာဆတ်အစိုးရမှာ ပြစ်မှုကျူးလွန်သူကို အရေးမယူဘဲထားသည်ဟု စွပ်စွဲထားသည်။ အာဆတ်၏ မျိုးနွယ်တူဖြစ်သာ အလာဝီတီလူမျိုးများမှာ အစိုးရအား မကျေနပ်မှုများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု အလွန်နည်းသည်။ ထို့ပြင် ၎င်းတို့မှာ အတိုက်အခံများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အာဆတ်၏ဘက်မှ အများအပြား ပါဝင်ကြသူများလည်း ဖြစ်သည်။

    အလ်ရှိခ်မှာ ပြီးခဲ့သည့် သောကြောနေ့က လာတာကီယာရှိ အာဆတ်မွေးဖွားရာဒေသအနီးတွင် အသတ်ခံရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။

    နိုင်ငံပိုင် Sham FM နှင့် အင်တာဗျူးတွင် လာတာကီယာ အုပ်ချုပ်ရေးမှူးက ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေပြီး မည်သူတစ်ဦးတစ်ယောက်မှ ဥပဒေ၏အထက်တွင် နေရာမရှိဟု ပြောကြားခဲ့သည်။

    အာဆတ်၏ တူဖြစ်သော ဆူလိုင်မန် အလ်-အာဆတ်က အလ်ရှိခ်အား မိမိ၏ မျက်စိရှေ့တွင် သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏ညီဖြစ်သူက အဆိုပါ FM သို့ပင် ပြောကြားခဲ့သည်။

    အလ်ရှိခ်သေဆုံးပြီး နောက်တစ်နေ့တွင် အလာဝီတီ လူမျိုးများမှာ မြို့တွင်းရှိ အလ်-ဇာရာအာ ရင်ပြင်၌ စုရုံးကာ ဖယောင်းတိုင်များထွန်း၍ သတ်ဖြတ်သူအား အပြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။

    Ref: Aljazeera