News @ M-Media

Blog

  • တရုတ်နိုင်ငံတွင် အိမ်သာခွက်အတွင်း ပစ်ထားသည့် မွေးကင်းစကလေးကို ရဲများ ကယ်တင်ခဲ့ရ

    တရုတ်နိုင်ငံတွင် အိမ်သာခွက်အတွင်း ပစ်ထားသည့် မွေးကင်းစကလေးကို ရဲများ ကယ်တင်ခဲ့ရ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    china

    – ဘေဂျင်းရှိ အများသုံးအိမ်သာခွက်အတွင်း မှောက်ခုံကျနေသည့် မွေးကင်းစ သမီးငယ်လေးတစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါမွေးကင်းစကလေးငယ်အား ကယ်တင်ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး တည်ငြိမ်သော အနေအထားတွင်ရှိနေကာ၊ အာဏာပိုင်များအနေဖြင့် ထိုကလေး၏ မိဘများကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြသည်ဟု ဘေဂျင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    လက်မထပ်ရသေးသည့် တရုတ်အမျိုးသမီးများမှာ ပတ်ဝန်းကျင်တွင် ဂုဏ်အသရေပျက်မည်ကို စိုးသောကြောင့် ၎င်းတို့ရရှိသည့် ကလေးငယ်များကို စွန့်ပစ်ကြပြီး၊ အချို့မိဘများမှာမှု ကိုယ်အင်္ဂါချို့ယွင်းသော ကလေးများကို စွန့်ပစ်ကြသည်။

    ဒေသတွင်း သတင်းစာတစ်စောင်ဖြစ်သည့် Beijing Times တွင် ရဲတပ်ဖွဲ့မှာ တနင်္ဂနွေနေ့က အများသုံးအိမ်သာ၌ ကလေးငိုသံကြားသည်ဟု သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် သွားရောက်ကြည့်ရှုခဲ့ရာ အိမ်သာပိုက်အတွင်း ခြေထောက်ဝင်နေပြီး မျက်နှာမှောက်ခုံဖြစ်နေသည့် ကလေးငယ်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ယောက်မှာ ၎င်း၏ လက်ကို အိမ်သာပိုက်အတွင်းသို့နှစ်ကာ ကလေးငယ်အား ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲ့ရသည်။

    ထိုသတင်းနှင့်ပတ်သက်၍ ဘေဂျင်းရဲတပ်ဖွဲ့ကလည်း အတည်ပြုခဲ့ပြီး အချက်အလက်အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့ကာ ကလေးငယ်မှာ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုမရှိဟု ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်ကလည်း ဇီဂျန်းပြည်နယ်တွင် မိလ္လာပိုက်ထဲသို့ ရောက်နေသည့် မွေးကင်းစကလေးငယ်အား ရဲတပ်ဖွဲ့က မိလ္လာပိုက်ကိုဖြတ်ထုတ်၍ ကယ်တင်ခဲ့ရသည်။ မိခင်ဖြစ်သူကမူ သူမက ကလေးမွေးလိုက်သည့်အချိန်တွင် မတော်တဆ ကျသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါအမျိုးသမီးမှာ မိဘများမသိအောင် ကိုယ်ဝန်ဆောင်ထားရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကလေး၏ မိခင်ဖြစ်သည်ဟု ၀န်ခံခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera

  • ပျော်ရွှင်စရာ မင်္ဂလာဦးမှာ ဆီးရီးယားဒုက္ခသည်တွေကို မေ့မထားတဲ့ တူရကီဇနီးမောင်နှံ

    ပျော်ရွှင်စရာ မင်္ဂလာဦးမှာ ဆီးရီးယားဒုက္ခသည်တွေကို မေ့မထားတဲ့ တူရကီဇနီးမောင်နှံ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    trukey

    – တူရကီနိုင်ငံရှိ မင်္ဂလာမောင်နှံနှစ်ဦးမှာ ၎င်းတို့၏ မင်္ဂလာပွဲ ဧည့်ခံကျွေးမွေးမှုကို ပုံမှန်အတိုင်း အိမ်၊ သို့မဟုတ် ခန်းမများတွင် မလုပ်ဆောင်ခဲ့ဘဲ ဆီးရီးယားဒုက္ခသည်များနေထိုင်သော ဒုက္ခသည်စခန်းများတွင် ပြုလုပ်ကာ ကုသိုလ်ယူခဲ့သည်ဟု သိရသည်။

    သတို့သား အလီ အူဇမ်ကူဂလူနှင့် ၎င်း၏ ဇနီးတို့မှာ ဆီးရီးယားဒုက္ခသည် ၄၀၀၀ ကျော်အား အစားအသောက်များ ဝေငှခဲ့ကြခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ဆီးရီးယားနိုင်ငံသား ညီအစ်ကိုမောင်နှမတွေကို မင်္ဂလာညစာ ကျွေးမွေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခါသမယကို ဖော်ပြချင်ပါတယ်။ ဒါက ကျွန်တော်တို့ ထင်တားတာထက်ပိုပြီး လှပပါတယ်။ အခြားသော မင်္ဂလာညစာတွေကိုလည်း ဆီးရီးယားက ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ကျင်းပဖို့အတွက် ဒါဟာ အစပျိုးမှု ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီမင်္ဂလာညစာကတော့ ထူးခြားပါတယ်” ဟု သတို့သား အလီက ပြောကြားခဲ့သည်။

    ၎င်းတို့ ဇနီးမောင်နှံမှာ တူရကီအခြေစိုက်ပြီး အကျိုးအမြတ်မယူသည့် နိုင်ငံတကာအကူအညီပေးရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဖြစ်သော Kimse Yok Mu အဖွဲ့မှ ထရပ်ကားများကို အသုံးပြုကာ အစားအသောက်များကို ပေးပို့ခဲ့ကြသည်။

    ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြသည့် ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးနှင့်အတူ ဒုက္ခသည်များက ဓာတ်ပုံရိုက်ခဲ့ကြပြီး အဆိုပါ မင်္ဂလာအခမ်းအနားသို့ ထင်ရှားသည့် အနုပညာရှင် ရာရှစ် မွခ်တာရ်လည်း တက်ရောက်ခဲ့သည်။

    ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့သည့် ဆီးရီးယား ပဋိပက္ခကြောင့် ယခုအချိန်အထိ လူပေါင်း ၂၁၁၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    လက်ဘနွန်၊ တူရကီ၊ ဂျော်ဒန်နှင့် အီရတ်နိုင်ငံများမှာ ပဋိပက္ခ စတင်ကတည်းက ဆီးရီးယားဒုက္ခသည် ၃ သန်းကျော်ကို လက်ခံထားရပြီး အဆိုပါဒုက္ခသည်ပြဿနာမှာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးဝါးဆုံးလည်း ဖြစ်သည်။

    ဆီးရီးယားနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ကလေးငယ်များ အရေအတွက်မှာ လွန်ခဲ့သည့် တစ်နှစ်က ၉၂၀၀၀၀ ရှိရာမှ ယခုအချိန်အတွင် ၃ သန်းနီးပါး ရှိလာခဲ့သည်။ ယူနီဆက်ဖ်ကမူ ဒုက္ခသည်ဖြစ်သော ကလေးငယ်အရေအတွက်မှာ မနှစ်က ၂၆၀၀၀၀ ရှိရာမှာ ယခုအချိန်တွင် ၁.၂ သန်းရှိလာခဲ့ပြီး ၎င်းတို့ထဲမှ ၄၂၅၀၀၀ မှာ ၅ နှစ်အောက်ကလေးများ ဖြစ်သည်ဟုဆိုသည်။

    Ref: Onislam

  • ရေဘေးအတွက် နိုင်ငံတကာအကူအညီကို မြန်မာအစိုးရ တောင်းခံ

    ရေဘေးအတွက် နိုင်ငံတကာအကူအညီကို မြန်မာအစိုးရ တောင်းခံ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    water

    – လူပေါင်း ၄၆ ဦးသေဆုံးခဲ့ပြီး ၂၁၀၀၀၀ ခန့် ထိခိုက်ခံစားနေရသည့် ရေဘေးအတွက် မြန်မာအစိုးရက နိုင်ငံတကာသို့ အကူအညီများ တောင်းခံလိုက်သည်။

    မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့ကို ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် မြန်မာအစိုးရက ကြေညာထားသည်။

    ဒေသအများအပြားမှာ ရေတက်မှု၊ လမ်းခရီးပျက်စီးမှုတို့ကြောင့် သွားရေးလာရေးအတွက် ခက်ခဲကာ မြန်မာအစိုးရကလည်း အဆိုပါဘေးအန္တရာယ်များအတွက် တုံ့ပြန်မှု အားနည်းသည်ဟု နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ၀န်ခံထားသည်။

    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကမူ ရေလွှမ်းမိုးမှု သတိပေးချက်မှာ လူတိုင်းဆီသို့ ရောက်ရှိခြင်းမရှိဘဲ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှုပ်ထွေးမှုများ ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

    ပြန်ကြားရေးဝန်ကြီးဌာနက ကုလ၏ အေဂျင်စီများနှင့် အလှူရှင်နိုင်ငံများအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် တနင်္လာနေ့ညပိုင်းက Facebook စာမျက်နှာမှတစ်ဆင့် တောင်းခံခဲ့သည်။ အဆိုပါ ကြေညာချက်ကို ယနေ့ထုတ် ပြည်တွင်းသတင်းစာများတွင်လည်း ဖော်ပြခဲ့သည်။

    “ကျွန်တော်တို့ဟာ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာအကူအညီကိုလည်း ဖိတ်ခေါ်နေပါတယ်။ လှူဒါန်းနိုင်တဲ့ အဖွဲ့တွေ၊ နိုင်ငံတွေကို ကျွန်တော်တို့ စပြီး ဆက်သွယ်နေပါတယ်” ဟု ဦးရဲထွဋ်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လူသားချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကုသမဂ္ဂရုံး Ocha ကမူ မိမိတို့၏ အေဂျင်စီများမှာ အရေးပေါ် ကူညီကယ်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း ပြည်သူ ၄၇၈၀၀ အတွက် ရိက္ခာခွဲတမ်းများကို ပေးအပ်လျက်ရှိနေပြီး လူပေါင်း ၁၅၀၀၀၀ အထိ ရောက်ရှိရန် ရည်ရွယ်ထားသည်။ ယူနီဆက်ဖ်ကလည်း ရေသန့်စင်ကိရိယာနှင့် တစ်ကိုယ်သန့်ရှင်းရေး ကိရိယာများကို ဖြန့်ဖြူးခဲ့ပြီး ကုလမှ ဘဏ္ဍာရေးထောက်ပံ့မှု တောင်းခံရန် စီစဉ်နေသည်။

    မြန်မာအစိုးရကမူ အရေးပေါ်ကူညီရေးအတွက် လက်ရှိအချိန်အထိ ကျပ် ၁.၅ ဘီလီယံ ပေးအပ်ထားသည်ဟု နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့သည်။ Ocha က ဘေးအန္တရာယ်ဖြစ်ပွားနေသည့် ဒေသများတွင် ပို့ဆောင်ရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး အခက်အဲများရှိနေသည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • ရှဝိုင်းစတိုင်ဂါမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကြံ့ခိုင်မှု မပြည့်ဝခဲ့ဟု ဂွါဒီယိုလာ သတိပေး

    ရှဝိုင်းစတိုင်ဂါမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကြံ့ခိုင်မှု မပြည့်ဝခဲ့ဟု ဂွါဒီယိုလာ သတိပေး

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    mu

    – မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူလိုက်သည့် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ ကြံ့ခိုင်မှု မပြည့်ဝသည်မှာ ၂ နှစ်ခန့်ရှိနေပြီဟု အသင်းဟောင်း ဘိုင်းယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက သတိပေး ပြောကြားလိုက်သည်။

    ကစားသမားဘ၀ သက်တမ်းတစ်လျှောက်လုံးကို ဘိုင်ယန်၌ ကုန်ဆုံးခဲ့သည့် အသက် ၃၁ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါမှာ ပေါင် ၁၂ သန်းဖြင့် ယခုနှစ်နွေရာသီတွင် မန်ယူသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းမှာ ပြီးခဲ့သည့် ရာသီများတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရသူဖြစ်သည်။

    ယမန်နှစ်တွင် ရှဝိုင်းစတိုင်ဂါမှာ ဘွန်ဒစ်လီဂါ၌ ဘိုင်ယန်အတွက် ၁၅ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ဘိုင်ယန်နည်းပြ ဂွာဒီယိုလာကမူ ၎င်း၏ ဒဏ်ရာအခြေအနေက စိုးရိမ်စရာဖြစ်သည်ဟု ဆိုသည်။

    “ဒဏ်ရာပြဿနာ မရှိတဲ့အခါတွေဆိုရင် မန်ယူမှာ သူဟာ ကောင်းကောင်းကစားနိုင်မယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူဟာ ဒဏ်ရာပြဿနာအချို့ ရှိခဲ့ပါတယ်။ သူဟာ အမြဲတမ်း ရာနှုန်းပြည် မကြံ့ခိုင်ပါဘူး” ဟု ဂွါဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းနှင့် အောင်မြင်မှုရရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ ပြိုင်ပွဲမတိုင်ခင်နှင့် ပြိုင်ပွဲအပြီးတွင် ကြံ့ခိုင်မှုအတွက် ရုန်းကန်ခဲ့ရပြီး၊ ကမ္ဘာ့ဖလားပြီးနောက်ပိုင်း လိဂ်ပြိုင်ပွဲများတွင်ပွဲ ၂၀ သာ ပါဝင်ကစားခွင့်ရခဲ့ကာ ချန်ပီယံလိဂ် ၁၂ ပွဲတွင်လည်း ၆ ပွဲတိတိ လွဲချော်ခဲ့သည်။

    သို့သော်လည်း ဂွါဒီယိုလာကမူ ရှဝိုင်းစတိုင်ဂါမှာ မန်ယူတွင် ကစားပုံကောင်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရှဝိုင်းစတိုင်ဂါမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဘိုင်ယန်၌ နည်းပြဗန်းဂါးလ်နှင့် လက်တွဲဖူးသူလည်း ဖြစ်သည်။

    Ref: Goal

  • ပဋိပက္ခကြောင့် အီရတ်ရှိ ပြည်နယ်တစ်ခုတွင်ပင် စာသင်ကျောင်း ၁၅၀၀ ကျော် ပျက်ဆီးဆုံးရှုံး

    ပဋိပက္ခကြောင့် အီရတ်ရှိ ပြည်နယ်တစ်ခုတွင်ပင် စာသင်ကျောင်း ၁၅၀၀ ကျော် ပျက်ဆီးဆုံးရှုံး

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    – လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ ရလဒ်အဖြစ် အီရတ်နိုင်ငံ အန်ဘာရ်ပြည်နယ်တစ်ခုတည်းတွင်ပင် စာသင်ကျောင်းပေါင် ၁၅၀၀ ကျော်မှာ ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အန်ဘာရ်ပြည်နယ်မှာ အီရတ်နိုင်ငံ၏ အကြီးဆုံး ပြည်နယ်ဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ မစတင်မီ လအနည်းငယ်အရင် ၂၀၁၄ ခုနှစ် အစပိုင်းကတည်းက တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

    လက်ရှိတွင် အန်ဘာရ်ပြည်နယ်ရှိ ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်ရရှိနေရေးအတွက် အစိုးရက အဓိက အားစိုက်လုပ်ဆောင်နေပြီး၊ ပြည်နယ်၏ ဒေသအများအပြားတွင် စစ်ဆင်ရေးများ ဆောင်ရွက်နေကာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကလည်း နေ့စဉ်လိုလိုပင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

    “အန်ဘာရ်ပြည်နယ်က အဆိုးရွားဆုံး ထိခိုက်တာပါပဲ။ တစ်ဝက်တစ်ပျက် ပျက်ဆီးနေတဲ့၊ လုံးဝပျက်ဆီးသွားတဲ့ စာသင်ကျောင်း ၁၅၀၀ကျော်လောက် ရှိပါတယ်။ အဲဒီကျောင်းတွေထဲက အများစုဟာ IS အဖွဲ့တွေက တိုက်ရိုက် ပစ်မှတ်ထားပြီး ဖျက်ဆီးတာဖြစ်ပါတယ်” ဟု ပြည်နယ်ရေးရာကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အီးဒ် အမ်မက်ရှ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အချို့စာသင်ကျောင်းများကို IS အဖွဲ့များက အခြေစိုက်စခန်းအဖြစ် အသုံးပြုကြပြီး အီရတ်စစ်တပ်၏ မြေပြင်တိုက်ခိုက်မှုနှင့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုတို့၏ ပစ်မှတ်ထားမှုကို ခံရကြောင်း၊ အချို့မှာ ရှေ့တန်းစစ်မျက်နှာအဖြစ် ရောက်ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “အန်ဘာရ်ကို IS ဆီက လုံးဝပြန်သိမ်းပြီးနောက်မှာ ဒီကျောင်းတွေကို ပြန်ဆောက်ဖို၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့တောင်မှ ပိုက်ဆံအများကြီးကုန်ပြီး အနည်းဆုံး အချိန် ၂ နှစ်ခွဲလောက်ကြာမှာပါ” ဟု အမ်မက်ရှ်က ဆိုသည်။

    မြို့တော် ဘဂ္ဂဒက်အနီးရှိ ကာရ်မာ၊ ဆီးရီးယားနယ်စပ်ရှိ အလ်-ကွာအင်မ်မြို့၊ အဓိကမြို့များဖြစ်သော ရာမာဒီ၊ ဖာလူဂျာနှင့် ဟာဒီသာ စသည့်မြို့များရှိ စာသင်ကျောင်းများသည်ပင် ဘေးကင်းခြင်းမရှိဘဲ ထိခိုက်ပျက်ဆီးနေကြသည်။

    ကုလ၏ နောက်ဆုံးထုတ်ပြန်သော စာရင်းများအရ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော အီရတ်ကလေးငယ်များ၏ ၇၀ ရာခိုင်နှုန်းမှာ ပညာရေးကို ရရှိခြင်းမရှိဟု သိရသည်။ ထိုခိုက်ခံစားရသည့် ဒေသများရှိ အသုံးပြု၍ရသော စာသင်ကျောင်းအများစုတွင်လည်း ကျောင်းသားများ မတန်တဆ များပြားနေသည်။

    Ref: Alrabiya