သြဂုတ် ၄၊ ၂၀၁၅
M-Media
– လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ ရလဒ်အဖြစ် အီရတ်နိုင်ငံ အန်ဘာရ်ပြည်နယ်တစ်ခုတည်းတွင်ပင် စာသင်ကျောင်းပေါင် ၁၅၀၀ ကျော်မှာ ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
အန်ဘာရ်ပြည်နယ်မှာ အီရတ်နိုင်ငံ၏ အကြီးဆုံး ပြည်နယ်ဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ မစတင်မီ လအနည်းငယ်အရင် ၂၀၁၄ ခုနှစ် အစပိုင်းကတည်းက တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
လက်ရှိတွင် အန်ဘာရ်ပြည်နယ်ရှိ ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်ရရှိနေရေးအတွက် အစိုးရက အဓိက အားစိုက်လုပ်ဆောင်နေပြီး၊ ပြည်နယ်၏ ဒေသအများအပြားတွင် စစ်ဆင်ရေးများ ဆောင်ရွက်နေကာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကလည်း နေ့စဉ်လိုလိုပင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
“အန်ဘာရ်ပြည်နယ်က အဆိုးရွားဆုံး ထိခိုက်တာပါပဲ။ တစ်ဝက်တစ်ပျက် ပျက်ဆီးနေတဲ့၊ လုံးဝပျက်ဆီးသွားတဲ့ စာသင်ကျောင်း ၁၅၀၀ကျော်လောက် ရှိပါတယ်။ အဲဒီကျောင်းတွေထဲက အများစုဟာ IS အဖွဲ့တွေက တိုက်ရိုက် ပစ်မှတ်ထားပြီး ဖျက်ဆီးတာဖြစ်ပါတယ်” ဟု ပြည်နယ်ရေးရာကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အီးဒ် အမ်မက်ရှ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထို့ပြင် အချို့စာသင်ကျောင်းများကို IS အဖွဲ့များက အခြေစိုက်စခန်းအဖြစ် အသုံးပြုကြပြီး အီရတ်စစ်တပ်၏ မြေပြင်တိုက်ခိုက်မှုနှင့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုတို့၏ ပစ်မှတ်ထားမှုကို ခံရကြောင်း၊ အချို့မှာ ရှေ့တန်းစစ်မျက်နှာအဖြစ် ရောက်ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“အန်ဘာရ်ကို IS ဆီက လုံးဝပြန်သိမ်းပြီးနောက်မှာ ဒီကျောင်းတွေကို ပြန်ဆောက်ဖို၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့တောင်မှ ပိုက်ဆံအများကြီးကုန်ပြီး အနည်းဆုံး အချိန် ၂ နှစ်ခွဲလောက်ကြာမှာပါ” ဟု အမ်မက်ရှ်က ဆိုသည်။
မြို့တော် ဘဂ္ဂဒက်အနီးရှိ ကာရ်မာ၊ ဆီးရီးယားနယ်စပ်ရှိ အလ်-ကွာအင်မ်မြို့၊ အဓိကမြို့များဖြစ်သော ရာမာဒီ၊ ဖာလူဂျာနှင့် ဟာဒီသာ စသည့်မြို့များရှိ စာသင်ကျောင်းများသည်ပင် ဘေးကင်းခြင်းမရှိဘဲ ထိခိုက်ပျက်ဆီးနေကြသည်။
ကုလ၏ နောက်ဆုံးထုတ်ပြန်သော စာရင်းများအရ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော အီရတ်ကလေးငယ်များ၏ ၇၀ ရာခိုင်နှုန်းမှာ ပညာရေးကို ရရှိခြင်းမရှိဟု သိရသည်။ ထိုခိုက်ခံစားရသည့် ဒေသများရှိ အသုံးပြု၍ရသော စာသင်ကျောင်းအများစုတွင်လည်း ကျောင်းသားများ မတန်တဆ များပြားနေသည်။
Ref: Alrabiya
Leave a Reply
You must be logged in to post a comment.