News @ M-Media

Blog

  • အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

    အစ္စရေးနိုင်ငံ့ခေါင်းဆောင်တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက်မှုပါ။

    ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်​ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • အသက်ရှင်ရပ်တည်ရေး အကူအညီများကို စစ်ကောင်စီက ပိတ်ပင်ဟန့်တားနေ

    အသက်ရှင်ရပ်တည်ရေး အကူအညီများကို စစ်ကောင်စီက ပိတ်ပင်ဟန့်တားနေ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ အတိဒုက္ခရောက်နေသူတွေအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီပေးနေတာတွေကို အာဏာသိမ်းစစ်ကောင်စီက ဟန့်တား နှောက်ယှက်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေကို သွားလာမှု ကန့်သတ်ချက်အသစ်တွေ ထုတ်တာ၊ လမ်းတွေ ပိတ်ထားတာ၊ အကူအညီပစ္စည်းတွေကို ဖျက်ဆီးပစ်တာ၊ အကူအညီပေးရေးဝန်ထမ်းတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီက အကူအညီတွေကို ပိတ်ပင်နေတာပါ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံအဆောက်အဦးတွေ ပြိုလဲသွားတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ ဘဏ်စနစ် အလုပ်မလုပ်တော့တာ၊ ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအရေးပါတဲ့ အသုံးအဆောင်တွေရှားပါးတာတွေကလည်း အကူအညီပေးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့ HRW က ပြောပါတယ်။

    “လူသိန်းချီ ထွက်ပြေးရအောင်လုပ်တာ၊ အသက်ရှင်ဖို့အရေးကြီးတဲ့ အထောက်အပံ့တွေကို တားဆီးတာမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်အောင် စစ်ကောင်စီက လုပ်နေတာပါ။ ပဋိပက္ခဒဏ်ခံနေရတဲ့လူတွေ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့အထောက်အပံ့တွေကို အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်ကြီးတွေက တားဆီးပိတ်ပင်လာတာဖြစ်ပြီး၊ ပြည်သူတွေကို အပြစ်ပေးတဲ့ပုံစံမျိုးနဲ့ ဒါတွေကို လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ သုတေသနပညာရှင် ရှေနာ ဘောင်ချနာက ပြောပါတယ်။

    ချို့တဲ့ပြည်သူတွေထံ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပံ့ကူညီတာကို မြန်မာစစ်တပ်ဟာ အရင်ကတည်းက နည်းမျိုးစုံနဲ့ ပိတ်ပင်ဟန့်တားတဲ့အကျင့် ရှိပါတယ်။

    ​မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ဖို့ အရေးကြီးတဲ့ အထောက်အပံ့တွေ လိုအပ်သူအရေအတွက်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်က ၁ သန်းလောက် ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ၁၄.၄ သန်း ရှိလာမှာဖြစ်ပြီး အဲဒီအထဲက ၅ သန်းကျော်ဟာ ကလေးငယ်တွေဖြစ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၂၅ သန်းကနေ ထက်ဝက်နီးပါးလောက် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ရလိမ့်မယ်လို့လည်း ကုလ ဆိုပါတယ်။

    အကူအညီပေးရေး အဖွဲ့တွေကို စစ်ကောင်စီက နှောက်ယှက်ဟန့်တားမှုနဲ့ပတ်သက်ပြီး ကုလ၊ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ အလှုရှင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြီးခဲ့တဲ့လတွေမှာ ကြေငြာချက်တွေထုတ်ပြီး ဝေဖန်ရှုတ်ချထားပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ ထောင်သောင်းချီ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဒေသတွေမှာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့တာတွေ၊ ခိုးဆိုးလုယက်မှုတွေ လုပ်ဆောင်တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက် မြင့်တက်လာပါတယ်။

    ကုလသမဂ္ဂက မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူအရေအတွက်ဟာ ၆၃၈၀၀၀ လောက်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: HRW.org

  • ယူကရိန်းကိုကျူးကျော်လျှင် အကြီးအကျယ် ပြန်ပေးဆပ်ရမည်ဟု ရုရှားကို ကန်သတိပေး

    ယူကရိန်းကိုကျူးကျော်လျှင် အကြီးအကျယ် ပြန်ပေးဆပ်ရမည်ဟု ရုရှားကို ကန်သတိပေး

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မယ်ဆိုရင် အကြီအကျယ် ပြန်ပေးဆပ်ရမှာဖြစ်ပြီး ပြင်းထန်တဲ့ စီးပွားရေးဆိုးကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကို သတိပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

    ပူတင်နဲ့ ဘိုင်ဒန်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၂ နာရီကြာ ဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့တာပါ။

    ရုရှားက ကျူးကျော်လာရင် အမေရိကန်မြေပြင်တပ်ဖွဲ့တွေ ယူကရိန်းကိုစေလွှတ်ဖို့ မိမိတို့မှာ အစီအစဉ်လုံး၀မရှိဘူးလို့ သမ္မတ ဘိုင်ဒန်က သတင်းထောက်တွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေ့တိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရှေ့ခြမ်းမှာ ကာကွယ်ရေး​တိုးမြှင့်ဖို့ လိုအပ်လာရင် စစ်သည်တွေ ပို့သွားမယ်လို့ ဆိုပါတယ်။

    “ယူကရိန်းမှာ အကွက်ရွှေ့လာရင် သူတို့တိုင်းပြည်ရဲ့ စီးပွားရေး ဆိုးဆိုးရွားရွားကို ထိခိုက်လိမ့်မယ်လို့ ကျွန်တော် ပူတင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်”

    ယူကရိန်းကိုကျူးကျော်ရင် လက်ရှိ ကမ္ဘာကြီးမှာ ရုရှားရဲ့ ရပ်တည်မှု သိသိသာသာ ပြောင်းလဲသွားလိ့မ်မယ်လို့လည်း ဘိုင်ဒန်က ပူတင်ကို သတိပေးခဲ့ပါတယ်။

    G7 အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က လီဗာပူးလ်မြို့ တွေ့ဆုံပွဲအပြီးမှာ ရုရှားအနေနဲ့ ယူကရိန်းကို မကျူးကျော်ဖို့နဲ့ ကျူးကျော်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမယ်လို့ သတိပေးခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းနိုင်ငံရေးအကြပ်အတည်းကို အမြတ်ထုတ်ပြီး ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ယူကရိန်းနဲ့ကပ်နေတဲ့ နယ်စပ်ကို စစ်သားသောင်းချီနဲ့ စက်လက်နက်ပစ္စည်းအများအပြား ပို့ဆောင်ထားပါတယ်။

    ယူကရိန်းက ရုရှားဟာ မိမိတို့ကို ကျူးကျော်သိမ်းပိုက်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပြီး ရုရှားကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။

    Ref: Reuters

  • နိုင်ငံခြားမှ ကိုဗစ်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်က နယ်စပ်ကို တင်းကြပ်

    နိုင်ငံခြားမှ ကိုဗစ်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်က နယ်စပ်ကို တင်းကြပ်

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -နိုင်ငံခြားတိုင်းပြည်တွေကနေ ကိုဗစ်ပိုး ဝင်လာမှာကို စိုးရိမ်တဲ့အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ တရုတ်အစိုးရက နယ်စပ်မြို့တွေကို ညွှန်ကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံမှာ အောက်တိုဘာလ အလယ်လောက်ကစပြီး ပြည်တွင်း ကိုဗစ်ကူးစက်မှုအရေအတွက် မြင့်တက်လာကာ ၂ ထောင်ကျော်လောက်ရှိခဲ့ပြီး အဆိုးဝါးဆုံး ခံစားရတဲ့ဒေသတွေက ရုရှား၊ မွန်ဂိုလီးယားတို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသတွေ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေကိုပေးပို့တဲ့ ညွှန်ကြားစာမှာ လတ်တလောကူးစက်မှုတွေအားလုံးဟာ အခြားတိုင်းပြည်ကနေ ဝင်ရောက်လာတာကြောင့်ဖြစ်ပြီး၊ ကိုဗစ်စစ်ဆေးမှုတွေ၊ ကန့်သတ်မှုတွေကို နောက်နှစ် မတ်လ ၁၅ ရက်နေ့အထိ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့လည်း ​အမိန့်ပေးထားပါတယ်။

    နယ်စပ်ဒေသကနေ နိုင်ငံခြားထွက်လိုသူတွေအနေနဲ့ မသွားခင် ၄၈ နာရီအတွင်း ကိုဗစ်ကင်းစင်​ကြောင်း ဆေးစစ်ချက်ပြဖို့၊ နယ်စပ်ကို ပြန်ဝင်လာသူတွေ ကိုဗစ် ရှိ၊ မရှိ အနည်းဆုံး တစ်ကြိမ်စစ်ဆေးဖို့၊ ကူးစက်နိုင်ခြေရှိတဲ့ ဒေသတွေမှာ ကိုဗစ်စည်းမျဉ်းတွေကို တင်းကြပ်ဖို့လည်း ညွှန်ကြားစာမှာ ပါဝင်ပါတယ်။

    ပြည်မကလူတွေ နယ်စပ်မြို့တွေကို မလိုအပ်ရင်မသွားဖို့ တရုတ်အစိုးရက နိုဝင်ဘာလမှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုဗစ်ပိုးကြောင့် ကမ္ဘာ့တစ်ဝှမ်း လူ ၅ သန်းကျော် သေဆုံးခဲ့ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းမှုဆန့်ကျင်သူ သံအမတ်ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြံစည်ခဲ့သည်ဟု မြန်မာတစ်ဦး ဝန်ခံ

    အာဏာသိမ်းမှုဆန့်ကျင်သူ သံအမတ်ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြံစည်ခဲ့သည်ဟု မြန်မာတစ်ဦး ဝန်ခံ

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ကုလဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို တိုက်ခိုက်လုပ်ကြံဖို့ ကြိုးစားမှုနဲ့ နယူးယောက်မှာ ဖမ်းဆီးခံထားရတဲ့ ရဲဟိန်းဇော်က ပြစ်မှုကျူးလွန်ဖို့ ကြံစည်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

    ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲတပ်ဖွဲ့က ရဲဟိန်းဇော်နဲ့ ဖြိုးဟိန်းထွဋ်ဆိုတဲ့ မြန်မာလူငယ်နှစ်ဦးကို ဩဂုတ်လမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စမှာ ထိုင်းနိုင်ငံက မြန်မာစစ်တပ်ကို လက်နက်ရောင်းနေသူ တစ်ဦးလည်း ပါဝင်ပတ်သက်နေပါတယ်။

    အသက် ၂၀ ကျော်အရွယ် ရဲဟိန်းဇော်ဟာ အခြား ၂ ဦးနဲ့ပေါင်းပြီး ဦးကျော်မိုးထွန်းကို ရာထူးကထွက်ဖို့ ဖိအားပေးကာ၊ လက်မခံရင် သတ်ဖြတ်ဖို့အထိ ကြံစည်ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီလုပ်ကြံမှုအတွက် ကန်ဒေါ်လာ ၅ ထောင်ပေးဖို့လည်း ရဲဟိန်းဇော်က သဘောတူခဲ့ပါတယ်။

    သောကြာနေ့က ကြားနာမှုမှာ ရဲဟိန်းဇော်က အမေရိကန်မြေပေါ်မှာပဲ ဦးကျော်မိုးထွန်းကို တိုက်ခိုက် သတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရှေ့နေ ဒါမီယံ ဝီလီယံက ပြောပါတယ်။ နိုင်ငံခြား သံအမတ်တွေနဲ့ တာဝန်ရှိသူတွေရဲ့ လုံခြုံရေး၊ ဒီကြံစည်မှုမှာ ပါဝင်ရှိသူတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့တဲ့ ဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့တွေကို ကျေးဇူးတင်တယ်လို့လည်း ဝီလီယံက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်က ကုလသံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့အတွက် စစ်ကောင်စီက ဖယ်ရှားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ နယူးယောက်က လူငယ်နှစ်ဦး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြိုးစားမှုမှာ စစ်ကောင်စီက ပါဝင်ပတ်သက်မှုရှိလားဆိုတာ အတိအကျ မသိရပါဘူး။

    ရဲဟိန်းဇော်ကို မေလမှာ အမိန့်ချဖို့ရှိနေပြီး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    Ref : The Star