News @ M-Media

Blog

  • ပါလက်စတိုင်းပိုင်နက်ရှိ ရွာများကို ဂျူးအခြေချသူများ ဝင်ရောက်တိုက်ခိုက်

    ပါလက်စတိုင်းပိုင်နက်ရှိ ရွာများကို ဂျူးအခြေချသူများ ဝင်ရောက်တိုက်ခိုက်

    ဒီဇင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    ပါလက်စတိုင်းများ နယ်မြေဆုံးရှုံးမှု

    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ မနေ့က ဂျူးအခြေချသူတွေက ပါလက်စတိုင်းရွာတွေကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

    အနောက်ဖက်ကမ်းမြောက်ဖက် နဘ်လုစ်မြို့က ရွာတော်တော်များများကို သောကြာနေ့မနက် အစောင်းပိုင်းမှာ ဂျူးအခြေချသူတွေ အုပ်စလိုက် ဝင်ရောက်လာပြီး ကားတွေရိုက်ခွဲတာ၊ အိမ်တွေ၊ ဆိုင်တွေ၊ အဆောက်အဦး တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်း ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရပါတယ်။ ဂျူးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတစ်ချို့ကို ပြန်ပေးဆွဲဖို့ ကြိုးစားတာတွေ၊ သေနတ်နဲ့ပစ်တာတွေ ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းဒေသမှာ အစ္စရေးက တရားမဝင်အိမ်ယာတွေ ဆောက်လုပ်ပြီး ဂျူးအခြေချနေထိုင်သူတွေကို နေထိုင်စေတာပါ။ ဒီလို နယ်မြေခိုးယူတာကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက အိမ်ယာတွေကို တိုက်ခိုက်တာမျိုး မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

    ကြာသာပတေးနေ့က အနောက်ဖက်ကမ်းက တရားမဝင်အခြေချအိမ်ယာမှာ ကားတစ်စီး သေနတ်နဲ့ အပစ်ခံရတာကြောင့် ဂျူးအခြေချနေထိုင်သူ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ အစ္စရေးရဲ့ တရားမဝင်အိမ်ယာပေါင်း ၂၈၀ လောက်ရှိပြီး ဂျူးအခြေချနေထိုင်သူ ၇ သိန်းကျော် နေထိုင်နေပါတယ်။

    နိုင်ငံတကာဥပဒေအရေ ဒီအိမ်ယာတွေဟာ တရားမဝင်ဘဲ၊ ကမ္ဘာ့နိုင်ငံတွေကလည်း အစ္စရေးရဲ့ ဒီလုပ်ရပ်ကို တစ်စိုက်မတ်မတ် ရှုတ်ချထားပါတယ်။

    Ref: Aljazeera

  • ရေအမြောက်အများရှိသည့် ချောက်တစ်ခု အင်္ဂါဂြိုဟ်တွင် တွေ့ရှိ

    ရေအမြောက်အများရှိသည့် ချောက်တစ်ခု အင်္ဂါဂြိုဟ်တွင် တွေ့ရှိ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -အင်္ဂါ​ဂြိုဟ်မှာ ရေအမြောက်အများရှိတဲ့ ချောက်နက်ကြီးတစ်ခု ​တွေ့ရတယ်လို့ ဥရောပအာကာသ အေဂျင်စီက ထုတ်ပြန်ပါတယ်။

    Valles Marineris လို့ အမည်ပေးထားတဲ့ အဲဒီချောက်ကြီးကို အင်္ဂါဂြိုဟ်ပတ်ယာဉ် ExoMars Trace Gas Orbiter က တွေ့ရှိခဲ့တာပါ။ ဒီချောက်ကြီးဟာ အမေရိကန်က နာမည်ကျော် Grand Canyon ချောက်ထက် ၁၀ ဆပိုကြီးပြီး၊ ၅ ဆ ပိုနက်ကာ၊ အဆ ၂၀ ပိုကျယ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ရေဟာ အဲဒီချောက်ရဲ့ အောက်​မှာ တည်ရှိနေတာကို ဂြိုဟ်ပတ်ယာဉ်မှာ ပါဝင်တဲ့ နျူထရွန်ရှာဖွေရေးကိရိယာနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    အင်္ဂါဂြိုဟ်မှာ ရေရှိကြောင်း အရင်ကတည်းက သိရှိထားပေမယ့် ဒီရေတွေဟာ ဝင်ရိုးစွန်းဒေသမှာဖြစ်တာကြောင့် ရေခဲအဖြစ်နဲ့ ရှိနေတာပါ။ အခု Valles Marineris ချောက်ကြီးက အင်္ဂါဂြိုဟ်အီကွေတာရဲ့ တောင်ဘက်မှာ ရှိနေတာကြောင့် ရေဟာ သာမန်အရည်အဖြစ် ရှိလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

    ဂြိုဟ်ပတ်ယာဉ် ExoMars Trace Gas Orbiter ကို ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း လေ့လာမှုတွေကနေ အခုတွေ့ရှိချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။

    တွေ့ရှိချက်ကို ရေးသားသူ ဟာကန် ဆဗ်ဟမ်က အခုတွေ့ရှိမှုဟာ အံ့ဩစရာကောင်းတဲ့ ကနဦးခြေလှမ်းတစ်ခုဖြစ်ပြီး ချောက်ထဲမှာရေဟာ ဘယ်လိုအနေအထားနဲ့ တည်ရှိနေလဲဆိုတာ ထပ်မံလေ့လာဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အနာဂတ် အင်္ဂါဂြိုဟ်စူးစမ်းရေးခရီးစဉ်မှာ Valles Marineris ချောက်ကို ပိုမိုအသားပေး လေ့လာဖို့ ဥရောပအာကာသအေဂျင်စီက စီစဉ်နေပါတယ်။

    Ref: CNN

  • လက်နက်ကြီးကျည်ဆံကျ၍ ထိုင်းက စစ်ကောင်စီကို လက်တုန့်ပြန်မည်ဟု သတိပေးထား

    လက်နက်ကြီးကျည်ဆံကျ၍ ထိုင်းက စစ်ကောင်စီကို လက်တုန့်ပြန်မည်ဟု သတိပေးထား

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ လေးကေ့ကော်က တိုက်ပွဲမှာ မြန်မာစစ်တပ်ပစ်ခဲ့တဲ့ လက်နက်ကြီးအချို့ ထိုင်းဘက်ခြမ်းကို ကျခဲ့ပြီး၊ မြန်မာဖက်က ထွက်ပြေးလာသူတွေ ထောင်ချီရှိလာတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

    လေးကေ့ကော်မှာ ခိုလှုံနေတဲ့ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက ဝင်ဖမ်းရာကနေ KNLA၊ PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားတာ ၃ ရက်ရှိပါပြီ။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးကျည်ဆံတွေ ထိုင်းဘက်ကို ကျတာကြောင့် မြန်မာစစ်ရှောင်တွေ ဒဏ်ရာရတာ ရှိတယ်လို့ ထိုင်းပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဘက်က မြန်မာစစ်တပ်ကို ကန့်ကွက်စာပေးပို့ထားသလို နောက်ထပ် အချုပ်အခြာကို ဒီလိုထိပါးလာရင် ပြန်လည်လက်တုန့်ပြန်မယ်လို့လည်း စစ်ကောင်စီကို သတိပေးထားပါတယ်။ မနေ့က အဖြစ်အပျက်အပြီး ထိုင်းစစ်တပ်က နယ်စပ်မှာ တပ်ဖြန့်ထားပါတယ်။

    ဒီဇင်ဘာ ၁၄ ရက်နေ့ တိုက်ပွဲစဖြစ်ကတည်းက ၁၇ ရက်နေ့အထိ မြန်မာဖက်ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်အရေအတွက်ဟာ ၂၅၀၀ လောက် ရှိနေပြီလို့ ထိုင်းစစ်တပ်ရဲ့ နယ်စပ်ကွပ်ကဲရေးအဖွဲ့က ပြောပါတယ်။

    ထွက်ပြေးဝင်ရောက်လာသူတွေအတွက် နေရာထိုင်ခင်းတွေ၊ အစားအသောက်တွေကိုလည်း ထိုင်းအာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။

    Ref: Bangkok Post

  • အာရပ်ကမ္ဘာ၏ လူဦးရေ ၃ ပုံ ၁ ပုံ အဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရ

    အာရပ်ကမ္ဘာ၏ လူဦးရေ ၃ ပုံ ၁ ပုံ အဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -အာရပ်ကမ္ဘာရဲ့ လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ ဆာလောင်မွတ်သိပ်မှု၊ အဟာရချို့တဲ့မှုဒဏ် ခံစားနေရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အာရပ်ကမ္ဘာရဲ့လူဦးရေ သန်းပေါင်း ၄၂၀ ရှိရာမှာ ၂၀၁၉ ကနေ ၂၀၂၀ အတွင်း အဟာရချို့တဲ့သူအရေအတွက် ၁၆ ရာခိုင်နှုန်းရှိကာ ၆၉ သန်း ရှိလာတာပါ။ ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်ကထက် ၄.၈ သန်း တိုးလာတာ ဖြစ်ပါတယ်။

    ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေ ရှည်ကြာနေတာ၊ ဆင်းရဲမွဲတွေမှု၊ လူတန်းစားမညီမျှမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာ၀သယံဇာတတွေ ရှားပါးလာတာ၊ ကိုဗစ်ကပ်ရောဂါနဲ့ နွယ်တဲ့ စီးပွားရေးကျဆင်းမှုတွေက ဒီပြဿနာရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။

    “အဟာရချို့တဲ့မှု ပမာဏဟာ ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေမှာရော၊ မဖြစ်တဲ့နိုင်ငံတွေက လူတန်းစားအားလုံးမှာ ဖြစ်ပွားနေတာပါ။ ၂၀၂၀ ခုနှစ်တွင်း ၁၄၁ သန်းနီးပါးလောက် အစားအစာ လုံလုံလောက်လောက် မရပါဘူး။ ဒါဟာ ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၁၀ သန်းကျော် တိုးလာတာဖြစ်ပါတယ်” လို့ FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပဋိပက္ခဖြစ်ပွားရာနိုင်ငံတွေ၊ ဒေသတွေမှာ တွေ့ရတဲ့ အဟာရချို့တဲ့မှုပမာဏဟာ ငြိမ်ချမ်းတဲ့ဒေသမှာ တွေ့ရတဲ့ ပမာဏထက် ၆ ဆ မြင့်မားနေတယ်လို့ FAO က တာဝန်ရှိသူ အဘ်ဒူလ်ဟာကင် အလ်ဝေအာက ပြောပါတယ်။

    အာရပ်ကမ္ဘာမှာ ပြီးခဲ့တဲ့နှစ် အဟာရချို့တဲ့မှုဒဏ်ကို အခံရဆုံးနိုင်ငံတွေက ဆိုမာလီယာနဲ့ ယီမင်တို့ဖြစ်ပြီး ဆိုမာလီယာပြည်သူ ၆၀ ရာခိုင်နှုန်း၊ ယီမင်ပြည်သူ ၄၅ ရာခိုင်နှုန်းကျော် ဒီဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အာရပ်ကမ္ဘာမှာ အဟာရချို့တဲ့မှု၊ ဆာလောင်မွတ်သိပ်မှု အရေအတွက်ဟာ ၉၁.၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

    Ref: Aljazeera

  • ဝီဂါဖိနှိပ်မှုတွင် ပါဝင်သည့် တရုတ်ဇီ၀နည်းပညာကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရ

    ဝီဂါဖိနှိပ်မှုတွင် ပါဝင်သည့် တရုတ်ဇီ၀နည်းပညာကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -နိုင်ငံအနောက်ပိုင်းက လူမျိုးစုငယ်တွေအပေါ် တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပူးပေါင်းပါဝင်မှုအတွက် တရုတ် ဇီ၀နည်းပညာကုမ္ပဏီတစ်ချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှု​တွေလုပ်ဆောင်လိုက်ပါတယ်။

    ဇီ၀နည်းပညာကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနကနေ မနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့သလို၊ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသက ပို့ကုန်တွေကို ပိတ်ပင်ရေး ရည်ရွယ်တဲ့ ဥပဒေတစ်ခုကိုလည်း အမေရိကန်လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။

    “ဇီ၀နည်းပညာနဲ့ ဆေးဘက်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေမှာ လူ့အသက်တွေကို ကယ်တင်နိုင်ပါတယ်။ ကံဆိုးတာက တရုတ်နိုင်ငံဟာ ဒီနည်းပညာတွေကို ပြည်သူလူထုအပေါ် ကန့်သတ်ထိန်းချုပ်ဖို့၊ လူမျိုးစုငယ်တွေ၊ ဘာသာရေးလူနည်းစုတွေကို ဖိနှိပ်ဖို့ အသုံးပြုနေတာပါ” လို့ ကန် ကုန်သွယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုက ပြောပါတယ်။

    ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခံလိုက်ရတဲ့ တရုတ် ဇီ၀နည်းပညာကုမ္ပဏီတွေက HMN Internationa၊ Jiangsu Hengtong Marine Cable Systems၊ Jiangsu Hengtong Optic Electric၊ Shanghai Aoshi Control Technology Co Ltd နဲ့ Zhongtian Technology Submarine Cable တို့ ဖြစ်ပါတယ်။

    တရုတ်စစ်တပ်ရဲ့ ဆေးဝါးသိပ္ပံဆိုင်ရာ အကယ်ဒမီနဲ့ လက်အောက်က သုတေသနအဖွဲ့အစည်း ၁၁ ခုကိုလည်း သွင်းကုန်ပိတ်ပင်တဲ့စာရင်းမှာ အမေရိကန် ကုန်သွယ်ရေးဌာနက ထည့်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း တရုတ်နည်းပညာကုမ္ပဏီ SenseTime ကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

    ပိတ်ဆို့အရေးယူမှု ခံရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမှာ မဟုတ်သလို၊ ထုတ်ကုန်တွေကိုလည်း အမေရိကန်ကို တင်ပို့လို့ရမှာ မဟုတ်ပါဘူး။

    နည်းပညာအသုံးပြုပြီး နိုင်ငံအတွင်းက လူနည်းစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှု တိုးမြှင့်ပြုလုပ်လာတဲ့ တရုတ်ကို တုန့်ပြန်ရေး သမ္မတဘိုင်ဒန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပါတယ်။ အမေရိကန်လွှတ်တော်ကလည်း ဝီဂါတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စမှာ အမေရိကန်က တရုတ်အစိုးရကို ပြစ်ဒဏ်ပေးနိုင်မယ့် ဥပဒေတွေကို ပြဌာန်းပေးထားပါတယ်။

    Ref: Reuters