News @ M-Media

Blog

  • မိမိသာ မက်ဆီဖြစ်ပါက လက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီဟု အာဂျင်တီးနားနည်းပြ ပြော

    မိမိသာ မက်ဆီဖြစ်ပါက လက်ရွေးစင်အသင်းမှ အနားယူလိုက်ပြီဟု အာဂျင်တီးနားနည်းပြ ပြော

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    messi

    – ကြီးမားသည့် ဝေဖန်မှုများကို ခံနေရသည့် မက်ဆီနေရာတွင် မိမိသာဖြစ်ပါက လက်ရွေးစင်ကစားသမားဘ၀ကို စွန့်လွှတ်လိမ့်မည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    ဘာစီလိုနာတွင် လေးစားခံရသော်လည်း အသက် ၂၈ နှစ်အရွယ် မက်ဆီမှာ နိုင်ငံအသင်းတွင် ဆိုးရွားသည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်နှစ်များအတွင်း အာဂျင်တီးနားအသင်း ဆုတံဆိပ်မရခဲ့မှုအတွက် ဝေဖန်ရေးသမားများနှင့် ပရိတ်သတ်များက မက်ဆီအား ပြစ်တင်ပြောဆိုခဲ့ကြသည်။

    အာဂျင်တီးနားထက် ဘာစီလိုနာတွင် ပိုကောင်းအောင် ကစားသည်ဆိုသော ဝေဖန်မှုများက မက်ဆီ၏ ကစားသမားဘ၀ တစ်လျှောက်လုံးတွင် ရှိနေခဲ့ပြီး၊ ယခုနှစ်နွေရာသီ ချီလီ၌ ကျင်းပခဲ့သော ကိုပါအမေရိက ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်း ကျရှုံးခဲ့ပြီးနောက်ပိုင်း မက်ဆီအပေါ် ဝေဖန်မှုများက မြင့်တက်လာခဲ့သည်။

    ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြီးကတည်းက အာဂျင်တီးနားအသင်းအား ပြန်လည်ကိုင်တွယ်ခဲ့သည့် မာတီနိုကမူ အာဂျင်တီးနားပြည်သူများ၏ ဆက်ဆံပုံအတွက် မက်ဆီမှာ စိတ်ပျက်ခွင့်ရှိသည်ဟု ဆိုသည်။

    “မက်ဆီရဲ့စွမ်းဆောင်ရည်ကို ဝေဖန်တဲ့သူတွေဟာ ဘောလုံးအကြောင်း ဝေဖန်ဆန်းစစ်ဖို့ မထိုက်တန်ပါဘူး။လက်ရွေးစင်ဘောလုံးအသင်းကနေ အနားယူဖို့ သူ(မက်ဆီ) စဉ်းစားနေတယ်ဆိုတဲ့ စကားဟာ စိတ်ပျက်စရာဖြစ်ပေမယ့် နားလည်လက်ခံနိုင်စရာပါပဲ။ ကျွန်တော်သာ မက်ဆီဖြစ်ရင် အာဂျင်တီးနားအသင်းမှာ ကစားတာကို ရပ်လိုက်တာ ကြာပါပြီ” ဟု မာတီနိုက Fox Sports သို့ ပြောကြားခဲ့သည်။

    မက်ဆီမှာ နိုင်ငံအသင်းအတွက် ၁၀၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၄၆ ဂိုး သွင်းယူပေးခဲ့သည်။ သို့သော်လည်း နိုင်ငံအသင်းနှင့် ရရှိခဲ့သည့် ဆုတံဆိပ်မှာ ၂၀၀၅ ခုနှစ် ယူ ၂၀ ကမ္ဘာ့ဖလား ချန်ပီယံနှင့် ၂၀၀၈ ခုနှစ် အိုလံပစ်ချန်ပီယံဘွဲ့တို့သာ ရှိနေသည်။

    Ref: Goal

  • ဖရိုဖရဲဖြစ်နေသည့် တာလီဘန်အဖွဲ့တွင် အဓိကခေါင်းဆောင်တစ်ဦး နှုတ်ထွက်

    ဖရိုဖရဲဖြစ်နေသည့် တာလီဘန်အဖွဲ့တွင် အဓိကခေါင်းဆောင်တစ်ဦး နှုတ်ထွက်

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    taliban

    – အာဖဂန်တာလီဘန်အဖွဲ့၏ နိုင်ငံရေးရုံးမှ အကြီးအကဲဖြစ်သူ ဆယဒ် တိုင်ယစ်ဘ် အဂ်ဟာမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး ခေါင်းဆောင်သစ်ခန့်အပ်ခြင်းအတွက် အဖွဲ့ဝင်များ၏ မကျေနပ်မှု သတင်းများ ထွက်လာပြီး ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ခေါင်းဆောင်ဟောင်း မူလာအိုမာရ် သေဆုံးသွားပြီးနောက်တွင် တာလီဘန်ခေါင်းဆောင်ပိုင်း၌ ဖရိုဖရဲဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်လာနေပြီး ယခုနှုတ်ထွက်သွားခဲ့သည့် အဂ်ဟာမှာ မူလာအိုမာရ် သေဆုံးခြင်းကို ၂ နှစ်ကြာ လျှို့ဝှက်ထားမှုအတွက် ရှုတ်ချခဲ့ကာ သမိုင်းဝင်အမှားဖြစ်သည်ဟု ပြောကြားခဲ့သူဖြစ်သည်။

    ၎င်းနှုတ်ထွက်ကြောင်း အဂ်ဟာက တနင်္လာနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တာလီဘန်အဖွဲ့ ခေါင်းဆောင်ကို အာဖဂန်နစ္စတန်ရှိ ဌာနချုပ်၌ အဓိကပုဂ္ဂိုလ်များ ရှိနေသည့်အချိန်တွင် ခန့်အပ်ရမည်ဟု ထိုကြေညာချက်တွင် ရေးသားခဲ့သည်။

    “နိုင်ငံရဲ့အပြင်ဘက်ကနေပြီး ခေါင်းဆောင်တိုင်းကို ခန့်အပ်တာဟာ ဆိုးရွားတဲ့ ရိုက်ခတ်မှုကို ဖြစ်စေပါတယ်” ဟု အဂ်ဟာက ပြောကြားခဲ့သည်။

    အဂ်ဟာမှာ တာလီဘန်တွင် အရေးပါသောသူ ဖြစ်သောကြောင့် ၎င်းနှုတ်ထွက်မှုက တာလီဘန်အဖွဲ့၏ စုစည်းမှုနှင့် အနာဂတ်ဆုံးဖြတ်ချက်များအပေါ် ကောလဟာလများ ဖြစ်စေခဲ့သည်။ အာဖဂန်၏ ကန်ဒါဟာ ပြည်နယ်တွင် မွေးဖွားခဲ့သည့် အဂ်ဟာမှာ မူလာအိုမာရ်၏ အယုံကြည်ရဆုံး လူများထဲမှ တစ်ဦးဖြစ်သည့် အကြောင်းအရင်းကြောင့် တာလီဘန်ခေါင်းဆောင်ပိုင်းတွင် လေးစားခြင်းခံရသူဖြစ်သည်။

    ထို့ပြင် အာဖဂန်အစိုးရနှင့် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အဂ်ဟာမှာ တာလီဘန်၏ အဓိက ညှိနှိုင်းရေးမှူးလည်းဖြစ်သည်။

    Ref: Aljazeera

  • မွတ်စလင်မ် ရေဘေးကူ ကော်မတီရဲ့ ရေးဘေးသင့်ပြည်သူများ အတွက် ဒုတိယမြောက် အကူအညီပေးရေး ခရီးစဉ် စတင်

    မွတ်စလင်မ် ရေဘေးကူ ကော်မတီရဲ့ ရေးဘေးသင့်ပြည်သူများ အတွက် ဒုတိယမြောက် အကူအညီပေးရေး ခရီးစဉ် စတင်

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    aa

    – မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဖွဲ့စည်းထားတဲ့ “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” က ပြည်ခရိုင်နဲ့ ဖွင့်ဖြူမြို့နယ်ဘက် ရေးဘေးသင့်ပြည်သူတွေကို အကူအညီတွေပေးအပ်ဖို့ သြဂုတ်လ ၅ ရက် (ယနေ့) မနက်မှာ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

    ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့ ဆန်အိတ် ၃၅၁ အိတ်၊ ခေါက်ဆွဲနဲ့ ကြာဆံခြောက် ၂၅၈ ဖာ၊ ရေသန့်ဘူးသေး ၃၅၇၆ ဘူး၊ ရေသန့်ဘူးကြီး ၁၈၀ ဘူး၊ အ၀တ်အစား ၇၃ ထုတ်၊ Max Plus အအေးဘူး ၁၀ ဖာ၊ အာရှအအေးဘူး ၁၀ ဖာ၊ မုန့်ကျွတ် ၁၈ ဖာ၊ မုန့်ခြောက်ဖာကြီး ၂ ဖာတို့ သယ်ဆောင်သွားခဲ့တယ်လို့ ကော်မတီရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

    ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဖွဲ့စည်းထားတဲ့ “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ရဲ့ ဒုတိယမြောက် ကူညီကယ်ဆယ်ရေး ခရီးစဉ်ဖြစ်ပြီး ပထမခရီးစဉ်အဖြစ် ပဲခူးတိုင်း မိုးညို့မြို့နယ်ကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

    သြဂုတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီ “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ကို ကျပ် သိန်းပေါင်း ၁၂၀၀ နဲ့ မ,တည်ခဲ့တာဖြစ်ပါတယ်။

  • စက်တင်ဘာတွင် ထိုးသတ်မည့်သူမှာ အန်ဒရေဘာတိုဖြစ်သည်ဟု မေ၀ယ်သာကြေညာ

    စက်တင်ဘာတွင် ထိုးသတ်မည့်သူမှာ အန်ဒရေဘာတိုဖြစ်သည်ဟု မေ၀ယ်သာကြေညာ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    maewather

    – လက်ဝှေ့သမားဘ၀၏ နောက်ဆုံးပွဲဖြစ်သည့် ၄၉ ပွဲမြောက်တွင် ထိုးသတ်မည့်ပြိုင်ဘက်မှာ ဟေတီ-အမေရိကန် လက်ဝှေ့သမား အန်ဒရေဘာတိုဖြစ်သည်ဟု ဖလွိုက်မေ၀ယ်သာက ကြေညာလိုက်သည်။

    အဆိုပါပွဲကို စက်တင်ဘာ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်ရှိ MGM Grand Garden Arena ၌ ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များက လေ့ကျင့်မှုစတင်ခဲ့သည့် မေ၀ယ်သာမှာ ယခုမှ ပြိုင်ဘက်နာမည်အား ကြေညာခြင်းဖြစ်သည်။

    မေ၀ယ်သာမှာ “ရာစုနှစ်၏ အကောင်းဆုံးပွဲ” ဟု အမည်ပေးထားသည့် ပက်ကွီအိုနှင့်ပွဲကို မေလအတွင်းက ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲအနိုင်ကြောင့် မေ၀ယ်သာမှာ ၎င်း၏ ကစားသမားသက်တမ်း တစ်လျှောက်တွင် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။

    ထိုပွဲပြီးနောက် ၎င်းက လက်ဝှေ့သမားဘ၀၏ နောက်ဆုံးပွဲကို ထိုးသတ်မည်ဟု ကြေညာခဲ့သည်။ ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကမူ မေ၀ယ်သာနှင့် ထိုးသတ်နိုင်ရေး ကြိုးစားခဲ့သော်လည်း မေ၀ယ်သာက ပယ်ချခဲ့သည်။

    အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်ဒရေဘာတိုမှာ လက်ရှိအချိန်တွင် စုစုပေါင်း ၃၃ ပွဲ ထိုးသတ်ထားပြီး အလဲထိုး ၂၃ ပွဲနှင့်အတူ ပွဲ ၃၀ အနိုင်ရရှိထားကာ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။ မေ၀ယ်သာမှာ ဘာတိုနှင့်ပွဲတွင် အနိုင်ရရှိပါက လက်ဝှေ့ကျော် ရော်ကီမာစီယာနို တင်ထားသည့် ၄၉ပွဲ ရှုံးပွဲမရှိစံချိန်နှင့် တူညီနိုင်မည်ဖြစ်သည်။

    သို့သော်လည်း ကျွမ်းကျင်သူများကမူ အကျပိုင်းရောက်နေသော ဘာတိုထက် မေ၀ယ်သာမှာ ပိုမိုတောင့်တင်းသည့် အမီးရ်ခန်းနှင့် ထိုးသတ်သင့်သည်ဟု ဝေဖန်ခဲ့ကြသည်။

    Ref: Dailymail

  • တရုတ်နိုင်ငံတွင် အိမ်သာခွက်အတွင်း ပစ်ထားသည့် မွေးကင်းစကလေးကို ရဲများ ကယ်တင်ခဲ့ရ

    တရုတ်နိုင်ငံတွင် အိမ်သာခွက်အတွင်း ပစ်ထားသည့် မွေးကင်းစကလေးကို ရဲများ ကယ်တင်ခဲ့ရ

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    china

    – ဘေဂျင်းရှိ အများသုံးအိမ်သာခွက်အတွင်း မှောက်ခုံကျနေသည့် မွေးကင်းစ သမီးငယ်လေးတစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါမွေးကင်းစကလေးငယ်အား ကယ်တင်ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး တည်ငြိမ်သော အနေအထားတွင်ရှိနေကာ၊ အာဏာပိုင်များအနေဖြင့် ထိုကလေး၏ မိဘများကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြသည်ဟု ဘေဂျင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    လက်မထပ်ရသေးသည့် တရုတ်အမျိုးသမီးများမှာ ပတ်ဝန်းကျင်တွင် ဂုဏ်အသရေပျက်မည်ကို စိုးသောကြောင့် ၎င်းတို့ရရှိသည့် ကလေးငယ်များကို စွန့်ပစ်ကြပြီး၊ အချို့မိဘများမှာမှု ကိုယ်အင်္ဂါချို့ယွင်းသော ကလေးများကို စွန့်ပစ်ကြသည်။

    ဒေသတွင်း သတင်းစာတစ်စောင်ဖြစ်သည့် Beijing Times တွင် ရဲတပ်ဖွဲ့မှာ တနင်္ဂနွေနေ့က အများသုံးအိမ်သာ၌ ကလေးငိုသံကြားသည်ဟု သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် သွားရောက်ကြည့်ရှုခဲ့ရာ အိမ်သာပိုက်အတွင်း ခြေထောက်ဝင်နေပြီး မျက်နှာမှောက်ခုံဖြစ်နေသည့် ကလေးငယ်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ယောက်မှာ ၎င်း၏ လက်ကို အိမ်သာပိုက်အတွင်းသို့နှစ်ကာ ကလေးငယ်အား ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲ့ရသည်။

    ထိုသတင်းနှင့်ပတ်သက်၍ ဘေဂျင်းရဲတပ်ဖွဲ့ကလည်း အတည်ပြုခဲ့ပြီး အချက်အလက်အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့ကာ ကလေးငယ်မှာ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုမရှိဟု ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်ကလည်း ဇီဂျန်းပြည်နယ်တွင် မိလ္လာပိုက်ထဲသို့ ရောက်နေသည့် မွေးကင်းစကလေးငယ်အား ရဲတပ်ဖွဲ့က မိလ္လာပိုက်ကိုဖြတ်ထုတ်၍ ကယ်တင်ခဲ့ရသည်။ မိခင်ဖြစ်သူကမူ သူမက ကလေးမွေးလိုက်သည့်အချိန်တွင် မတော်တဆ ကျသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါအမျိုးသမီးမှာ မိဘများမသိအောင် ကိုယ်ဝန်ဆောင်ထားရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကလေး၏ မိခင်ဖြစ်သည်ဟု ၀န်ခံခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera