News @ M-Media

“ရိုးနေပြီမို့ မစိုးရိမ်တာလား”

သြဂုတ် ၆ ၊ ၂၀၁၅
M-Media
ရဲဝင်းလတ် ရေးသည်။
ezxmyanmar0803webd
စစ်အစိုးရ လက်ထက်တုန်းက ဆိုရင် ရေကြီးတဲ့သတင်း၊ မီးလောက်တဲ့သတင်း၊ မုန်တိုင်းသတင်းတွေ ကောလဟာလ သဘောမျိုးလောက် ဟိုတစ ဒီတစ ကြားရပေမယ့် ရုပ်မြင်သံကြား သတင်းတွေအရ တတိုင်းတပြည်လုံး သာယာလှပလို့၊ အေးချမ်းလို့။ တပြည်တည်းသားတွေ ဒုက္ခရောက်နေတာကို မသိရရှာ။ အစိုးရက ဖုံးထားဖိထား။ ဖုံးဖိမရတဲ့အဆုံး ‘မစိုးရိမ်ရဘူးဆိုပြီး’ သိုသိုသိပ့်သိပ့် ဟန်ဆောင်လိမ်ညာ။ ဒီတော့ ‘ရေကြီးလို့ ဆန်ဈေးတက်ပြန်ပြီတဲ့ဟေ့’ ဆိုတဲ့ စကားပြောလေး တစ်လုံးလောက်သာ ပြည်သူတွေရဲ့ စကားဝိုင်းထဲရောက် လာတက်တယ်။

အစိုးရကလည်း မကူမကယ်။ ပြည်သူတွေကလည်းမသိလိုက်။ ဒုက္ခရောက်သူတွေလည်း ကူနိုးနိုး ကယ်နိုးနိုးနဲ့ တစ်နှစ်ပြီးတစ်နှစ်၊ မထူးဒုက္ခထဲမှာ အသက်ဆက်ရတာကို ဘဝ လို့ထင်ပြီးနေကြရရှာတယ်။ အထူးသဖြင့် မြစ်ဝကျွန်ပေါ် က တောင်သူ လယ်သမားတွေ။ မြန်မာ့ ဆန်အိုးပိုင်ရှင် ကျေးဇူးရှင်တွေ။ အစိုးရက ဆန်ဈေးနိမ်ယူလိုက်၊ ရေကြီးလို့ ကုန်သွားလိုက်၊ မုန်တိုင်းမိလို့ ပါသွားလိုက်။

မကြားမသိလိုက်ဘဲ အမှုမဲ့ အမှတ်မဲ့နဲ့ ကျော်လာခဲ့တဲ့ စာမျက်နှာဟောင်းတွေကိုပြန်လှန်ကြည့်ရင်…

၂၀၁၄ ခုနှစ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာရေကြီးခဲ့တယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လက ကရင်၊ မွန်နဲ့ ရခိုင်ပြည်တွေမှာရေကြီးပြီး စက်တင်ဘာလအထိ ရေတွေ တက်လိုက်ကျလိုက်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာလည်း ရေကြီးခဲ့တယ်။ အဲဒီတုန်းက ဟင်္သာတမှာ အပျက်အစီးအများဆုံး။ ၂၀၁၂ ခုနှစ်ကဆိုရင် အတော့ကို အခြေအနေဆိုးခဲ့တယ်။ ၂၀၁၂ ရဲ့ အဆိုးဆုံး အခြေအနေက ပုသိမ်။ ဧရာဝတီတိုင်းမှာ ရွာပေါင်း (၇၂၇) ရွာမှာ ရေကြီးလို့ လူပေါင်းရှစ်သောင်းခွဲ (၈၅,၀၀၀) လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။ ကရင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း ရေကြီးခဲ့တယ်။ ၂၀၁၂ ခုနှစ်ကတစ်နှိင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ နှစ်သိန်း (၂၀၀,၀၀၀) လောက် ရေဘေးသင့်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာလည်း ရခိုင်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ။ အဆိုးရွားဆုံးအခြေအနေက ပခုက္ကှူ။ အဲဒီတုန်းက လူ (၁၀၆) ဦးသေခဲ့တယ်။ အိမ် (၂,၁၂၃) လုံး ပျက်တယ်။ လူ နှစ်သောင်းခြောက်ထောင် (၂၆,၀၀၀) ရေဘေးသင့်ခဲ့တယ်။ ၂၀၁၀နဲ့၂၀၀၉ ခုနှစ်တွေကလည်း ထိုနည်းလည်းကောင်း။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူ တစ်သိန်းသုံးသောင်း (၁၃၀,၀၀၀)လောက် အစုလိုက်အပြုံလိုက် သေသွားတာတောင် ဘာမှမဟုတ်သလို။နော်ဝေသုတေသနဌာနတစ်ခုရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အကြား သဘာဝဘေးအန္တရာယ်ပေါင်း (၂၁) ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။

တခုခုဖြစ်ပြီဟေ့ဆိုရင် အဘ့ အဘ တွေဆီမှာ သံတော်ဦးတင်၊ အမိန့်တော်မျှော်။ ကူချင်ကယ်ချင်သပါ့ဆိုတဲ့ အောက်ဝန်ထမ်းတွေက အဘတွေကိုကျော် မလုပ်ရဲ။ ဒုနဲ့ဒေး စုပြုံလို့ ပိုပိုလျှံလျှံ ကူညီထားကြောင်း မျက်နှာလုပ် ရအောင်ဆိုတဲ့အကြံတွေနဲ့ အဘတွေကြွတော်မူ မလာမချင်း ချွေချွေတာတာလေးလှူ၊ အကန့်အသက်နဲ့ကူ။ ဒီတော့ ထုံးစံအတိုင်း ခံရသူတွေက ပိုပိုသာသာလေးခံ။

ပြည်သူတွေသိရင် အဲလိုနေမှာ မဟုတ်ဘူးဆိုတာ အခုသက်သေ။ပြည်သူတွေ အချင်းချင်းကတော့ နှလုံးချင်းနီးလို့ စိုးရိမ်တာမှ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာ့နေရာအနှံ့က မြန်မာတွေတောင် ပြာပြာသလဲ၊ ရင်တမမနဲ့၊ အသစ်အဆန်းတွေဖြစ်လို့၊၊ အခုမှ ကူခွင့် ကယ်ခွင့် ရလို့ ဘာသာတွေ၊ လူမျိုးတွေရဲ့ ရောင်စုံတွေကို ဘေးဖယ်လို့ ဖေးကူးနေကြတယ်၊၊ ပြည်သူတွေက သဒ္ဒါတရားနဲ့ အပူမီးတွေကို ကူငြိမ်းပေးနေချိန်မှာ အစိုးရကလက်နှေး။

အစိုးရအဖို့ ဒါမျိုးတွေရိုးနေပြီမို့ မစိုးရိမ်တာလားလို့ တွေးထင်မိတယ်။ တိုင်းပြည်ကြီးကို နှစ်ပေါင်းများစွာ အုပ်ချုပ်မင်းလုပ်လာတဲ့ အတွေ့အကြုံတွေအရ အခုလို အဖြစ်ဆိုးတွေကို နှစ်တိုင်းကြုံ၊ မမြင်ချင်မှ အဆုံးသူတို့နှလုံးသားတွေ အသမာတက်ကုန်ပြီလို့ပဲ မှတ်ယူပေတော့မယ်။  နှလုံးမတူသူတွေကို ဦးမခိုက်နိုင်၊ ဒူးနဲ့သာ တိုက်လိုက်ချင်တော့တယ်။

Comments

Leave a Reply