News @ M-Media

Blog

  • သင့်မြတ်လိုသူများ အဖွဲ့ဝင် နောက်ထပ် ၃ ဦးကို ဖမ်းဝရမ်းထုတ်

    သင့်မြတ်လိုသူများ အဖွဲ့ဝင် နောက်ထပ် ၃ ဦးကို ဖမ်းဝရမ်းထုတ်

    ဇူလိုင် ၃၁ ၊ ၂၀၁၅
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

    ZZL

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င်နယ်ခြား ဖြတ်ကျော်မှုတို့နဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး သံဃာတစ်ပါးနဲ့ နောက်ထပ်အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

    မပွင့်ဖြူလတ်ကတော့ သူတို့ကို အခုလိုဖမ်းဆီးပြီး တရားစွဲဆိုထားတာဟာ မတရားဘူးလို့ တရားရုံးထုတ် မှာ ပြောပါတယ်။

    “ကျမတို့ရဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးပါတယ်၊ ကျမတို့ ပရဟိတနဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ လူတွေကို မတရားသဖြင့်နဲ့ ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရပါတယ်၊ လူတွေကိုသာချုပ်ထားလို့ရမယ် ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကို ဘယ်တော့မှချုပ်ထားလို့မရပါဘူး”

    ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လက ကေအိုင်အေထိန်းချုပ်နယ်မြေကို သွားရောက်ခဲ့တာကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုပြီး ဒီနှစ်ဧပြီလက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တဲ့အတွက် တရားမ၀င်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲခံရတာဖြစ် ပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်သွားစဉ်က လိုက်ပါခဲ့တဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် နောက်တစ်ဦးဖြစ် တဲ့ ကိုဇော်ဝင်းဗိုလ်ကို ပုဒ်မ ၁၃(၁) နဲ့ ဒီနေ့ ထပ်မံဖမ်းဆီးလိုက်ပြီး သံဃာ ၁ပါးနဲ့ အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်း ထုတ်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရသူ ၃ဦးကို အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့မှာ မန္တလေးမြို့က ဂဠုန်နီဆရာတော်၊ အာရှအလင်းရောင်ဆရာတော် တို့ပါဝင်ပြီး ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    ဓါတ်ပုံ-သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၃ဝ ရက်နေ့က ရုံးထုတ်စဉ်
    Photo: Hset Paing Toe/RFA

    http://www.rfa.org/burmese/news/zawzawlatt-pwintphyulatt-appear-court-07302015112819.html

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၃၀၊ ၂၀၁၅)

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    အမေရိကန်မှာ စစ်ဖြစ်အောင် ဖန်တီးနေသည်ဟု တရုတ်ပြော
    ………………………………
    အမေရိကန်နိုင်ငံမှာ တောင်တရုတ်ပင်လယ်အတွင်း ပတ္တရောင်လှည့်ခြင်းများ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းအားဖြင့် စစ်ဖြစ်စေရန် ပုံသွင်းနေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်ယူဂျွန်းက အမေရိကန်မှာ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် အခြားသော နိုင်ငံများအကြား သဘောထားကွဲလွဲအောင် သွေးထိုးပေးနေကြောင်း၊ မိမိတို့၏ စစ်ရေးလေ့ကျင့်မှုမှာ ပုံမှန် စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး မည်သည်ကိုမှ မရည်ရွယ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့ ခေါင်းဆောင်သစ်ရွေးချယ်ပြီး
    ……………………………………
    အာဖဂန် တာလီဘန်အဖွဲ့၏ အကြီးတန်းအရာရှိများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဖွဲ့၏ခေါင်းဆောင်သစ်အဖြစ် အခ်တာရ် မိုဟာမက် မန်ဆူရ်ကို ခန့်အပ်ခဲ့သည်ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ တပ်မှူး ၂ ဦးက ပြောကြားခဲ့သည်။ အိုစမာဘင်လာဒင် သေဆုံးပြီးနောက် ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ မွလ္လာအိုမာရ်မှာ လွန်ခဲ့သည့် ၂ နှစ်က သေဆုံးသွားခဲ့သည်ဟု အာဖဂန်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့ပြီးနောက် တာလီဘန်က ယခုကဲ့သို့ ခေါင်းဆောင်သစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ယူကရိန်းရှိ လူနေရပ်ကွက်ပေါ်သို့ ဗုံးဆံကျ၊ အရပ်သားများသေဆုံး
    ………………………………….
    ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များ ထိန်းချုပ်ထားရာ ဒွန်ညက်မြို့ရှိ အရပ်သားများနေထိုင်ရာဒေသ၌ ယနေ့တွင် ဗုံးဆံများ ကျရောက်ခဲ့သောကြောင့် အရပ်သား ၄ ဦးနှင့် စစ်သား ၁ ဦးတို့ သေဆုံးခဲ့သည်။ ယခုကာလမှာ အပစ်ရပ်ရေးကာလဖြစ်ပြီး ယခုကဲ့သို့ ကျည်ကျရောက်မှုအတွက် အစိုးရနှင့် သူပုန်ဘက်က အပြန်အလှန်ပြစ်တင်ခဲ့သည်။

    Ref: News Agencies

  • ကွမ်းစားတဲ့ ဓလေ့အတွက်  အချက်ပေးခေါင်းလောင်းသံ

    ကွမ်းစားတဲ့ ဓလေ့အတွက် အချက်ပေးခေါင်းလောင်းသံ

    Part-HKG-Hkg10197691-1-1-0

    – ရန်ကုန်မြို့လည်ခေါင်ရှိ ကားကြပ်သောလမ်းမပေါ်၌ သူ၏ အငှားယာဉ်ကလေးကို မောင်းနှင်လှုပ်ရှားနေစဉ် မျိုးမင်းထိုက်တစ်ယောက် ကွမ်းသီးနှင့် ဆေးရွက်ကြီးတို့ ရောထားသော ကွမ်းယာကို စည်းချက်ကျကျ ၀ါးနေသည်။ သူ၏ သွားများမှာလည်း နီညိုရောင်သန်းနေ၏။

    မြန်မာနိုင်ငံ၏ တဟုန်ထိုး တိုးတက်လာသော ကုန်သွယ်ရေးအချက်အချာမြို့၏ မပြတ်တမ်း ကားပိတ်နေသည့်နေရာတွင် သူ၏လုပ်ငန်းကို ခေါက်တုံ့ခေါက်ပြန် လုပ်နေကာ ရှည်လျားသည့်နေ့ကို ကုန်ဆုံးနေရသည်မှာ ကျင့်သားရသည်ထက်ကို ပိုနေသည်။ ထိုသို့ ရုန်းကန်လှုပ်ရှားနေနိုင်သည်မှာ ကွမ်းယာကြောင့်လည်း ပါသည်။

    “ကျွန်တော် တက္ကဆီစမောင်းတုန်းက အရမ်းအိပ်ငိုက်တယ်။ ဒါ့ကြောင့် အိပ်မငိုက်ဖို့အတွက် ကျွန်တော် ကွမ်းယာစားတာပါ” ဟု အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ကွမ်းယာမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလွန်လူကြိုက်များသော အာရုံကျယ် မြုံ့စရာတစ်ခု ဖြစ်လေသည်။

    သို့သော်လည်း ဆေးစွဲသကဲ့သို့ စွဲသွားမှု၊ သွားများတွင် ဂျိုးတက်မှုနှင့် ခံတွင်းကင်ဆာအန္တရာယ် မြင့်မားမှုတို့အပါအ၀င် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော အရာတစ်ခုလည်းဖြစ်သည်။

    ဆေးရွက်ကြီး အပိုင်းအစ၊ ကွမ်းသီးစိတ်၊ ထုံးအရည်နှင့် အခြားဆေးများကို ကွမ်းပင်မှရသော လတ်ဆတ်သည့် ကွမ်းရွက်တွင်ထည့်ကာ ထုပ်လိုက်သော ကွမ်းယာကို မြန်မာနိုင်ငံရှိ နေရာတိုင်း၌ တွေ့မြင်ရသည်။

    ကွမ်းကြိုက်သူများကတော့ ကွမ်းမှာ နိုးကြားစေသည်၊ စွမ်းအားကိုမြှင့်တင်ပေးသည်၊ အသက်ရှုကောင်းစေသည်ဟု ကောင်းကွက်များပြ၍ အမွှမ်းတင်ကြသည်။

    “သွားတွေနာတဲ့အတွက် ကျွန်တော် ကွမ်း စ,စားခဲ့တာပါ။ သိပ်တော့မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော် သွားနာတာကို ပျောက် သွားစေခဲ့ပြီး ကျွန်တော်လည်း ကြိုက်လာပါတယ်” ဟု မျိုးမင်းထိုက်က ဆိုသည်။ သူ၏ နှုတ်ခမ်းတွင်တော့ အနီရောင် ကွမ်းချေးများကို မြင်နေရသည်။
    Part-HKG-Hkg10197693-1-1-0
    “ဒါ မြန်မာတွေရဲ့ ဓလေ့ပါပဲ”

    ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးအစိုးရအတွက် လမ်းဖွင့်ပေးခဲ့ပြီး၊ ထိုပြောင်းလဲမှု၏ ရလဒ်အဖြစ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ပြီးနောက် ရန်ကုန်မြို့မှာလည်း အခြေအနေပြောင်းလဲသွားသည်။

    မြင့်တက်လာသည့် မိုးမျှော်အဆောက်အဦးများပေါ်တွင် ကရိန်းများက တိုးဝှေ့နေရာယူလာကြသည်။ ပြည်သူများကလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က မကိုင်နိုင်သော မိုဘိုင်းဖုန်းမျာကို ဖောဖောသီသီ ကိုင်လာနိုင်ကြသည်။

    သို့ရာတွင် အချို့အရာများကတော့ မပြောင်းလဲ။ ထိုအထဲတွင် လမ်းတိုင်းနီးပါးနှင့် နံရံများတွင် တွေ့ရသည့် ကွမ်းတံတွေးကွက်များလည်း ပါဝင်သည်။

    ကွမ်းတစ်ထုတ် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော မြို့တစ်ဝှမ်းရှိ ကွမ်းယာဆိုင်ငယ်များတွင် ကွမ်းဝါးသူများက တန်းစီနေကြသည်။ လည်ပင်းတွင် ကြိုးဖြင့် သိုင်းထားသည့် ကွမ်းယာဗန်းဖြင့် လူရှုပ်သည့် လမ်းဆုံလမ်းခွများတွင် ကားသမားများအား လိုက်လံရောင်းချနေသူများလည်း ရှိသည်။

    ကွမ်းယာရောင်းသူများအတွက်တော့ နိုင်ငံ့ဓလေ့တစ်ခုကို ဖြည့်တင်းပေးသည့် ထိုအလုပ်က ၎င်းတို့၏ ဘ၀ကို စိုပြေစေသည်။ မျိုးမြင့်ထွန်းတစ်ယောက် နေ့စဉ် မနက် ၃ နာရီထ၍ မြို့တွင်းရှိ ဘူတာရုံတွင် ရထားစီးသူများကို ကွမ်းရောင်းသည်။

    တစ်ရက်လျှင် ပုံမှန်ဖောက်သည် ၂၀ အပြင် အခြားအယောက် ၈၀ ခန့်ကို ရောင်းချရပါက ကန်ဒေါ်လာ ၄၀ (လေးသောင်းကျော်) ၀န်းကျင် ၀င်ငွေရသည်ဟု သူက ခန့်မှန်းထားသည်။ ထိုဝင်ငွေမှာ ၂၀၁၂ ခုနှစ်က တစ်ဦးလျှင် တစ်လ ပျမ်းမျှ ဒေါ်လာ ၁၀၀ အောက်သာ ၀င်ငွေရကြသည့် မြန်မာလိုနိုင်ငံမျိုးတွင် အတော်လေး စိုပြေသည့် ၀င်ငွေမျိုးဖြစ်သည်။

    “မြန်မာနိုင်ငံက လူအများစုဟာ ကွမ်းစားကြပါတယ်။ ဒါက မြန်မာတွေရဲ့ ဓလေ့တစ်ခုပါ။ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာပါ” ဟု မျိုးမြင့်ထွန်းက ပြောသည်။

    သို့သော်လည်း ဆရာဝန်များကတော့ နိုးကြားမှု အတွက်ဆိုသည့် နိုင်ငံလုံးဆိုင်ရာ ထိုအာသီသမှာ စနစ်ကျသော ကျန်းမာရေး စနစ်မျိုး မရှိသည့် မြန်မာနိုင်ငံတွင် ကျန်းမာရေးကို ထိခိုက်စေသည်ဟု သတိပေးခဲ့သည်။

    “မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆေးလိပ်မဟုတ်တဲ့ ဆေးရွက်ကြီးကို သုံးစွဲသူအရေအတွက် အမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ အထူးသဖြင့် အမျိုးသားတွေ ကြားထဲမှာပေါ့”  ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ စပါယ်ရှယ်လစ်တစ်ဦးဖြစ်သူ ဒေါက်တာ ဒီရန်ဒရာ နာရိန်း ဆင်ဟာက AFP သို့ ပြောကြားခဲ့သည်။

    သူ၏ သုတေသနပြုမှုတွင် မြန်မာနိုင်ငံမှ အမျိုးသားအရေအတွက်၏ ထက်ဝက်ကျော်နှင့် အမျိုးသမီးများ၏ ၁၆ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီး သုံးစွဲကြသည်ကို တွေ့ရှိခဲ့ရသည်။

    ဆေးရွက်ကြီးနှင့် ကွမ်းသီး နှစ်ခုစလုံးမှာ ကင်ဆာရောဂါကို ဖြစ်ပွားစေသည့် အရာများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွားသူများ၏ ငါးပုံတစ်ပုံမှာ ခံတွင်းနှင့်သက်ဆိုင်သည့် ကင်ဆာရောဂါ ဖြစ်ပွားကြသူများ ဖြစ်သည်။

    ဆေးရွက်ကြီးမပါဘဲ ကွမ်းစားသူများမှာ မစားသူများထက် စအို၊ ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အခြေအနေ ၂၅၀ ရာခိုင်နှုန်း ပိုများသည်ဟု ဆင်ဟာက ဆိုသည်။ ဆေးရွက်ကြီးနှင့် ကွမ်းစားသူများကတော့ ရောဂါဖြစ်နိုင်ချေ ရာခိုင်နှုန်း ၇၇၀ အထိပင် ရှိလေသည်။

    သို့သော်လည်း ကွမ်းမစားရေး အသိပညာပေးမှုမှာ ပြန့်နှံ့ခြင်းမရှိဟု ဆရာဝန်များက ဆိုသည်။

    “ကွမ်းစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို မြန်မာနိုင်ငံလူတွေက မသိကြပါဘူး” ဟု ပြည်တွင်း အသိပညာပေးရေးအဖွဲ့ဖြစ်သော ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း PHF မှ ဒေါက်တာ သန်းစိန်က သတိပေးခဲ့သည်။

    ကျန်းမာရေးအသုံးစားရိတ် နည်းပါးသည့်နိုင်ငံ

    WHO ၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံမှာ ကျန်မာရေးအတွက် ဘက်ဂျက်အသုံးပြုမှု အနည်းဆုံး နိုင်ငံဖြစ်သည်ဟု သိရပြီး ၂၀၁၃ ခုနှစ်တွင် GDP ၏ ၀.၅ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ကာ တောင် ဆူဒန်နှင့် ဟေတီနိုင်ငံတို့ထက်ပင် ပိုမိုနည်းပါးလေသည်။

    သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံ GDP ၏ ၄.၃ ရာခိုင်နှုန်းကို စစ်အသုံးစားရိတ်အဖြစ် သတ်မှတ်ခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့မှ လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

    ခံတွင်းကင်ဆာဖြစ်ခြင်းမှာ ပုံမှန်အားဖြင့် နှေးကွေးပြီး သေဆုံးမှုကို ရှောင်ရှားနိုင်သည့် ရောဂါမျိုးဖြစ်သည်။

    အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံရှိ စီးကရက်ဘူးများတွင် ကျန်းမာရေးအန္တရာယ်ကို သတိပေးထားသော ကြောက်စရာကောင်းသည့် ဓာတ်ပုံများ ပါဝင်သည်။ သို့သော်လည်း ကွမ်းယာအထုပ်များတွင်တော့ ဘာမှမပါ။

    PHF အနေဖြင့် ထိုကျန်းမာရေး ပညာပေးမှုမျိုးကို ပြန့်နှံ့ရန်အတွက် လက်ကမ်းစာရွက်များနှင့် ပိုစတာများကို ရိုက်ထုတ်ထားသည်။ ထို့ပြင် ကွမ်းယာဆိုင်ငယ်များတွင်လည်း သတိပေးချက်များ ကပ်ထားချင်သည်။ ကျန်းမာရေး ၀န်ကြီးဌာနကမူ ထိုအဆိုပြုချက်ကို လေ့လာနေဆဲဟု ပြောကြားခဲ့သည်။

    သို့သော်လည်း မြန်မာနိုင်ငံတွင် ကွမ်းစားသည့်ဓလေ့ကို တိုက်ထုတ်ရန်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်။ ကွမ်းစားခြင်းမှာ တောင်အာရှနှင့် အရှေ့တောင် အာရှတို့တွင် ရာစုနှစ်များစွာကြာ ရှိခဲ့သည့် အမြစ်တွယ်နေသော ရိုးရာဓလေ့ဖြစ်သည်။

    မည်သို့ပင်ဖြစ်စေ ဒေါက်တာ သန်းစိန်တစ်ယောက် အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှုများကို အားကျနေသည်။

    “ထိုင်းကိုသွားကြည့်ရင် လူတွေ ကွမ်းစားတာမျိုးကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကျေးလက်ဒေသတွေမှာတောင်မှ မစားကြတော့ပါဘူး။ မလေးရှားကြည့်ရင်လည်း ဒီလိုပါပဲ။ ဒါဆို ကျွန်တော်တို့လူမျိုးတွေက ဘာ့ကြောင့် ဒီဓလေ့ကို ဆက်ထိန်းထားတာလဲ” ဟု သူက မေးခွန်းထုတ်ခဲ့သည်။

    တက္ကဆီ စတီယာတိုင်နောက်တွင် ထိုင်နေသည့် မျိုးမင်းထိုက်ကမူ ၎င်းမှာ ကျန်းမာရေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနေသော်လည်း ၁၂ နှစ်တာ ကွမ်းစားလာခဲ့ပြီးနောက် ဖြတ်ဖို့မရှိတော့ဟု ပြောကြားခဲ့သည်။

    “(ကျန်းမာရေးထိခိုက်မှာကို) ကျွန်တော် ကြောက်ပါတယ်။ ဒါပေမယ့် ကွမ်းမရှိရင် မနေနိုင်ဘူးဗျာ”

    Ref: AFP

    လေးမောင် ဘာသာပြန်သည်။

  • ဒီမာရီယာမှာ ပီအက်စ်ဂျီအား တိုးတက်စေမည်ဟု ဇီဒိန်းပြော

    ဒီမာရီယာမှာ ပီအက်စ်ဂျီအား တိုးတက်စေမည်ဟု ဇီဒိန်းပြော

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    dimar

    – မန်ယူကွင်းလယ်လူဟောင်း ဒီမာရီယာမှာ ပြီးပြည့်စုံသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီအသင်းအား နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးနိုင်မည်ဟု ရီယဲလ်အရန်အသင်းနည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ပီအက်စ်ဂျီနည်းပြ လော့ရင့် ဘလန့်စ်က ရီးယဲလ်ကွင်းလယ်လူဟောင်းဖြစ်သူ ဒီမာရီယာအား ခေါ်ယူရန်နိုင်ရန် နီးစပ်နေပြီဟု ယခုတစ်ပတ်အစောပိုင်းက ပြောကြားခဲ့သည်။

    ဇီဒိန်းကမူ ဒီမာရီယာအား ခေါ်ယူခြင်းမှာ ပီအက်စ်ဂျီအသင်း၏ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အကူအညီဖြစ်စေလိမ့်မည်ဟု ယုံကြည်နေသည်။

    “သူဟာ ခင်ဗျားကို နောက်တစ်ဆင့် ခေါ်ဆောင်သွားနိုင်မယ့် ကစားသမားမျိုးပါ။ ဒါကပဲ ချန်ပီယံလိဂ်မှာ ရှေ့ဆက်ဖို့ သူတို့လိုအပ်နေတဲ့ အရာပါပဲ။ အိန်ဂျယ် ဒီမာရီယာဟာ သူ့ရဲ့ စွမ်းအားနဲ့ ကူညီနိုင်သလို၊ သူတင်ကစားတဲ့အခါမှာလည်း ခြားနားမှုတွေကို ပြုလုပ်နိုင်သူပါ။ ပြီးတော့ ထူးခြားမှုတစ်ခုခုလုပ်ဖို့ စွမ်းရည်ရှိတဲ့သူပါ။ ဒါဟာ လာမယ့်နေ့တွေမှာ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဇီဒိန်းက BFM TV သို့ ပြောကြားခဲ့သည်။

    ထို့ပြင် တစ်နိုင်ငံတည်းသားဖြစ်ပြီး ယူအီးအက်ဖ်အေဥက္ကဌအဖြစ် ဆောင်ရွက်နေသော ပလာတီနီကို ဖီဖာဥက္ကဌအဖြစ် ဇီဒိန်းက ထောက်ခံခဲ့သည်။

    “သူ အဆင်ပြေပါလိမ့်မယ်။ ဒါတွေအာလုံးကို တာဝန်ယူဖို့ သူဟာ အသင့်တော်ဆုံး လူတစ်ယောက်ပါပဲ။ ကျွန်တော်သူ့ကို ထောက်ခံသွားမှာပါ။ သူဟာ အလုပ်တွေကောင်းကောင်း လုပ်ခဲ့ပါတယ်။ တကယ်ပါ။ ကျွန်တော်သူ့ကို မဲပေးသွားမှာပါ”

    Ref: Goal

  • လကမ္ဘာသို့ နေ့ချင်းပြန်သွားနိုင်မည့် နည်းပညာသစ်ကို သိပ္ပံပညာရှင်များ အတည်ပြု

    လကမ္ဘာသို့ နေ့ချင်းပြန်သွားနိုင်မည့် နည်းပညာသစ်ကို သိပ္ပံပညာရှင်များ အတည်ပြု

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    lunar

    – လမ္ဘာသို့ နေ့ချင်းပြန် သွားရောက်နိုင်သည့်အထိ စွမ်းဆောင်နိုင်သော တွန်းကန်အားစွမ်းအင်သစ်သုံး အင်ဂျင်စက်တစ်ခု ရှိနေပြီဟု သိပ္ပံပညာရှင်များက အတည်ပြု ပြောကြားလိုက်သည်။

    အဆိုပါ အင်ဂျင်စက်ကို လျှပ်စစ်သံလိုက် တွန်းကန်အား အင်ဂျင် EM Drive ဟု အမည်ပေးထားပြီး ၂၀၀၀ ပြည့်နှစ်က ဗြိတိန်သိပ္ပံပညာရှင် ရော်ဂျာ ရှော်ယာက ဖန်တီးနိုင်ခဲ့ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ခေတ်ပြိုင်သိပ္ပံပညာရှင်များက ထိုဖန်တီးမှုမှာ သိပ္ပံနည်းကျ မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။

    သို့သော်လည်း နောက်ပိုင်းတွင် နာဆာ အဆိုပါဒီဇိုင်းအား ပြန်လည်သုံးသပ်ခဲ့ပြီး ထိုနည်းပညာမှာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။

    ရှော်ယာ၏ မူပိုင်ဖြစ်သော အဆိုပါ တွေ့ရှိချက်ကို ဒရက်စ်ဒန် နည်းပညာတက္ကသိုလ်မှ မာတင် တဂ်ျမာက ယခုသီတင်းပတ်တွင် ဖော်ထုတ်ခဲ့ပြီး အဆိုပါ EM Drive မှာ ဖိုတွန်ဒုံးကျည်များထက် တွန်းကန်အား အလွန်မြင့်မားကာ အင်္ဂါဂြိုဟ်အား ရက်ပေါင်း ၇၀ နှင့် ပလူတိုဂြိုဟ်အား ၁၈ လတာအကြာတွင်ပင် ရောက်ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ လကမ္ဘာသို့သွားပါက ၄ နာရီသာ
    ကြာမြင့်မည်ဖြစ်သည်။

    ထို့ပြင် နေမှ အလင်းနှစ် ၄.၃၇ နှစ် အကွာအဝေးတွင်ရှိပြီး ကမ္ဘာနှင့်အနီးဆုံး ကြယ်စင်စုကြီးဖြစ်သော Alpha Cetauri သို့ လက်ရှိယာဉ်များဖြင့် သွားရောက်ပါက နှစ်ပေါင်းထောင်ချီ ကြာမြင့်နိုင်သော်လည်း EM Drive ကို အသုံးပြုပါက နှစ် ၁၀၀ အတွင်း သွားရောက်နိုင်မည်ဖြစ်သည်။

    EM Drive မှာ နေစွမ်းအင်ကို ထိန်းချုပ်အသုံးချခြင်းဖြင့် အလုံပိတ်ထားသည့် အုံအတွင်း မိုက်ခရိုဝေ့ဗ်လှိုင်းများကို ထုတ်ပေးစေခြင်း ဖြစ်သည်။ သီအိုရီအရ ဘရိတ်မရှိပါက အဆိုပါ အင်ဂျင်မှာ လောင်စာဆီမလိုဘဲ ထာဝရ မရပ်မတန့် သွားနိုင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ စမ်းသပ်မှုလုပ်ငန်းဟာ EM Drive ရဲ့ လုပ်ဆောင်မှုကို အတည်ပြုလို့မရသေးသလို၊ ငြင်းပယ်လို့လည်း မရပါဘူး။ ဒါပေမယ့် အခုလက်ရှိမှာ အသုံးပြုခဲ့တဲ့ တိုင်းတာမှုနည်းလမ်းတွေ အတွင်းမှာ ဖြစ်နိုင်ဖွယ်ရာ ဘေးထွက်ဆိုးကျိုးတွေကို လွတ်လွတ်လပ်လပ် ချင့်ချိန်ဖို့ ရည်ရွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်ဖြစ်စဉ်တွေကို ထပ်မံလေ့လာဖို့ လုံလောက်စေတဲ့ ဖြစ်နိုင်ဖွယ်
    အမှားအယွင်းတွေကို ဖယ်ထုတ်ပြီးတဲ့နောက်မှာ ခန့်မှန်းထားတာနဲ့ နီးစပ်တဲ့ တွန်းကန်အားကိုတော့ ရှာတွေ့ခဲ့ပါတယ်” ဟု တဂ်ျမာက ပြောကြားခဲ့သည်။

    ထို့ပြင် အပူနှင့် လျှင်စစ်သံလိုက်အမှုန်တို့၏ နှောက်ယှက်မှုများကို အသေအချာ လေ့လာပြီးနောက် ယခင်မျှော်မှန်းထားသည့် တွန်းကန်အားမျိုး ရရှိနိုင်သည်ဟု မိမိတို့၏ ဆန်းစစ်မှုများအရ သိရကြောင်း၊ ထိုကဲ့သို့ ရရှိလာပါက အာကာသခရီးသွားမှုကို တော်လှန်ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    တဂ်ျမာမှာ ၎င်း၏တွေ့ရှိမှုကို ယခုတစ်ပတ်တွင် ကျင်းပပြုလုပ်မည့် 2015 American Institute for Aeronautics and Astronautics’ Propulsion and Energy Forum and Exposition ဖိုရမ်၌ တင်သွင်းသွားမည်ဖြစ်သည်။

    ကနီဦးတီထွင်ခဲ့သူ ရှော်ယာမှာလည်း အင်ဂျင်စက်၏ စွမ်းဆောင်ရည်များကို လာမည့်လအနည်းငယ်၌ ဖော်ပြသွားမည်ဟု ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များကမူ အဆိုပါအင်ဂျင်စက်မှာ မည်ကဲ့သို့အလုပ်သည်ဆိုခြင်းနှင့်ပတ်သက်၍ ၀ိရောဓိ ဖြစ်နေကြသည်။

    Ref: RT