News @ M-Media

Blog

  • နာပိုလီအသင်း၏ သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ဟီဂူအင်ပယ်ချ

    နာပိုလီအသင်း၏ သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ဟီဂူအင်ပယ်ချ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    huiguin

    – နာပိုလီအသင်း၏ အားထားရသည့် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်မှာ အသင်းမှ ကမ်းလှမ်းသည့် စာချုပ်သက်တမ်းသစ်ကို ပယ်ချခဲ့သည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ်တွင် နာပိုလီအသင်းသို့ ရီးယဲလ်မှ ပြောင်းရွှေ့ခဲ့သည့် ဟီဂူအင်မှာ အသင်းနှင့် ၃ နှစ်သက်တမ်း ကျန်ရှိနေသေးပြီး ယခု နွေရာသီအပြောင်းအရွှေ့တွင် အခြားအသင်းများမှ ချိတ်ဆက်မှုများလည်း ရှိနေသည်။

    ၎င်း၏ အကိုဖြစ်ပြီး အေးဂျင့်လည်းဖြစ်သူ နီကိုလက်စ်ဟီဂူအင်ကမူ မိမိတို့မှာ နာပိုလီအသင်း၏ တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ပယ်ချခဲ့သည်ဟု အတည်ပြုခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် နာပိုလီမှ ထွက်ခွာရန် အစီအစဉ်မရှိသေးဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ဥက္ကဌ (အော်ရယ်လီယို ဒီ လော်ရန်တစ်) နဲ့ လွန်ခဲ့တဲ့ ၁၀ ရက်က ဗီနစ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ အရာအားလုံးနဲ့ပတ်သက်ပြီး ပြောခဲ့ကြပါတယ်။ သူက တစ်နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သဘောထားကတော့ ၂၀၁၈ ခုနှစ်မှာ ကုန်မယ့် လက်ရှိ စာချုပ်ကိုအတိုင်းပဲ ဆက်သွာမှာပါ” ဟု Radia Crc သို့ နီကိုလက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါစာချုပ်က မိမိတို့ ယခင်စာချုပ်ချုပ်ဆိုခဲ့သည်နှင့် ကွာခြားမှုမရှိကြောင်း၊ ထို့ကြောင့် မိမိတို့တို့အတွက် ကမ်းလှမ်းမှု အစစ်အမှန် မဟုတ်ကြောင်း၊ မိမိတို့မှာ တည်ငြိမ်ပြီး လက်ရှိအခြေအနေအတိုင်း ဆက်သွားရန်သာ ပျော်ရွှင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဟီဂူအင်မှာ ယခုနှစ်နွေရာသီတွင် အရေးပါသည့် လွဲချော်မှုနှစ်ခုဖြင့် စိတ်ပျက်စရာဖြစ်ခဲ့ပြီး တစ်ခုမှာ ကိုပါအမေရိက ဗိုလ်လုပွဲ အာဂျင်တီးနားအတွက် ပင်နယ်တီကန်သွင်းရာတွင် လွဲချော်မှုဖြစ်သည်။ သို့သော်လည်း နီကိုလက်စ်ကမူ ဟီဂူအင်မှာ လာမည့်ရာသီတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်ထွက်ပေါ်လာ

    ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်ထွက်ပေါ်လာ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    sirra

    – အီဘိုလာကူးစက်မှုသတင်းများကို လပေါင်းများစွာ ကြားခဲ့ရခြင်းမရှိသည့် ဆီရာလီယိုနီနိုင်ငံ တွန်ကိုလီလီခရိုင်တွင် ပြီးခဲ့သည့်တစ်ပတ်က အီဘိုလာဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ရောဂါပိုးကူးစက်နေသူ ၂ ဦးကို ထပ်မံတွေ့ရှိခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ရောဂါပိုးကူးစက်နေသူများမှာ ဇူလိုင်လအလယ်ပိုင်းက ရောဂါကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့သည့် ထိုအမျိုးသား၏ ဆွေမျိုးများဖြစ်သည်ဟု အီဘိုလာ တုန့်ပြန်ရေးစင်တာက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

    “ဗိုင်းရပ်စ်က ဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့ အခု သိပါပြီ။ ပြီးတော့ ကျန်ရှိနေတဲ့ ဒီကူးစက်မှုတွေကို ၀န်းရံခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ရှင်းလင်းခြင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခြင်းအားဖြင့် ဒီပြန့်နှံ့မှုကို ခြေရာခံနေပါတယ်” ဟု စင်တာ၏ ပြောရေးဆိုခွင့်ရှိသူ အိုဘီ စီဆေးက ပောကြားခဲ့သည်။

    အာဏာပိုင်များကမူ ကူးစက်မှုကို ထိန်းချုပ်ရန် အလျင်အမြန် လုပ်ဆောင်နေကြသော်လည်း အဆိုပါကူးစက်မှုမှာ စိတ်ပူစရာဖြစ်သည်ဟု စီဆေးက ဆိုသည်။

    အမည်မဖေါ်လိုသူ အမျိုးသားတစ်ဦး ပြီးခဲ့သည့် သီတင်းပတ်က သေဆုံးခဲ့ပြီးနောက် အာဏာပိုင်များမှာ လူ ၅၀၀ ခန့်ကို သီးသန့်ခွဲထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ သေဆုံးသွားသူမှာ အီဘိုလာကို မြို့တော် ဖရီးတောင်းတွင် ကူးစက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက် ၎င်းနေထိုင်ရာ ဇာတိသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

    ဒေသတွင်းဆေရုံး၌ ၎င်းအား အဖျားရှိနေသည်ကို စမ်းသပ်တွေ့ရှိခဲ့ရသော်လည်း အီဘိုလာ အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိပေ။ ထို့ပြင် မိသားစုဝင်များကလည်း ထိုအမျိုးသား၏ အလောင်းကို ရောဂါပိုး ပြန့်နှံခြင်းမရှိစေရန် ပြုလုပ်ရသည့် ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းမရှိဘဲ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြသည်။

    ဆီရာလီယိုနီနိုင်ငံတွင် အီဘိုလာကူးစက်မှု လုံးဝမရှိတော့သည်မှာ ၅ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • အင်ဒီးယားနားပြည်နယ်ရှိ အီဗန့်စ်ဗီလီတွင် မွတ်စလင်လူငယ်များ ပရဟိတအလှူပွဲတစ်ခု ပြုလုပ်

    အင်ဒီးယားနားပြည်နယ်ရှိ အီဗန့်စ်ဗီလီတွင် မွတ်စလင်လူငယ်များ ပရဟိတအလှူပွဲတစ်ခု ပြုလုပ်

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်၏ သွန်သင်မှုများကို အိမ်နီးချင်းများအား မိတ်ဆက်ခြင်းအဖြစ် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းပြည်နယ်ဖြစ်သော အင်ဒီးယားနားပြည်နယ် အီဗန့်စ်ဗီလီမြို့တွင် မွတ်စလင်ကျောင်းသားလူငယ်များက ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ပရဟိတ အလှူပွဲတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ဒါက ကျွန်မတို့အရွယ် လူငယ်တွေ ကျွန်မတို့ကို သူငယ်ချင်းလို့ မြင်လာစေဖို့ အကူအညီ ဖြစ်စေပါတယ်။ ကျွန်မတို့ကို မွတ်စလင်တွေဆိုပြီး ခွဲခြား မမြင်စေချင်ပါဘူး။ သာမန်လူလို့ မြင်ဖို့ပါပဲ” ဟု မကြာသေးမီက ဘွဲ့ရထားသည့် အသက် ၁၇ နှစ်အရွယ် ဇူဟာ အဒီလ်းက Courier Press သို့ သြဂုတ် ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဒီးလ်နှင့် ၎င်း၏ မွတ်စလင်သူငယ်ချင်း နှစ်ဆယ်ကျော်တို့မှာ အီဗန့်စ်ဗီလီ အစ္စလာမ့်စင်တာမှ ပထမဆုံးဆောင်ရွက်သော အဆိုပါ ပရဟိတပွဲကို Warrick County ခရစ်ယာန်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဘာသာအယူဝါဒ ၂ ခုမှ နောက်လိုက်များကို စုစည်းစေခဲ့သည်။

    “မွတ်စလင်ကလေးတွေဟာ တစ်ချိန်တည်းမှာ မွတ်စလင်တစ်ယောက်နဲ့ အမေရိကန်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာကို လူတွေကိုမြင်စေဖို့ ဒီပွဲက ကျွန်မတို့ကို ကူညီပါလိမ့်မယ်။ ပြီးတော့ ကျွန်မတို့အတွက်၊ အခြားသူတွေရဲ့အကျိုးအတွက် အသိုင်းအ၀ိုင်းနှစ်ခုကိုလည်း စုစည်းစေပါလိမ့်မယ်” ဟု အဒီးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဒီးလ်၏ ၁၇ နှစ်အရွယ် သူငယ်ချင်းဖြစ်သူ ဟဒီးလ် ယူဆက်ဖ်ကလည်း မိမိတို့၏ အတန်းဖော်များမှာ မိမိတို့ အယူဝါဒနှင့် ကျင့်သုံးမှုများအကြောင်းကို မသိကြဟု ဆိုသည်။

    “ကျွန်မတို့ကျောင်းက မတူကွဲပြားမှုကို ပိုပြီး လက်ခံပါတယ်။ ဒါပေမယ့် မေးခွန်းတွေတော့ အများကြီး ရှိနေတုန်းပါပဲ။ ဒါကိုသိဖို့လိုတယ်လို့ လူတွေက မခံစားမိကြပါဘူး။ ကျွန်မ နားလည်ပါတယ်။ ဒါက သူတို့ရဲ့ ဘာသာတရားလို နေ့စဉ်ဘ၀မှာ သက်ရောက်မှုမှ မရှိတာ။ ဘာ့ကြောင့် ကျွန်မတို့ ပုဝါဆောင်းရသလဲ၊ နိုင်ငံရပ်ခြားမှာ ဆိုးရွားတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့သူတွေကို ဘာ့ကြောင့် မွတ်စလင်မဟုတ်ဘူးလို့ ပြောရသလဲဆိုတဲ့ ကိစ္စတွေကို သူတို့ နားမလည်ပါဘူး။ ကျွန်မတို့သာသနာကို သူတို့ နားမလည်တာကြောင့်
    ဒါတွေကိုလည်း နားလည်မှာ မဟုတ်ပါဘူး” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    မွတ်စလင်လူငယ်များ၏ အဆိုပါပွဲက မွတ်စလင်ခေါင်းဆောင်များ၏ ချီးကျူးမှုကို ရရှိခဲ့ပြီး ဘုရားကျောင်း အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မွတ်စလင်သူငယ်ချင်းများနှင့် မွတ်စလင်လူ့အဖွဲ့အစည်းကို သိရှိထိတွေ့ခွင့် ရရှိစေသည့် အခွင့်အရေးအဖြစ် ရှုမြင်ကြသည်။

    “သူတို့ အမြဲတမ်း မျှဝေပြောပြဖို့မလိုတဲ့၊ သူတို့ရဲ့ အသိအကျွမ်းတွေကို ဖော်ပြဖို့မလိုတဲ့ အမှတ်သညာနဲ့ပတ်သက်ပြီး ဒါက သူတို့အတွက် အလွန်ပဲ သက်တောင့်သက်သာ ဖြစ်စေမှာပါ” ဟု အီမာမ် အိုမာရ် အာတီယာက ပြောကြားခဲ့သည်။

    အီန်ဗန့်စ်ဗီလီအစ္စလာမ့်လူ့အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ အာတီယာမှာ IS ၏ အွန်လိုင်း လူသစ်စုဆောင်းရေး ၀ါဒဖြန့်မှုကို တန်ပြန်တုန့်ပြန်သည့် ဗီဒီယိုများကို ထုတ်လုပ်ဖြန့်ချီသော Reclamation Studios ကို ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။

    Ref: Onislam

  • မွတ်စလင်မ် ရေဘေးကူ အဖွဲမှ မိုးညိုသို့ ဆန် အိတ် ၄၀၀ ကျော်နဲ့ အခြားပစ္စည်းများလှူဖို့ စတင်ထွက်ခွါ

    မွတ်စလင်မ် ရေဘေးကူ အဖွဲမှ မိုးညိုသို့ ဆန် အိတ် ၄၀၀ ကျော်နဲ့ အခြားပစ္စည်းများလှူဖို့ စတင်ထွက်ခွါ

    သြဂုတ် ၃ ၊ ၂၀၁၅
    M-Media
    သီဟ
    11800335_828872190565483_552451261229986090_n
    ရေဘေးသင့်ပြည်သူများကို ကူညီဖို့  ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ရေဘေးသင့်ပြည်သူများပံ့ပိုး ကူညီရေး ကော်မတီ မှ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ကူညီဖို့အတွက် ယနေ့ ည ဘက်တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရွာဟောင်းဗလီမှ စတင်ထွက်ခွါမှာဖြစ်ကြောင်းသိရပါတယ်။

    မိုးညို မြို့ နယ်တွင်ရေဘေးသင့်ပြည်သူဦးရေ(၄၉၁၇)ဦးရှိပြီး၊ ကျား(၂၃၄၂)ဦးနှင့် မ(၂၅၇၅)ဦးခန့်ရှိကြောင်း MMAID ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

    မိုးညိုမြို့ကို သွားရောက်လှူဒါန်းမည့်ပစ္စည်းများမှာ-
    ၁။ ဆန်အိတ် ကီလို ( ၅၀ ) အိတ် ၄၀၀ အိတ်
    ၂။ မာမီးခေါက်ဆွဲ ခြောက် ( ၁ ဖာ လျှင် ၃၀ ထုပ်ပါ ) ၅၀၀၀ ဖါ
    ၃။ ဓါတ်ဆား ထုပ်( ၁ ဖာ ၅၀ ထုပ် ပါ ) ၅၀၀၀ ဖါ
    ၄။ ရေသန့် ဗူးကြီး ၆၇၉၂ ဗူး
    ၅။ ဆီ ၁ လီတာ ပုလင်း ( ၃၅၀၀ )ပုလင်း
    ၆။ ၀မ်းပိတ် ဆေး အလုံး ( ၁၀၀၀ ) လုံး
    ၇။ ဓါတ် မီး အလတ် ( ၁၀၈၀ ) လုံး
    ၈၊ အ၀တ် အစား ထုတ် ၁ ထုပ် နှင့်
    ၉၊ ပေါင် မုန့် များ ပါဝင်ကြောင်း အဆိုပါကော်မတီရဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားပါတယ်။

    ဓါတ်ပုံအညွှန်း- ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မယ့်ကားပေါ်ကို ပစ္စည်းတွေ တင်ဖို့ လုပ်အားပေးနေကြပုံ၊
    ရေဘေးသင့်မိုးညိုမြို့မှ ကျေးရွာအချို့
    Photo- Myo Zaw&Kumudra

    10984124_828871527232216_3993605092229527405_n 11144994_828872137232155_7409437545718615021_n 11220828_854196894648972_3756386601931515409_n 11709662_828870870565615_8998237070340804248_n 11781751_828872087232160_978589129399841026_n 11822685_854196854648976_2887627686177617184_n 11825186_828868957232473_4101100822985293197_n

  • မော်ရင်ဟိုအပေါ် ၀င်းဂါးရဲ့ ပထမဆုံးအနိုင်နဲ့အတူ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်

    မော်ရင်ဟိုအပေါ် ၀င်းဂါးရဲ့ ပထမဆုံးအနိုင်နဲ့အတူ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်

    သြဂုတ် ၃၊ ၂၀၁၅
    M-Media

    arsen

    – ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ FA ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းတို့ မနေ့က ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်က အနိုင်ရခဲ့ကာ ရာသီသစ်ကို အောင်ပွဲနဲ့ စဖွင့်ခဲ့ပါတယ်။

    ပထမပိုင်းမှာ ချိန်ဘာလိန်သွင်းယူပေးခဲ့တဲ့ဂိုးဟာ အဆုံးအဖြတ်ဖြစ်စေခဲ့ပြီး ချယ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ခံစစ်က အမှားအယွင်း မရှိခဲ့တာမို့ အလုပ်မဖြစ်ခဲ့ပါဘူး။

    ချယ်ဆီးကပြောင်းသွားတဲ့ ဂိုးသမားပီတာချက် ဒီနေ့ပွဲမှာ အာဆင်နယ်အတွက် လက်စွမ်းပြနိုင်ခဲ့ပြီး မော်ရင်ဟိုကလည်း တိုက်စစ်မှူး ဖယ်လ်ကာအိုကို ဒုတိယပိုင်းမှာ ထုတ်သုံးခဲ့ပါတယ်။

    ဒါဟာ အာဆင်ဝင်းဂါးအနေနဲ့ မော်ရင်ဟိုနဲ့ ၁၄ ကြိမ်တွေ့ဆုံခဲ့မှုအတွင်း ပထမဆုံးအကြိမ် အနိုင်ရရှိတာလည်း ဖြစ်ပါတယ်။

    ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်ခြင်းမရှိတဲ့ ၀င်းဂါးကို မော်ရင်ဟိုက ပေါက်ကွဲခဲ့ပြီး အာဆင်နယ်ဟာ သူတို့ရဲ့ ကစားပုံဗျူဟာကို စွန်လွှတ်လိုက်ပြီလို့ ဒီပွဲမှာ ခံစစ်ကစားသွားပုံကို ရည်ညွှန်းပြီး မော်ရင်ဟိုက ပြောခဲ့ပါတယ်။ ပြီးတော့ သူရခဲ့တဲ့ ဆုတံဆိပ်ကိုလည်း ပရိတ်သတ်ဖက်ကို လွှတ်ပစ်ခဲ့ပါတယ်။

    “ကျွန်တော့်အမြင်ကတော့ သူတို့ ခံစစ် ကောင်းကောင်းကစားခဲ့တယ်။ သူတို့ရဲ့ အယူအဆကို အ၀တ်လဲခန်းထဲမှာ ထားခဲ့တယ်။ အပြုအမူကို ပြောင်းလဲခဲ့ပြီး ဒုတိယပိုင်းမှာ ပင်နယ်တီစည်းအပြင်မှာ ၉ ယောက်လောက်ပိတ်ပြီး ကစားခဲ့ပါတယ်။ ဂိုးသွင်းခွင့်မပေးဘူး။ တစ်ဂိုးပဲသွင်းတယ်။ ဒီရှုထောင့်အရဆိုရင် သူတို့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ ဒါဟာ ဘောလုံးပါ။ ဒါဟာ နည်းစနစ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ အစုအဖွဲ့ပါ။ သူတို့ကို ချီးကျူးပါတယ်”

    အာဆင်ဝင်းဂါးကတော့ မော်ရင်ဟိုရဲ့ ဒီစကားကို ပြန်လည်တုံ့ပြန်ခဲ့ပြီး မိမိတို့အသင်းက ဘာကိုမှ မစွန့်လွှတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့ ဘာမှ မစွန့်လွှတ်ပါဘူး။ ကျွန်တော်တို့ ခံစစ်ကစားပုံကောင်းတယ်။ အတူတကွဖြစ်မှု၊ ညီညွတ်မှု၊ ခံစစ်နဲ့ တိုက်စစ်တို့ကို အခြေခံပြီး ကျွန်တော်တို့ ကစားတာပါ။ ကျွန်တော်တို့ ကစားသမားတွေရဲ့ အတွေးထဲမှာ စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်း အနည်းငယ်ရှိတာကြောင့် ခံစစ်ကစားခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ တိုက်စစ်ကစားဖို့ထက် ကျွန်တော်တို့ရဲ့ ချယ်ဆီးအပေါ်ဦးဆောင်မှုကို ကာကွယ်ဖို့ သူတို့ ပိုပြီးဂရုစိုက်ခဲ့တာပါ။ ဒါကို လက်ခံရမှာဖြစ်ပြီး၊ ဒါဟာ ကျွန်တော်တို့အယူအဆကို စွန့်လွှတ်လိုက်တာလို့တော့ ကျွန်တော်မထင်ပါဘူး။ ဒီလိုပွဲမျိုးကို နိုင်ချင်တယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အချက်ပါပဲ။ အဲဒီအတွက် ကျွန်တော် တော်တော် ဂုဏ်ယူပါတယ်”

    Ref: Dailymail, Goal