News @ M-Media

Blog

  • စတာလင် မန်စီးတီးပြောင်းရွှေ့မှုကို တယ်ရီထောက်ခံ

    စတာလင် မန်စီးတီးပြောင်းရွှေ့မှုကို တယ်ရီထောက်ခံ

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    man

    – ရဟီးမ်စတာလင်အား ခေါ်ယူနိုင်ခဲ့ခြင်းမှာ မန်စီးတီးအသင်း၏ ပြောင်မြောက်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး သုံးစွဲခဲ့ရသည့် ငွေကြေးကို မေ့ထားရမည်ဟု ချယ်ဆီးဝါရင့်နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။

    လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြခဲ့သော စတာလင်မှာ အသင်းနှင့် သက်တမ်းတိုးရန် အဆင်မပြေဖြစ်ပြီးနောက် မန်စီးတီးက ပေါင် ၄၉ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထိုပြောင်းရွှေ့ကြေးအတွက် ဘောလုံးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများ ရှိခဲ့သော်လည်း တယ်ရီကမူ ထိုက်တန်သည့် တန်ဖိုးဖြစ်သည်ဟု ဆိုသည်။

    “စတာလင်ဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်က သူနဲ့ ကျွန်တော် ဆုံဖူးပါတယ်။ သူက တော်တော်လေး ဒုက္ခပေးတဲ့သူပါ။ သူတို့ (မန်စီးတီး)အတွက်တော့ သူဟာ ထင်ရှားတဲ့ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပါ။ ပိုက်ဆံကတော့ သိပ်များတာပေါ့။ ဒါပေမယ့် တစ်ခြား အင်္ဂလိပ်ကစားသမားတစ်ယောက်ကို ဘယ်လိုရှာပြီး ၀ယ်နိုင်မလဲ။ ကျွန်တော့်အတွက်တော့ သူဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ” ဟု တယ်ရီက မီဒီယာသို့ ပြောကြားခဲ့သည်။

    စတာလင် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ချန်ပီယံလိဂ်တွင် ပါဝင်ကစားလိုခြင်းက အကြောင်းအရင်းတစ်ရပ် ဖြစ်နေပြီး တယ်ရီကလည်း လီဗာပူးလ်မှာ ထိုအဆင့်ကို မရောက်ခဲ့သောကြောင့် စတာလင်၏ဆန္ဒမှာ မမှားယွင်းဟုဆိုသည်။

    “သူဘယ်ကလာပြီး သူ့ဆန္ဒဘယ်လိုရှိလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ထိပ်တန်း အင်္ဂလိပ်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်ထင်လို့ပါပဲ။ ပိုက်ဆံအကြောင်း မေ့လိုက်စမ်းပါ”

    Ref: Goal

  • မိမိ၏ရွေးချယ်မှုအတွက် ရော်နယ်ဒိုစိတ်ဆိုးလည်း ဂရုမစိုက်ဟု အင်နီတက်ဇ်ပြော

    မိမိ၏ရွေးချယ်မှုအတွက် ရော်နယ်ဒိုစိတ်ဆိုးလည်း ဂရုမစိုက်ဟု အင်နီတက်ဇ်ပြော

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    real

    – မိမိနှင့် ရော်နယ်ဒိုတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း အသင်းအားကောင်းမွန်အောင် ဆောင်ရွက်မှုအတွင်း ရော်နယ်ဒို၏ စိတ်ဆိုးမှုကိုလည်း ဂရုမစိုက်ဟု ရီးယဲလ်နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

    မန်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ခြေစမ်းပွဲတွင် ရော်နယ်ဒိုမှာ အညှာအတာမဲ့သည့် စွမ်းဆောင်ရည်မျိုး ပြသခဲ့သော်လည်း လေ့ကျင့်ခန်းအစီအစဉ်တွင် ၎င်းမှာ နည်းပြဘင်နီတက်ဇ်နှင့် မကျမလည်ဖြစ်ခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။

    သို့သော်လည်း ဘင်နီတက်ဇ်ကမူ သတင်းများတွင် ဖော်ပြသကဲ့သို့ ပြဿနာမျိုးမရှိဟု ဆိုသည်။

    “သူနဲ့ ဆက်ဆံရေးက ကောင်းပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ တစ်ယောက်ယောက်က စိတ်ဆိုးရင် စိတ်ဆိုးပါစေ။ သူ့အလုပ်သူလုပ်မယ်ဆိုရင် ပြဿနာမဟုတ်ပါဘူး။ အေးဆေးပါပဲ” ဟု ဘင်နီတက်ဇ်က တရုတ်နိုင်ငံတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ကြံ့ခိုင်မှုပြည့်ဝနေသော ဂျိမ်းစ်ရော်ဒရီဂက်ဇ်နှင့် အစ္စကိုတို့ ရှိနေခြင်းက ရာသီသစ် အသင်း၌ လူရွေးချယ်ရာတွင် ခက်ခဲမည်ဟု ၎င်းက ၀န်ခံခဲ့ပြီး ထိုကဲ့သို့ အကြပ်ရိုက်ခြင်းကိုလည်း ကြိုဆိုသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နည်းပြတစ်ယောက်အနေနဲ့ ဒီလိုအရည်အချင်းရှိတဲ့ ကစားသမားတွေရှိတာကို ၀မ်းသာမိပါတယ်။ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် သူတို့ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိဖို့ လိုပါတယ်။ အဲဒီနောက်မှာ ကျွန်တော်က ဆုံးဖြတ်ချက်ချမှာပါ။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်ရဲ့အလုပ်ကို
    ပိုပြီးခက်ခဲစေမှာပါ”

    Ref: Goal

  • ဗြိတိန်ဝန်ကြီးချုပ် အရှေ့တောင်အာရှခရီးစဉ် စတင်

    ဗြိတိန်ဝန်ကြီးချုပ် အရှေ့တောင်အာရှခရီးစဉ် စတင်

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    uk

    – ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ ၎င်း၏ အရှေ့တောင်အာရှ အလည်အပတ်ခရီးကို ယနေ့တွင် စတင်လိုက်ပြီး IS အဖွဲ့အား တွန်းလှန်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသအတွင်း ထောင်တက်လာသော စီးပွားရေးနှင့်အတူ ကုန်သွယ်မှု ခိုင်မာရန်အတွက် လာရောက်ခြင်းလည်း ဖြစ်သည်။

    လေးရက်တာကြာမြင့်မည့် အဆိုပါခရီးစဉ်တွင် ကင်မရွန်းမှာ အင်ဒိုနီးရှား နိုင်ငံသို့ ပထမဆုံး ၀င်ရောက်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ကုန်သွယ်ရေးဝန်ကြီးနှင့် ဗြိတိန်စီးပွားရေးခေါင်းဆောင် ၃၀ ခန့် လိုက်ပါလာမည်ဖြစ်သည်။ ထို့နောက် စင်ကာပူ။ ဗီယက်နမ်နှင့် မလေးရှားသို့ သွားရောက်မည်ဖြစ်သည်။

    အဆိုပါ ခရီးစဉ်အတွင်း အင်ဒိုသမ္မတ ဂျိုကို ၀ီဒိုဒို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဘုံရန်သူ IS အစွန်းရောက်များအကြောင်း ဆွေးနွေးမည်ဖြစ်သည်။

    အရှေ့တောင်အာရှသို့ ကင်မရွန်း၏ ခရီးစဉ်မှာ မေလက ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ဥရောပအပြင်ဘက်သို့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး မထွက်ခွာမီ ပြောကြားသောမှတ်ချက်၌ ကင်မရွန်းက ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးဆုံးခြိမ်းခြောက်မှုမှ တစ်ခုအကြောင်းကို အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှဒေသမှာ ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးမှု အကြီးမားဆုံးဒေသများမှ တစ်ခုဖြစ်ပြီး ဗြိတိန်မှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ ပိုမို ပူးပေါင်းဆောင်ရွက်ရန် ကိစ္စကိုလည်း ကင်မရွန်းနှင့် အဖွဲ့က ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref: Channelnewsasia

  • Ballon d’Or နောက်ဆုံး ၃ ဦးတွင် ပါဝင်ခွင့်ရလျှင်ပင် ဂုဏ်ယူမည်ဟု နေးမာပြော

    Ballon d’Or နောက်ဆုံး ၃ ဦးတွင် ပါဝင်ခွင့်ရလျှင်ပင် ဂုဏ်ယူမည်ဟု နေးမာပြော

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    baca

    – ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ နောက်ဆုံး ၃ ဦး စာရင်းတွင် ပါဝင်လျှင်ပင် မိမိအနေဖြင့် ပျော်ရွှင်မိမည်ဖြစ်ပြီး မက်ဆီနှင့် ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်ခွင့်ရလျှင်လည်း ဂုဏ်ယူမည်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    ဘာစီလိုနာအသင်း၏ ဖလားသုံးလုံးအောင်ပွဲတွင် အဓိကနေရာမှာ ပါဝင်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်း၏ အားထားရသည့် တိုက်စစ်မှူးဖြစ်သူ နေးမာမှာ ၂၀၁၆ ခုနှစ်တွင် ပေးအပ်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် အဓိကစိန်ခေါ်သူ ဖြစ်လာခဲ့သည်။

    သို့သော်လည်း နေးမာကမူ ၎င်းမှာ ၂၀၀၇ ခုနှစ်တွင် ကာကာပြီးနောက် မက်ဆီနှင့် ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးနိုင်မည့် အခွင့်အရေးကို ပယ်ချခဲ့သည်။

    “နောက်ဆုံးဇကာတင် ၃ ဦးစာရင်းမှာ ပါဝင်ခွင့်ရရင်ပဲ ကျွန်တော့်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှု ဖြစ်မှာပါ။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဘေးမှာ ကျွန်တော်ရှိဖို့ဆိုတာ အိပ်မက်ဖြစ်ပြီး၊ ကြီးမားတဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်” ဟု နေးမာက TV Globo သို့ ပြောကြားခဲ့သည်။

    နေးမာမှာ ဘာစီလိုနာတွင် မက်ဆီနှင့် တွဲကစားနေသော်လည်း ၂၀၁၃ ခုနှစ်က ဘာစီလိုနာသို့ စရောက်ပြီးနောက်ပိုင်း အသင်း၌ နေသားတကျဖြစ်ရန် အကူညီပေးခဲ့သည့် မက်ဆီအား ကျေးဇူးတင်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ယှဉ်ပြိုင်ရမယ်၊ မက်ဆီက ကျွန်တော့်ကို ဘောလုံးပေးမှာမဟုတ်ဘူးလို့ သူတို့က ပြောကြပါတယ်။ ဒါပေမယ့် သူ (မက်ဆီ) က ကျွန်တော့်ကို မယုံနိုင်စရာနည်းလမ်းနဲ့ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားဘ၀မှာ သူဟာ ပိုပြီး အကူအညီပေးခဲ့သူတစ်ယောက် မဟုတ်လားဗျာ။ ကျွန်တော့်အတွက်တော့ လီယိုဟာ သူငယ်ချင်းလည်းဖြစ်သလို၊ အတုယူစရာ သူရဲကောင်းလည်း ဖြစ်ပါတယ်” ဟု နေးမာက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • အစွန်းရောက်တိုက်ဖျက်ရေး အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန်တိုက်တွန်း

    အစွန်းရောက်တိုက်ဖျက်ရေး အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန်တိုက်တွန်း

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    – ဒေသအတွင်း စစ်သွေးကြွဝါဒကို တိုက်ဖျက်ရေးအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ပေါင်းစည်းကြရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် တိုက်တွန်း ဆော်သြလိုက်သည်။

    အင်အားကြီး ၆ နိုင်ငံနှင့် နျူကလီးယား သဘောတူညီချက် ရပြီးနောက်ပိုင်း ပထမဆုံး ဒေသတွင်း ခရီးစဉ်အဖြစ် ကူဝိတ်နိုင်ငံသို့ ရောက်ရှိနေသော ဂျာဗဒ်ဇာရစ်ဖ်က အီရန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို အားလုံးအတွက် ခြိမ်းခြောက်မှုပါပဲ။ ဒေသတွင်းပြဿနာတွေကို အခြားနိုင်ငံတွေရဲ့ အကူအညီမပါဘဲနဲ့ ဘယ်နိုင်ငံကမှ မဖြေရှင်းနိုင်ပါဘူး” ဟု ဇာရစ်ဖ်က ဆိုသည်။

    ဇာရစ်ဖ်မှာ စောစောပိုင်းတွင် ကူဝိတ်ခေါင်းဆောင် အမီရ် ရှိခ်ဆာဘာဟ် အလ်-အဟ်မဒ် အလ်- ဆာဘာဟ်၊ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည်။

    ပင်လယ်ကွေ့နိုင်ငံများကမူ ဇူလိုင် ၁၄ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့သည့် နျူသဘောတူစာချုပ်က အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှုကို လျော့ကျစေပြီး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် သဘောထားခြင်းမတူကြသည့် အရှေ့အလယ်ပိုင်းမဟာမိတ်များအတွက် အီရန်၏ ထောက်ခံအားပေးမှုကို ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။

    “အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂဏ၀ါဒတွေရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ ဒေသတွင်းက ပြည်သူတွေရဲ့နောက်မှာ အီရန်က ရပ်တည်နေပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ အားလုံး ညီတူမျှတူ ရင်ဆိုင်နေရတဲ့ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့ အတူတကွ တွန်းလှန်သင့်တယ် ဆိုတာပါပဲ” ဟု ဇာရစ်ဖ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်းမပြုခင် ဇာရစ်ဖ်မှာ သောကြာနေ့နှောင်းပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ စစ်သွေးကြွအဖွဲ့ IS အား တွန်းလှန်တိုက်ခိုက်ရန် ဆီးရီးယားနှင့် အီရတ်ရှိ မဟာမိတ်များအား အီရန်က ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    “အီရန်ဟာ ဖိနှိပ်ခံနေရတဲ့နိုင်ငံအားလုံးကို ပံ့ပိုးသွားမှာပါ။ အီရန်ကြောင့်သာမဟုတ်ရင် အာရ်ဘီနဲ့ ဘဂ္ဂဒတ်တို့ဟာ (IS) အကြမ်းဖက်သမားတွေလက်ထဲ ကျရောက်ခဲ့ပြီးပါပြီ။ ဒါဟွက်၊ အာရ်ဘီလ်နဲ့ (အီရတ်ရှိ ကာ့ဒ်ဒေသမှ) ဆူလေမန်နီယာဟ်ဒေသတွေကို ကျွန်တော်တို့ ကာကွယ်ခဲ့သလို၊ ဒေသတွင်းက ဘယ်နိုင်ငံမဆို ကျူးကျော်ခံရရင်လည်း အီရန်နိုင်ငံဟာ ဖိနှိပ်ခံရသူတွေကို
    ကာကွယ်သွားမှာပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော အဆိုပါ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်မှာ ကူဝိတ်ပြီးနောက် ကာတာနှင့် အီရတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။

    Ref: Reuters