News @ M-Media

Blog

  • ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အိုလမာအဖွဲ့ခွဲနှင့် ဆက်သွယ်လှူဒါန်းနိုင်

    ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အိုလမာအဖွဲ့ခွဲနှင့် ဆက်သွယ်လှူဒါန်းနိုင်

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    ulm

    – စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အရေးတစ်ကြီးလိုအပ်နေသော အကူအညီများ ပေးပို့နိုင်ရေးအတွက် လှူဒါန်းနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသာနာ့ရှင်များအဖွဲ့ (မန္တလေးတိုင်းဒေသကြီး အဖွဲ့ခွဲ) ကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    ဇူလိုင် ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီ ကြေညာချက်မှာ အလှူငွေများ ၊ အ၀တ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများကို သြဂုတ်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းထားပြီး ဆက်သွယ် လှူဒါန်းနိုင်မယ့်
    ဖုန်းနံပါတ် ၅ ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။

    ရရှိလာတဲ့အလှူငွေနဲ့ ပစ္စည်းပစ္စယာတွေကို အိုလမာအဖွဲ့ခွဲရဲ့ ပညာရေးနဲ့ လူမှုရေးအကျိုးဆောင်အဖွဲ့က ကြီးမှူးပြီး သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

    အဲဒီကြေညာချက်ကိုတော့ မန္တလေးမြို့ပေါ်နဲ့ ဆင်ခြေဖုံးဒေသတွေက ဗလီဝတ်ကျောင်းတော်တွေရဲ့ ကြေညာသင်ပုန်းမှာ အများပြည်သူများ သိရှိနိုင်ရန်အတွက် ကပ်ထားမှာဖြစ်ပါတယ်။

    ဆက်သွယ်လှူဒါန်းနိုင်တဲ့ ဖုန်းနံပါတ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    – မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲ ရုံးခန်း (ဖုန်း ၀၂-၂၁၇၄၇၊
    ၀၂-၃၀၈၇၆)

    – အလ်ဟဂ်ျမော်လာနာ ဟာဖစ်ဇ် အစ်ဗရာဟီးမ်ခါန်း (ဖုန်း ၀၉-၂၀၃၁၅၀၀)

    – ဟာဂျီဦးမြင့်သိန်း (ရွှေမြိုင်သံဆိုင်) (ဖုန်း ၀၉-၂၁၁၉၇၀၆၊ ၀၉-၉၇၅၃၁၁၃၃၃)

  • ဘိုကိုဟရမ်လက်မှ လူ ၇၀ ကျော်ကို နိုက်ဂျီးရီးယားစစ်တပ် ကယ်တင်နိုင်ခဲ့

    ဘိုကိုဟရမ်လက်မှ လူ ၇၀ ကျော်ကို နိုက်ဂျီးရီးယားစစ်တပ် ကယ်တင်နိုင်ခဲ့

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    boko

    – နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကိုဟရမ်များအား နိုက်ဂျီးရီးယားစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့် မိန်းကလေးများအပါအ၀င် ၇၁ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ကာနယ်လ် အိုတီ ဂူဆောင်းကမူ နိုင်ငံအရှေ့မြောက်ပိုင်း အကြီးဆုံးမြို့ဖြစ်သော မိုင်ဒူဂူရီမြို့မှ ကီလိုမီတာ ၄၀ အကွာတွင် ရှိသည့် ရွာများမှ ၁၂ ဦးကို ဗုဒ္ဓဟူးနေ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၅၉ ဦးကိုမူ ယမန်နေ့က ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “စစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်သမား တော်တော်များများကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု ဂူဆောင်းက ဆိုပြီး အမျိုးသမီး ၂၉ ဦး ကလေးငယ် ၁၂ ဦးနှင့် သက်ကြီးအမျိုးသား ၅ ဦးတို့ ပါဝင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လွတ်မြောက်လာသူများမှ အချို့ကမူ ၎င်းတို့မှာ တစ်နှစ်ခန့် ဖမ်းဆီးခံထားရသော အုပ်စုမှ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယာဂါနာ ကျာရီဟု အမည်ရသည့် အမျိုးသမီးငယ်တစ်ဦးကမူ ဘိုကိုဟရမ်အဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် မိမိအနေဖြင့် သေခြင်းတရားကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘိုဟိုဟရမ်က သိမ်းပိုက်ထားသည့် ရွာများအားလုံးကို ပြန်လည် ရယူနိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ကြေညာခဲ့သော မတ်လအတွင်းက ရာပေါင်းများစွာသော အဖမ်းဆီးခံများ လွတ်မြောက်ခဲ့သည်။

    သို့သော်လည်း ဘိုကိုဟရမ်မှာ အသေခံဗုံးခွဲမှုများ၊ ဝေးလံခေါင်သီသောဒေသများရှိ ရွာများ၌ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယခုတစ်ပတ်အစောပိုင်းကလည်း ကလေးငယ် ၂၁ ဦးအပါအ၀င် ဖမ်းဆီးခံ ၃၀ ခန့်ကို လွတ်မြောက်စေခဲ့သည်ဟု နိုက်ဂျီးရီးယားစစ်တပ်က ကြေညာခဲ့သည်။

    Ref: Aljazeera

  • အိန္ဒိယရှိ ဗလီတစ်လုံးမှ စာကြည့်တိုက်ကို ဒေါက်တာ အဘ်ဒူလ်ကလာမ်၏အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    အိန္ဒိယရှိ ဗလီတစ်လုံးမှ စာကြည့်တိုက်ကို ဒေါက်တာ အဘ်ဒူလ်ကလာမ်၏အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံ ရှီလောင်းမြို့ရှိ မဒီနာဗလီဝတ်ကျောင်းတော်၏ အစ္စလာမ့်ရေးရာလေ့လာမှု စာကြည့်တိုက်အား ဇူလိုင်လ ၂၇ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင် ဒေါက်တာ အေပီဂျေ အဘ်ဒူလ် ကလာမ်၏ အမည်နာမကို ဂုဏ်ပြုမှည့်ခေါ်သွားမည်ဟု သိရသည်။

    ထိုကဲ့သို့ ဂုဏ်ပြုအမည်မှည့်ခေါ်ခြင်းကို ရှီလောင်း မွတ်စလင်သမဂ္ဂမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆအီဒွလ္လာဟ် နွန်ဂရမ်က ယမန်နေ့ မဒီနာဗလီဝတ်ကျောင်းတော်တွေင် သေဆုံးသွားသူအတွက် ၀တ်ပြုဆုတောင်းသော ဂျာနာဇာ အထူးဝတ်ပြုမှုအပြီးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ဒေါက်တာ အဘ်ဒူလ်ကလာမ်မှာ ရှီလောင်းမြို့ရှိ တက္ကသိုလ်တစ်ခုတွင် စာသင်ကြားနေစဉ်အတွင်း ရုတ်တရက် လဲကျကာ ကွယ်လွန်သွားခြင်းဖြစ်သည်။

    အဆိုပါအထူးဝတ်ပြုမှုသို့ ရှီလောင်းမြို့ရှိ အစ္စလာမ်ဘာသာဝင် အမြောက်အများ တက်ရောက် ပါဝင်ခဲ့ကြသည်။ ထို့ပြင် ရာမက်စ်ဝါရမ်မြို့တွင်လည်း ထိုကဲ့သို့ အထူးဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ကြသည်။

    APJ Abdul Kalam Islamic Library အမည်ဖြင့် အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို မကြာမီ ပြုလုပ်သွားမည်ဖြစ်သည်။

    ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ရှီလောင်းမွတ်စလင်သမဂ္ဂ အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဖြစ်သော Meghalaya State Wakf Board မှ အဖွဲ့ဝင်များ၊ Umshyrpi College ကောလိပ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ Meghalaya တိုက်ကွမ်ဒိုအသင်းမှ အဖွဲ့ဝင်များ စုပေါင်း၍ လာဘန်အီဒ်ဂါကွင်းပြင်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြသည်။

    ထို့ပြင် မဒီနာဗလီဝတ်ကျောင်းတော်နှင့် လိုက်သွမ်ခါရာဟ် အီဒ်ဂါကွင်းပြင်မှ ရှေ့ဆောင်အီမာမ်နှစ်ပါးတို့မှာ ဇူလိုင် ၂၇ ရက်နေ့ညမှ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းအထိ ညလုံးပေါက် ကုရ်အာန်ကျမ်းတော်မြတ်အား ရွတ်ဖတ်သရဇ္ဈာယ်ကာ ကွယ်လွန်သူ ဒေါက်တာ အဘ်ဒူလ် ကလာမ်အတွက် ဆုတောင်း၍ ကုသိုလ်အကျိုးများ ပေးပို့ခဲ့ကြသည်။

    Ref: Northeasttoday

  • စစ်ရေးနှင့် စီးပွားရေး သဘောတူညီချက်တစ်ခုကို အီဂျစ်နှင့် ဆော်ဒီတို့ လက်မှတ်ထိုး

    စစ်ရေးနှင့် စီးပွားရေး သဘောတူညီချက်တစ်ခုကို အီဂျစ်နှင့် ဆော်ဒီတို့ လက်မှတ်ထိုး

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    sisi

    – နှစ်နိုင်ငံ စစ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် ဆော်ဒီအာရေဗျနှင့် အီဂျစ်နိုင်ငံတို့မှာ ကိုင်ရိုသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီနှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယမြောက် အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက် ဘင် ဆလ်မန်တို့ ယမန်နေ့က အစည်းအဝေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ထိုသဘောတူညီချက်တွင် အာရပ်တပ်ပေါင်းစု ဖွဲ့စည်းရေး ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ အာရပ်နိုင်ငံများ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများမှာ အဆိုပါတပ်ပေါင်းစု ဖွဲ့စည်းရေးအတွက် သြဂုတ်လ ၂၇ ရက်နေ့တွင် တွေ့ဆုံသွားမည်ဖြစ်သည်။

    “ဒေသတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်မှုနဲ့ အာရပ်နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် နှစ်ဖက်စလုံးက အလေးထား ဆွေးနွေးခဲ့ကြပါတယ်” ဟု အီဂျစ်သမ္မတရုံးက ပြောကြားခဲ့သည်။

    အဆိုပါသဘောတူညီချက်ကို “ကိုင်ရို ကြေညာချက်” ဟု အမည်ပေးခဲ့ပြီး စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။

    အီဂျစ်သမ္မတ မိုဟာမက်မော်စီ ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချခံရပြီးနောက်ပိုင်း အီဂျစ်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးမှာ ပြန်လည် နွေးထွေးလာခဲ့ပြီး အီဂျစ်သို့ ဒေါ်လာ ဘီလီယံနှင့်ချီ၍ အကူအညီများ ဆော်ဒီက ပေးအပ်ခဲ့သည်။

    IS အဖွဲ့က ဖေဖော်ဝါရီလတွင် အီဂျစ်နိုင်ငံသား ကော့ပတစ်ခရစ်ယာန်များကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသတွင်း လက်နက်ကိုင်အုပ်စုများကို ချေမှုန်းရေး အာရပ်တပ်ပေါင်းစုဖွဲ့စည်းရန် အီဂျစ်သမ္မတ စီစီက အပြင်းအထန် တိုက်တွန်းဆော်သြခဲ့သည်။

    Ref: Aljazeera

  • ဖီဖာဥက္ကဌနေရာ ဇစ်ကိုဝင်ပြိုင်လိုမှု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ထောက်ခံ

    ဖီဖာဥက္ကဌနေရာ ဇစ်ကိုဝင်ပြိုင်လိုမှု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ထောက်ခံ

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    zico

    – ဘရာဇီးလ်၏ ဂန္တ၀င်ကစားသမားဟောင်း ဇစ်ကို၏ ဖီဖာဥက္ကဌရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိမှုကို ထောက်ခံသွားမည်ဟု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် CBF က ကြေညာလိုက်သည်။

    ဇစ်ကိုမှာ လာမည့်နှစ်တွင်ပြုလုပ်မည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိသည်ဟု မကြာသေးမီက ကြေညာထားသူဖြစ်သည်။ ထို့ကြောင့် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ၊ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မင်းသား အလီ ဘင် ဟူစိန်နှင့် တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်း ချန်မွန်ဂျွန်းတို့နှင့် ထိုနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်၏ ထောက်ခံမှုကို ရရှိခြင်းမှာ ဇစ်ကိုအတွက် ထူးခြားသည့် အခြေအနေမျိုး ဖြစ်သည်။ သို့သော်လည်း ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အခြား ဘောလုံးအဖွဲ့ချုပ် ၄ ခုကလည်း ထောက်ခံရန် လိုအပ်နေပြီး CBF ကမူ စောင့်ကြည့်သွားမည် ဖြစ်သည်။

    “ဘရာဇီးလ်နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော့်နိုင်ငံက ဘောလုံးအဖွဲ့ချုပ်ရဲ့ အားပေးမှုမရဘဲနဲ့ မစတင်နိုင်ပါဘူး။ ကျွန်တော်ဟာ လက်ရွေးစင်အသင်းမှာ ၁၀ နှစ်ကြာကစားခဲ့ပြီး ဘရာဇီးလ်အသင်းဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်နိုင်ငံရဲ့ ဒီလိုထောက်ခံမှုမျိုး လိုချင်ခဲ့ပါတယ်” ဟု ဇစ်ကိုက CBF ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့ ထောက်ခံမှုရခြင်းဖြင့် လိုအပ်နေသော နောက်ထပ် ဘောလုံးအဖွဲ့ချုပ် ၄ ခုမှ ထောက်ခံချက်ရရှိရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဥက္ကဌနေရာအတွက် လူတိုင်း၏ ယုံကြည်မှုရရှိအောင် ကြိုးစားဆောင်ရွက်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း ဇစ်ကိုက ထပ်လောင်းပြောကြားခဲ့သည်။

    ဇစ်ကိုမှာ ၁၉၇၆ ခုနှစ်မှ ၁၉၈၆ ခုနှစ်များအတွင်း ဘရာဇီးလ်အသင်းအတွက် ၇၁ ပွဲ ကစားပေးခဲ့ပြီး ၄၈ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ၎င်း၏ ကစားသမားဘ၀ အများစုကို မွေးရပ်မြေ ဖလာမင်ဂိုအသင်း၌ ကုန်ဆုံးခဲ့သည်။

    “ကျွန်တော် ပျော်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို လက်ခံတဲ့အတွက်လည်း (CBF ဥက္ကဌ မာကိုပိုလို ဒဲလ် နီရို) ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဖီဖာဥက္ကဌနေရာ ယှဉ်ပြိုင်မယ်လို့ သူ့ကို ပြောခဲ့ပြီး သူ့ရဲ့တုန့်ပြန်မှုအတွက်လည်း ပျော်ရွှင်မိပါတယ်” ဟု ဇစ်ကိုက ထပ်လောင်းပြောကြားခဲ့သည်။

    ၁၉၉၉ ခုနှစ်မှစ၍ ဇစ်ကိုမှာ နည်းပြလောကထဲသို့ ၀င်ရောက်ခဲ့ပြီး ဖီနာဘာချီ၊ အိုလံပီယာကော့စ်အသင်းများ၊ ဂျပန်နှင့် အီရတ်လက်ရွေးစင်အသင်းများကို နည်းပြခဲ့သည်။ ယခုလက်ရှိတွင် အိန္ဒိယ စူပါလိဂ်ကလပ် အက်ဖ်စီဂိုအာအသင်းအား နည်းပြနေသည်။

    Ref: Goal