News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၅၊ ၂၀၁၅)

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    ကလိုရင်းဓာတ်ငွေ့ ရှူမိသောကြောင့် နိုက်ဂျီးရီးယားတွင် လူ ၈ ဦးသေဆုံး
    —————————
    နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ဂျို့စ်မြို့ရှိ ရေသန့်စင်စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ထွက်ပေါ်လာသော ကလိုရင်းဓာတ်ငွေ့များကို ရှူမိသောကြောင့် လူ ၈ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်ဟု နိုက်ဂျီးရီးယားအစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။ ပေါက်ကွဲမှုမှာ စနေနေ့မနက် ၄ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလိုရင်းဓာတ်ငွေ့မှာ ပြည်သူများအား
    ပေးဝေနေသော ရေကို ထိခိုက်ခြင်းမရှိဟု ဆိုသည်။

    ယီမင်ပြည်သူများ မကြုံစဖူးဒုက္ခများကို ရင်ဆိုင်ခံစားနေရ
    ………………………………..
    ယီမင်ပြည်တွင်းစစ်အတွင်း ပြည်သူများ ထိခိုက်ခံစားနေရမှုမှာ မကြုံစဖူးအခြေအနေသို့ ရောက်ရှိနေပြီဟု နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ပြောကြားလိုက်သည်။ ၎င်းတို့အနေဖြင့် ထိခိုက်ခံစားရသည့် ဒေသများသို့ အကူအညီရောက်ရှိရေး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရေးနှင့် အသက်ကယ်အကူအညီများအား ပေးအပ်ရာတွင်လည်း အခက်အခဲများ မြင့်တက်လာခဲ့သည်ဟု ICRC က ဆိုပြီး စစ်ဖြစ်ပွားနေသည့် နှစ်ဖက်စလုံးအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ခွင့်ပြုရန်လည်း တိုက်တွန်းခဲ့သည်။

    အာဖရိကပြည်သူများအား အိုဘားမား ချီးကျူး
    …………………………….
    အာဖရိကမှာ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသများမှ တစ်ခုဖြစ်ပြီး ထို့အတွက်ကြောင့်ပင် မိမိလာရောက်ရခြင်းဖြစ်သည်ဟု ဖခင်၏မွေးရပ် ကင်ညာသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။ ထို့ပြင် ပြည်သူများမှာ ဆင်းရဲတွင်းမှ လွတ်မြောက်နေကြပြီး ၀င်ငွေမှာလည်း မြင့်တက်နေကြောင်း၊
    အလယ်လတ် လူတန်းစားများမှာလည်း မြင့်တက်လာကာ လူငယ်များကလည်း အာဖရိက၏ စီးပွားရေးဆောင်ရွက်နေမှုကို နည်းပညာဖြင့် ကြိုးကိုင်ခြယ်လှယ်နေကြကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • နီပေါရှိ ငလျင်ဒဏ်ခံ ကလေးငယ်များ အမြတ်ထုတ်ခံနေရ

    နီပေါရှိ ငလျင်ဒဏ်ခံ ကလေးငယ်များ အမြတ်ထုတ်ခံနေရ

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    – အင်အားပြင်းထန်သည့် ငလျင်နှစ်ခု၏ဒဏ်ကို ခံစားခဲ့ရသည့် နီပေါနိုင်ငံရှိ ပြည်သူများတွင် အခြေခံလိုအပ်ချက်များ အားနည်းနေခြင်းမှာ အကြီးဆုံး စိုးရိမ်စရာများ ဖြစ်နေပြီး ကလေးငယ်များမှာလည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း ခံနေရသည်ဟု အကူအညီပေးရေး အဖွဲ့များမှ ယနေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ငလျင်လှုပ်ခတ်ပြီးနောက် အကူအညီပေးရေးအေဂျင်စီများမှာ ကလေးများအား တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာတွင် တစ်ကိုရေလုံခြုံမှုမရှိခြင်းနှင့် နေရာ အခက်အခဲများနှင့်ပတ်သက်၍ စိုးရိမ်နေရကြောင်းနှင့် ကလေးငယ်များမှာ သားရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်ခံရမှုကို ကြောက်ရွံ့နေကြကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် မိန်းကလေးငယ်များအနေဖြင့်လည်း လိင်ပိုင်းဆိုင်ရာ အရှက်ရမှုများ တွေ့ကြုံခံစားရသည့် အန္တရာယ်များလည်း ရှိနေသည်။

    “ဟင်းလင်းပြင်မှာ နေရတာက အမြတ်ထုတ်ခံရဖို့ အန္တရာယ်ကို ပိုစေပါတယ်” ဟု ငလျင်ဒဏ်ခံခဲ့ရသည့် ရှင်ဒူပါလ်ချော့ ခရိုင်မှ ဆယ်ကျော်သက် မိန်းကလေးက အကူအညီပေးရေး လုပ်သားတစ်ဦးအား ပြောကြားခဲ့သည်။

    နီပေါနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် ၂.၈ သန်းသော ပြည်သူများမှာ အကူညီများ ချက်ခြင်းလိုအပ်နေသည်ဟု ယခုလအစောပိုင်းက ကုလမှထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဧပြီ ၂၅ ရက်နှင့် မေလ ၁၂ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အဆိုပါ ငလျင်များကြောင့် လူပေါင်း ၉၀၀၀ နီးပါး သေဆုံးခဲ့သည်။

    အကူအညီပေးရေးအဖွဲ့ ၄ ခုမှ ကလေးငယ်ပေါင်း ၂၀၀၀ နီးပါးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရာတွင် ငလျင်လှုပ်ခတ်ရာ ဒေသများ၌ ကလေးငယ်များအတွက် အကြံအဥာဏ်ပေးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်းကိုလည်း တွေ့ခဲ့ရသည်။

    “ကလေးငယ် ထောင်ပေါင်းများစွာအတွက် နေရာထိုင်ခင်း မလုံလောက်ပါဘူး။ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ ကာကွယ်မှုစတဲ့ အခြေခံလိုအပ်ချက်တွေကလည်း အချိန်နဲ့အမျှ လိုအပ်နေပါတယ်” ဟု Save the Children မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြံပေးဖြစ်ပြီး အဆိုပါ အစီရင်ခံစာကို ရေးသားသူဖြစ်သော လူစီယာ ၀ှိုက်တာက ပြောကြားခဲ့သည်။

    လေ့လာမှုများကို Save the Children၊ Plan International၊ ယူနီဆက်ဖ်နှင့် World Vision တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

    Oxfam အဖွဲ့က ခတ္တာမန်ဒူအနောက်ပိုင်း ဒါဒင်းခရိုင်တွင် သီးခြားပြုလုပ်သည့် လေ့လာမှုတွင် အမျိုးသမီးများနှင့် ဆယ်ကျော်သက်မိန်းကလေးများမှာ လူများစုပြုံနေသော ယာယီနေရာထိုင်ခင်းများတွင် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင် အမြတ်ထုတ်မှုအန္တရာယ်များ ခံစားနေရသည်ကို တွေ့ခဲ့ရသည်။

    “အထူးသဖြင့် အခြေအနေက ခိုကိုးရာမဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးတွေအတွက်၊ တစ်ခါတစ်ရံ သီးခြားနေပြီး၊ လူ့အသိုင်းအ၀ိုင်းရဲ့ ဂရုစိုက်မှုကို မရကြတဲ့ မုဆိုးမတွေ၊ တစ်ခုလပ်တွေအတွက် ဆိုးဝါးပါတယ်” ဟု Oxfam မှ ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    “ငလျင်ကြီးနှစ်ခုပြီးတဲ့နောက် နေရထိုင်ရတဲ့အခြေအနေမျိုးဟာ သူတို့ရဲ့ စိတ်ဒဏ်ရာကို ပိုပြီး ဆိုးရွားစေပါတယ်” ဟု Oxfam ၏ နီပေါဆိုင်ရာ ဒါရိုက်တာဖြစ်သူ စစ္စလီယာ ကိုင်ဇာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ပရီးမီးယားလိဂ်၏ ကြွယ်ဝမှုအား ယှဉ်ပြိုင်မည်ဟု ဘာတိုမြူပြော

    ပရီးမီးယားလိဂ်၏ ကြွယ်ဝမှုအား ယှဉ်ပြိုင်မည်ဟု ဘာတိုမြူပြော

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    baca

    – ရုပ်သံထုတ်လွှင့်ခွင့် အသစ်အတွက် ပေါင် ၅.၁ ဘီလီယံ ရရှိခဲ့သည့် ပရီးမီးယားလိဂ်၏ ချမ်းသာကြွယ်ဝမှုကို မိမိတို့အနေဖြင့် ယှဉ်ပြိုင်သွားမည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ်ဘာတိုမြူက ပြောကြားလိုက်သည်။

    လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ရရှိခဲ့သည့် အဆိုပါ ရုပ်သံလွှင့်ခွင့် ငွေကြေးကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျိုးအမြတ်များကို ပိုရမည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားများမှာလည်း အင်္ဂလန်သို့ ဦးတည်လာနိုင်သည်။

    ပြီးခဲ့သည့် ဘောလုံးရာသီများတွင် နေးမာ၊ ဂါရက်ဘေးလ်နှင့် လူးဝစ်ဆွာရက်ဇ်တို့မှာ မြင့်မားသော ပြောင်းရွှေ့ကြေးများဖြင့် စပိန်သို့ ရောက်ရှိလာခြင်းနှင့်အတူ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ နာမည်ကျော်ကစားသမားများကို ဆွဲဆောင်နိုင်သည့် အသင်းများ ဖြစ်လာခဲ့သည်။

    မကြာသေးမီက ဘာစီလိုနာဥက္ကဌအဖြစ် ထပ်မံအရွေးခံခဲ့ရသည့် ဘာတိုမြူကမူ အဆိုပါ ထိပ်တန်းကစားသမားများမှာ စပိန်တွင် ဆက်ရှိနေမည်ဟု ယုံကြည်မှု ရှိနေသော်လည်း ပရီးမီးယားလိဂ်၏ ချမ်းသာကြွဝယ်မှုကိုမူ ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့ရဲ့လိဂ်မှာ အကောင်းဆုံးကစားသမားတွေ ရှိစေချင်ပါတယ်။ ပရီးမီးယားလိဂ်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲဆိုတာ မှန်ပါတယ်။ အားကစားအရရော၊ ၀င်ငွေအရရောပေါ့။
    ပရီးမီးယားလိဂ်ရဲ့ ရုပ်သံလွှင့်ခွင့်စာချုပ်သစ်ဟာ ကျန်တဲ့လိဂ်ပြိုင်ပွဲတွေ လိုက်လုပ်ရမယ့် ကိစ္စတစ်ခုပါ” ဟု ဘာတိုမြူက BBC သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဘာစီလိုနာအသင်းကဲ့သို့ အခြားမည်သည့်အသင်းမှ ၀င်ငွေမများဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းမှာ နည်းပြ လူးဝစ်အန်းရစ်၏ ပထမဆုံးရာသီဖြစ်သော ယမန်နှစ်က ဖလား ၃ လုံး ရရှိခဲ့သည်။

    Ref: Goal

  • ဆီးရီးယားရှိ ဒေသအချို့တွင် အန္တရာယ်ကင်းဇုန်အဖြစ် တူရကီကြေညာ

    ဆီးရီးယားရှိ ဒေသအချို့တွင် အန္တရာယ်ကင်းဇုန်အဖြစ် တူရကီကြေညာ

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    try

    – ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဒေသများတွင် IS အဖွဲ့နှင့်ပတ်သက်သည့် တိုက်ခိုက်ရေးသမားများ မရှိတော့ဘဲ လုံခြုံသည့်နေရာများ ဖြစ်သွားပြီဟု တူရကီက ကြေညာလိုက်သည်။

    ယနေ့တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးဖြစ်သော မဗ်လက်တ် ကာဗူဆိုဂလူက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားရှိ IS ၏ နေရာများနှင့် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများကို တူရီက ဗုံးကြဲပြီး နာရီအနည်းငယ်အကြာတွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    “ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဒေသတွေဟာ IS ရဲ့ ခြိမ်းခြောက်မှုကနေ ကင်းလွတ်သွားတဲ့အခါ အန္တရာယ်ကင်းတဲ့ဇုန်တွေ အလိုလိုဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ ဆီးရီးယားမှာ အန္တရာယ်ကင်းတဲ့ဇုန်တွေနဲ့ လေယာဉ်မပျံသန်းရတဲ့ဇုန်တွေကို အမြဲတမ်း ကာကွယ်ခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေဟာ အဲဒီ အန္တရာယ်ကင်းဇုန်တွေမှာ သွားနေနိုင်ပါတယ်” ဟု
    သတင်းစာရှင်းလင်းပွဲတွင် ကာဗူဆိုဂလူက ပြောကြားခဲ့သည်။

    တူရကီမှာ ဆီးရီးယားနိုင်ငံအတွင်း ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ကိုဘိန်းမြို့ ဆင်ခြေဖုံးဒေသများမှ အနောက်လိုလားသည့် သူပုန်များ ထိန်းချုပ်ထားသော ဒေသများအထိ ၃၃ ကီလိုမီတာကျယ်ဝန်းသော အန္တရာယ်ကင်းဇုန်ကို သတ်မှတ်ရန် စဉ်းစားနေသည်ဟု
    တူရကီမီဒီယာများက စောစောပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ IS အား ဆန့်ကျင်တိုက်ခိုက်နေသော သူပုန်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ နယ်စပ်ဒေသများအား ကာ့ဒ်တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ခြင်းမှ တားဆီးရန်လည်းဖြစ်သည်။

    Ref: Aljazeera

  • အသင်း၌ ထိပ်တန်းတိုက်စစ်မှူးဖြစ်ရန် ရူနီ အဆင်သင့်ဖြစ်နေ

    အသင်း၌ ထိပ်တန်းတိုက်စစ်မှူးဖြစ်ရန် ရူနီ အဆင်သင့်ဖြစ်နေ

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    rony

    – လာမည့်ရာသီတွင် မိမိအနေဖြင့် အသင်း၏ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဖြစ်လာရန် အဆင်သင့်ဖြစ်နေသည်ဟု မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အသက် ၂၉ နှစ် ရှိပြီဖြစ်သည့် ရူနီမှာ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်တွင် အသင်းအတွက် ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ဗန်ဂါးလ်မှာ တစ်ခါတစ်ရံတွင် ၎င်းအား အရေးပါသည့်နေရာ၌ ထားရှိ အသုံးပြုခဲ့သည်။

    ယခုနှစ်တွင် ရော်ဘင်ဗန်ပါစီ ဖီနာဘာချီသို့ ထွက်ခွာခဲ့ပြီး၊ ဖယ်လ်ကာအိုကလည်း ထွက်ခွာသွားသောကြောင့် ရူနီမှာ ယခုလက်ရှိတွင် ဗန်ဂါးလ်၏ ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာခဲ့သည်။ အင်္ဂလန်အသင်းခေါင်းဆောင် ရူနီကလည်း ထိုအခြေအနေကို နှစ်သက်နေသည်။

    “အဓိကတိုက်စစ်မှူး နေရာဟာ ကျွန်တော် ဂိုးတွေသွင်းနိုင်တဲ့ နေရာဖြစ်တယ်လို့ ထင်ပါတယ်။ ဒီတာဝန်ကိုယူဖို့နဲ့ အသင်းအတွက် ဂိုးတွေသွင်းတဲ့သူ တစ်ယောက်ဖြစ်ဖို့ ကျွန်တော်ဟာ အဆင်သင့်ဖြစ်နေပါပြီ” ဟု ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် တစ်ကိုရေ ရည်မှန်းချက်များ မရှိကြောင်း၊ လက်ရှိအချိန်တွင် ကြံ့ခိုင်ရေး ကောင်းမွန်ရန်နှင့် ရာသီသစ်အတွက် အဆင်သင့်ဖြစ်ရန် ဆောင်ရွက်နေကြောင်း၊ တစ်ကိုယ်ရေ ရည်မှန်းချက်များထက် အသင်းကိုသာ ကူညီချင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal