News @ M-Media

Blog

  • ပျောက်ဆုံး မလေးလေယာဉ်မှ ဖြစ်မည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

    ပျောက်ဆုံး မလေးလေယာဉ်မှ ဖြစ်မည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    stream_img

    – အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည့် လေယာဉ်အပျက်အစီး အစိတ်အပိုင်းမှာ လွန်ခဲ့သည့် ၁ နှစ်က ပျောက်ဆုံးသွားခဲ့သော MH370 လေယာဉ်မှ ဖြစ်မည်လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ကို မလေးရှားက
    စေလွှတ်လိုက်သည်ဟု သိရသည်။

    ယမန်နေ့နှောင်းပိုင်းက စေလွှတ်လိုက်ခြင်းဖြစ်ပြီး မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း ထိုကဲ့သို့ စေလွှတ်ကြောင်း အတည်ပြုခဲ့သည်။

    ပြင်သစ် လေယာဉ်ပျက်စုံစမ်းရေးအေဂျင်စီ BEA ကမူ ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည့် လေယာဉ်အပိုင်းအစ တစ်ခုကို လေ့လာမှုများ ပြုလုပ်နေသော်လည်း MH370 မှ ဖြစ်သည်ဆိုသည်ကိုမူ ပြောရန် စောလွန်းနေသောကြောင်း ယမန်နေ့အစောပိုင်းက ပြောကြားခဲ့သည်။

    အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဆိုပါအပျက်အစီးကို မစစ်ဆေးရသေးဟု ဆိုပြီး ကျွမ်းကျင်သူများကမူ ဓာတ်ပုံများအရ ထိုအစိတ်အပိုင်းမှာ လေယာဉ်တောင်ပံမှ အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

    ခရီးသည် ၂၃၉ ဦးနှင့် လေယာဉ်အမှုထမ်းများကို တင်ဆောင်ကာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းလာသော အဆိုပါ MH370 လေယာဉ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက အစရှာမရဘဲ ပျောက်ဆုံးသွားခဲ့ပြီး အရပ်ဘက်လေကြောင်းသမိုင်းတွင် ပဟေဠိဖြစ်စရာအကောင်းဆုံး ကိစ္စများမှ တစ်ခုလည်း ဖြစ်သည်။ ထိုလေယာဉ်တွင် လိုက်ပါသွားသူ ခရီးသည်အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။

    ဘိုးအင်း ၇၇၇ ဖြစ်သည့် အဆိုပါလေယာဉ်အား ရှာဖွေမှုကို သြစတေးလျနိုင်ငံက ဦးဆောင်ပြုလုပ်နေပြီး အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ပိုင်းတစ်လျှောက်တွင် အာရုံစိုက်ရှာဖွေမှုများ ပြုလုပ်နေသည်။

    AP သတင်းဌာနမှ ယမန်နေ့က ဖော်ပြရာတွင် အိန္ဒိယသမုဒ္ဒရာထဲ၌ တွေ့ရှိခဲ့သော အဆိုပါ အစိတ်အပိုင်းမှာ ဘိုးအင်း ၇၇၇ လေယာဉ်မှ ဖြစ်နိုင်ချေများသည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၉၊ ၂၀၁၅)

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    တာလီဘန်ခေါင်းဆောင် မွလ္လာအိုမာရ်သေဆုံးကြောင်း သတင်းထွက်ပေါ်လာ
    …………………………………………
    တာလီဘန်ခေါင်းဆောင် မွလ္လာအိုမာရ်မှာ လွန်ခဲ့သည့် ၂ နှစ်နှင့် ၄ လအရင်က အဆုတ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ပါကစ္စတန်နှင့် အာဖဂန်အစိုးရတို့က အတည်ပြုပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းကို ယခင်တာလီဘန်ဝန်ကြီဟောင်း တစ်ဦးက ထောက်ခံခဲ့ပြီး မွလ္လာအိုမာရ်ကို အာဖဂန်နယ်စပ်တွင် မြှုပ်နှံခဲ့သည်ဟု ဆိုသည်။
    သို့သော်လည်း တာလီဘန်အဖွဲ့ကမူ အဆိုပါသတင်းအား ငြင်းဆိုခဲ့ပြီး မွလ္လာအိုမာရ်မှာ ကျန်းကျန်းမာမာရှိနေသည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ပါလက်စတိုင်းပိုက်နက်တွင် ကျူးကျော်အိမ်ယာဆောက်လုပ်ရန် အစ္စရေးအတည်ပြု
    ……………………………………
    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ကျူးကျော်အိမ်ယာ ၃၀၀ ကို ချက်ခြင်းဆောက်လုပ်ရန်အတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယနေ့တွင် အတည်ပြုခဲ့သည်။ ထို့ပြင် ၎င်းတို့ကျူးကျော်ထားသည့် အရှေ့ဂျေရုစလင်တွင်လည် နေအိမ် ၅၀၄ လုံး
    ဆောက်လုပ်ရန်အစီအစဉ်ကိုလည်း အတည်ပြုခဲ့သည်။ ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချ ကျူးကျော်အိမ်ယာများ တည်ဆောက်ခြင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်ရှုတ်ချကာ ဆောက်လုပ်ခြင်းမပြုရန် တားမြစ်ထားသော်လည်း အစ္စရေးက လိုက်နာခြင်း မရှိပေ။

    အိန္ဒိယရေကြီးမှု လူ ၂၆ ဦးသေဆုံး
    ………………………..
    မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ မိုးကြီးပြီး လေထန်မှုကြောင့် ဂူဂျာရတ်ပြည်နယ်မြောက်ပိုင်းတစ်ဝှမ်းတွင် ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိနေသည်။ ရေကြီးမှုဒဏ်ကို ရွာပေါင်း ၂၀၀၀ ကျော် ခံစားနေရပြီး အဆိုးရွားဆုံးနေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    Ref: News Agencies

  • ဟောလီးဝုဒ်မင်းသမီး ဂျိုလီ မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာကာ ပဋိပက္ခဒဏ် ခံရသူများကိုလည်း သွားရောက်တွေ့ဆုံမည်

    ဟောလီးဝုဒ်မင်းသမီး ဂျိုလီ မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာကာ ပဋိပက္ခဒဏ် ခံရသူများကိုလည်း သွားရောက်တွေ့ဆုံမည်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    jl

    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ အထူးကိုယ်စားလှယ်ဖြစ်သော ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီမှာ ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လွတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်တို့နှင့် ယခုလက်ရှိတွင် တွေ့ဆုံပြီးဖြစ်သည်။

    မြန်မာနိုင်ငံရှိ ဗြိတိသျှသံရုံးမှ ထုတ်ပြန်သော ကြေညာချက်ကို DVB သတင်းဌာနက ဖော်ပြရာတွင် ဂျိုလီမှာ မြန်မာနိုင်ငံ၌ လေးရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အခြေအနေများကို လေ့လာသွားမည်ဖြစ်ကာ ပြည်သူများအတွက် ငြိမ်းချမ်းပြီး ပြီးပြည့်စုံသည့်အနာဂတ် တည်ဆောက်ရေး ကြိုးပမ်းမှုများကို အားပေးသွားမည်ဟု ဆိုသည်။

    လိင်အကြမ်းဖက်မှုတားဆီးရေး ရှေ့ဆောင်အဖွဲ့ကို ပူးပေါင်းတည်ထောင်သူဖြစ်ပြီး UNHCR ၏ အထူးကိုယ်စာလှယ်ဖြစ်သူ ဂျိုလီမှာ မြန်မာနိုင်ငံ၏ ပဋိပက္ခများ ဖြစ်ပွားရာဒေသရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ နေထိုင်ရာဒေသများသို့လည်း သွားရောက် လည်ပတ်သွားမည်ဖြစ်သည်။

    “လူ့အခွင့်အရေး၊ ဘာသာပေါင်းစုံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ဒေသခံတွ၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ပေးဖို့ ဆောင်ရွက်နေသူတွေ၊ မကြာခင်ဖြစ်လာတော့မယ့် ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒရှင်များ ပညာပေးခြင်းနဲ့ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့တွေကိုလည်း သူမက တွေ့ဆုံပါလိမ့်မယ်” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    သတင်းစာရှင်းလင်းပွဲတွင် ဂျိုလီက သူမအနေဖြင့် မြန်မာနိုင်ငံရှိ အဖွဲ့အများအပြားဖြင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ၎င်းတို့၏ စိုးရိမ်မှုများနှင့် နိုင်ငံ၏ အနာဂတ်အတွက် ၎င်းတို့၏ မျှော်လင့်ချက်များကို လေ့လာသွားမည်ဟု ပြောကြားခဲ့သည်။

    “နိုဝင်ဘာမှာ ရွေးကောက်ပွဲလာတော့မယ့်အချိန် သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးကို ကျင့်သုံးဖို့၊ ငြိမ်းချမ်းတဲ့အနာဂတ်အတွက် အရေးပါတဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းရေး အကူအညီပေးဖို့ ပြည်သူတွေအတွက် အခုအချိန်ဟာ အရေးပါတဲ့အချိန်ပါပဲ” ဟု ဂျိုလီက
    ထပ်လောင်းပြောကြားခဲ့သည်။

    ဂျိုလီမှာ မြန်မာနိုင်ငံသို့ မလာရောက်ခင် ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့ပြီး Maddox Jolie-Pitt Foundation က ၂၀၀၃ ခုနှစ်မှစ၍ ရန်ပုံငွေထောက်ပံ့ခဲ့သော ကျန်းမာရေး၊ ပညာရေးနှင့် ပတ်ဝန်းကျင်ထိန်းရေး စီမံကိန်းများကို သွားရောက် ကြည့်ရှုခဲ့သည်။

    ထို့ပြင် ကမ္ဘောဒီယား၌ မတည်မငြိမ်ဖြစ်နေသည့်အချိန်တွင် ကလေးငယ်တစ်ဦး ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန်ဇာတ်ကားကို အခြေပြု ရိုက်ကူးမည့် First They Killed My Father ရုပ်ရှင်အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

    ဂျိုလီမှာ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများသို့ UNHCR ၏ အထူးကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ကာ ကရင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

    Ref: Gangkokpost

  • ဖယ်လ်ကာအို မှာ ကြောက်စရာတိုက်စစ်မှူး ပြန်ဖြစ်လာမည်ဟု မော်ရင်ဟိုပြော

    ဖယ်လ်ကာအို မှာ ကြောက်စရာတိုက်စစ်မှူး ပြန်ဖြစ်လာမည်ဟု မော်ရင်ဟိုပြော

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    chel

    – တိုက်စစ်မှူးဖယ်လ်ကာအိုအနေဖြင့် ချယ်ဆီးအသင်းတွင် ဂိုးသွင်းခြေ ပြန်ရမည်ဖြစ်ပြီး ၎င်းအတွက် မိမိအနေဖြင့် မည်သည့်စိုးရိမ်မှုမှမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အက်သလက်တီကိုမက်ဒရစ်အသင်း၌ ပွဲပေါင်း ၉၀ ကစားကာ ဂိုး ၇၀ သွင်းယူနိုင်ခဲ့သည့် ဖယ်လ်ကာအိုမှာ ယမန်နှစ်က မန်ယူသို့ အငှားလာရောက်ကစားသည့်အချိန်တွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    သို့သော်လည်း မော်ရင်ဟိုက ဇူလိုင်လအစောပိုင်းတွင် ခေါ်ယူခဲ့ပြီး မိမိ၏လက်အောက်တွင် ဖယ်လ်ကာအိုမှာ ကြောက်စရာကောင်းသည့်တိုက်စစ်မှူးတစ်ဦး ပြန်ဖြစ်လာနိုင်မည်ဟု ဆိုသည်။

    ထို့ပြင် မန်ယူသို့ပြောင်းရွှေ့သွားကတည်းက မိမိတို့မှာ အဆိုးများနှင့် ရင်ဆိုင်ရတော့မည်ဟု တွေးထားခဲ့ကြောင်း ၎င်းက ၀န်ခံခဲ့သည်။

    “သူ မန်ယူကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ နည်းနည်းကြောက်ခဲ့တယ်လို့ ပြောရမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူက ပင်နယ်တီစည်းအတွင်းမှာ သားရဲတစ်ကောင်လိုပါပဲ။ ပြီးတော့ တစ်ချိန်လုံး ဂိုးတွေသွင်းတဲ့သူ တစ်ယောက်ပါ။ သူကစားခဲ့တဲ့ ကလပ်အသင်းတိုင်းရဲ့ လိဂ်ပြိုင်ပွဲတိုင်းမှာ သူ ဒီလို ဂိုးတွေသွင်းခဲ့တာကိုး။ ဒါ့ကြောင့် ကျွန်တော်တို့ အင်္ဂလန်မှာလည်း
    သူဒီလိုပဲ ဂိုးသွင်းမယ်လို့ ယုံကြည်ခဲ့တယ်” ဟု မော်ရင်ဟိုက ESPN သို့ ပြောကြားခဲ့သည်။

    ဖယ်လ်ကာအို မန်ယူ၌ ခြေစွမ်းမပြနိုင်ခြင်းမှာ ကြံ့ခိုင်မှုကြောင့်မဟုတ်ဘဲ မိမိအနေဖြင့် စိုးရိမ်မှုမရှိဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    “၀ယ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ကျွန်တော်တို့ဟာ အသည်းအသန်ကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာဝန်က ဒီကိစ္စတွေအားလုံးအတွက် စုံစမ်းမှုတွေ တကယ့်ကို လုပ်ခဲ့ပါတယ်။ သေချာတာက သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာ မရှိပါဘူး။ ဒါ့ကြောင့် ရုပိုင်းဆိုင်ရာ ပြဿနာမရှိရင် ကျွန်တော်တို့ သူ့ကို ဂိုးတွေပြန်သွင်းအောင် လုပ်နိုင်ပါလိမ့်မယ်”

    Ref: Goal

  • အွန်လိုင်းချစ်သူကို အပြင်၌တွေ့ပြီးနောက် တရုတ်အမျိုးသမီးတစ်ဦး အကြိမ်ကြိမ် သေကြောင်းကြံစည်ခဲ့

    အွန်လိုင်းချစ်သူကို အပြင်၌တွေ့ပြီးနောက် တရုတ်အမျိုးသမီးတစ်ဦး အကြိမ်ကြိမ် သေကြောင်းကြံစည်ခဲ့

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    china 1

    – အွန်လိုင်းမှာ ချစ်ကြိုးသွယ်ခဲ့ကြပေမယ့် အပြင်မှာတစ်ကယ်တွေ့တဲ့အခါ ရုပ်ရည်ရူပကာ၊ လူမှုဆက်ဆံရေး စတာတွေမှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ ဇာတ်လမ်းတွေကို အခုနောက်ပိုင်း တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။

    ဒါပေမယ့် တရုတ်နိုင်ငံက အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကတော့ အွန်လိုင်းချစ်သူကို အပြင်မှာတွေ့လိုက်ရတဲ့အခါ သူ့အိပ်မက်ထဲမှာ ရင်ခုန်ခဲ့ရတဲ့ ရုပ်ရည်ရူပကာမျိုး မဟုတ်တဲ့အတွက် အကြိမ်ကြိမ် သေကြောင်းကြံတဲ့အထိကို ဖြစ်ခဲ့ပါတယ်။

    တရုတ်နိုင်ငံ အရှေ့မြောက်ဖျားက ဂျီလင်ပြည်နယ်မှာ နေထိုင်တဲ့ အဲဒီအမျိုးသမီးလေးဟာ သူ့ရဲ့ အွန်လိုင်းချစ်သူကို တွေ့ဆုံဖို့ ကပ်လျက် ဟေလောင်ဂျီယန်းပြည်နယ် မူဒန်ဂျီယန်းမြို့အထိကို သွားခဲ့ရတာပါ။

    အင်္ဂါနေ့ညပိုင်း အဲဒီမြို့က ဟိုတယ်တစ်ခုရဲ့ ၇ ထပ်မှာ တွေ့လိုက်ရတဲ့အခါမှာတော့ သူ့စိတ်ကူးအိပ်မက်ထဲကလို ရုပ်ရည်ရူပကာမျိုး မဟုတ်တဲ့အတွက် မျှော်လင့်ချက်မဲ့သွားတဲ့ ဒီအမျိုးသမီးလေးဟာ ပြဿနာ ရှာပါတော့တယ်။

    “နင်ငါ့ကို လိမ်တယ်” လို့ အော်ရင်း လသာဆောင်ကနေ ခုန်ချဖို့ ကြိုးစားတဲ့ ဒီအမျိုးသမီးကို ရဲတပ်ဖွဲ့ မနည်းဖျောင်းဖျခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိပ်ဆေးသောက်သေဖို့ ကြိုးစားခဲ့သေးလို၊ ဖန်ခွက်ကွဲ အစနဲ့ လက်ကသွေးကြောကိုဖြတ် သွေးထွက်လွန်သေဖို့လည်း ကြံစည်ခဲ့ပါသေးတယ်။

    ရဲတပ်ဖွဲ့က သူ့ရဲ့လုပ်ရပ်တွေကို တားခဲ့ရပြီး ဆေးရုံကားခေါ်ကာ ဆေးရုံကို ပို့လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    မိခင်ဖြစ်သူက သူ့သမီးနဲ့ အဲဒီအမျိုးသားဟာ အွန်လိုင်းမှာ သိပ်မကြာခင်ပဲ ချစ်ကြိုက်ခဲ့ပြီး တွေ့ဖို့ ချိန်းဆိုခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအွန်လိုင်းချစ်သူဟာ အသက် ၁၀ နှစ်လောက်ကြီးနေတာမို့ သူတို့ရဲ့ ဆက်ဆံရေးကို သဘောမတူပေမယ့် သမီးဖြစ်သူက မိသားစုကို ဆန့်ကျင်ပြီး သွားတွေ့ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

    အခုတော့ အဲဒီအမျိုးသမီးလေးဟာ အသက်အန္တရာယ်မရှိတော့ပေမယ့် ဒေါသထွက်ပြီး ဖန်ကွဲစတွေကို မြိုချခဲ့တာကြောင့် ဆေးစစ်မှုတွေပြုလုပ်ဖို့အတွက် ဆေးရုံမှာ ဆက်နေရမယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

    ဒီဇာတ်လမ်းဟာ တရုတ်နိုင်ငံ၏ အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့သွားခဲ့ပြီး မိုက်ရူးရဲဆန်တဲ့ ဒီအမျိုးသမီးလေးကို ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

    အွန်းလိုင်းချစ်သူတွေ တကယ်တွေ့တဲ့အခါ ပြဿနာဖြစ်တဲ့ ဖြစ်စဉ်ဟာ တရုတ်နိုင်ငံမှာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ အွန်လိုင်းချစ်သူနှစ်ယောက် အပြင်မှာပထမဆုံး တွေ့ဆုံကြတဲ့အခါ ဓာတ်ပုံတွေကို လိမ်ပို့ခဲ့တဲ့အတွက် လမ်းလယ်ကောင်မှာ စကားများ ရန်ဖြစ်ကြတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းစာမျက်နှာမှာ တက်လာခဲ့ပါသေးတယ်။

    Ref: shanghaiist