News @ M-Media

Blog

  • ဘလတ္တာမှာ နိုဘယ်ဆုနှင့်ထိုက်တန်သည်ဟု ပူတင်ပြော

    ဘလတ္တာမှာ နိုဘယ်ဆုနှင့်ထိုက်တန်သည်ဟု ပူတင်ပြော

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအနေအဖြင့် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများအတွက် နိုဘယ်ဆုနှင့်ပင် ထိုက်တန်သည်ဟု ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပြီး ဖီဖာ၏ ချစားမှု ပြဿနာ  အချိန်ကိုက်ထွက်ပေါ်လာခြင်းအတွက်လည်း ဝေဖန်ခဲ့သည်။

    ဘလတ္တာမှာ ပူတင်နှင့် စနေနေ့က စိန့်ပီတာစဘာ့ဂ်မြို့တွင် တွေ့ဆုံခဲ့ပြီး ရုရှားက ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားအတွက် ဖီဖာမှ အပြည့်အ၀ထောက်ခံသည်ဟု ကြေညာခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မဲခွဲမှုကိုလည်း ထိုနေ့တွင်ပင် ပြုလုပ်ခဲ့သည်။

    ဖီဖာအား ပစ်မှတ်ထားသည့် ချစားမှု စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရှုတ်ချခဲ့သည့် ပူတင်ကမူ ဘလတ္တာအား ကာကွယ်ပြောကြားခဲ့သည်။

    “အခုအချိန်မှာ မစ္စတာ ဘလတ္တာရဲ့ဝန်းကျင်မှာရှိနေတဲ့ အခြေအနေကို ကျွန်တော်တို့အားလုံး သိပါတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ချစားမှုမှာ သူ ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့တယ်ဆိုတဲ့ စကားတစ်လုံးကိုတောင် ကျွန်တော် မယုံပါဘူး။ မစ္စတာ ဘလတ္တာလိုမျိုး ဒါမှမဟုတ် နိုင်ငံတကာအားကစားအဖွဲ့ကြီး၊ အိုလံပစ်အာကစားအဖွဲ့ကြီးတွေရဲ့ အကြီးအကဲတွေဟာ
    အထူးအသိအမှတ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။ နိုဘယ်ဆုနဲ့ ထိုက်တန်တဲ့သူတွေဆိုရင်လည်း သူတို့ပါပဲ” ဟု ပူတင်က ဆွီဒင်မီဒီယာတစ်ခုဖြစ်သော RTS သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပူတင်မှာ ချစားမှုစွဲချက်များဖြင့် ဖီဖာအရာရှိများအား ဖမ်းဆီးမှုကိုလည်း ဝေဖန်ခဲ့ပြီး ကမ္ဘာ့ဖလားကျင်းပချင်သည့် နိုင်ငံအချို့က ကျင်းပခွင့်ရရေးအတွက် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ချစားမှုကို တိုက်ဖျက်တဲ့ ဒီလိုနည်းလမ်းမျိုးက ၂၀၁၈နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတွေကို ဆက်လက်ကျင်းပဖို့ မရှိတော့ဘူးလား ဆိုပြီးတော့တောင် ကျွန်တော့်ကို အတွေးဝင်စေခဲ့ပါတယ်”

    Ref: Goal

  • တရုတ်စတော့ဈေးကွက်မငြိမ်၍ အစိုးရက ၀င်ထိန်းရပြန်

    တရုတ်စတော့ဈေးကွက်မငြိမ်၍ အစိုးရက ၀င်ထိန်းရပြန်

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    china

    – ရှန်ဟိုင်းစတော့ဈေးကွက်တွင် ၈ နှစ်အတွင်း တစ်ရက်တာ အကြီးမားဆုံး ဈေးကွက်ကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ဈေးကွက်တည်ငြိမ်ရန်အတွက် အစိုးရက ထောက်ပံ့ပေးသွားမည်ဟု တရုနိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း စတော့ဈေးကွက်ပြိုလဲမှုကြောင့် အစိုးရ ကျောထောက်နောက်ခံပြု တရုတ် ဘဏ္ဍရေးလုံခြုံမှု ကော်ပိုရေးရှင်း CSFC က အစိုးရအစီအစဉ်အောက်မှနေ၍ ယွမ်ဘီလီယံပေါင်းများစွာကို ဈေးကွက်ထဲသို့ ထည့်သွင်းခဲ့ရသည်။

    သို့သော်လည်း ယမန်နေ့က စတော့ဈေးကွက်မှာ ဆိုးရွားစွာ ကျဆင်းသွားမှုကြောင့် CSFC မှာ စတော့ရှယ်ယာများကို ဆက်လက်၍ ၀ယ်ယူမည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုကဲ့သို့ ကြေညာခဲ့ခြင်းမှာ စတော့ဈေးကွက်တည်ငြိမ်အောင် အစိုးရက ဆောင်ရွက်ခြင်မပြုတော့ဟု ကောလဟာလများ ထွက်ပေါ်လာခြင်းကို ပယ်ဖျက်ရန်အတွက်ဖြစ်သည်ဟု တရုတ်နိုင်ငံ၏
    လုံခြုံရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် စတော့ဈေးကွက်အား ရည်ရွယ်ချက်ရှိရှိ ကျဆင်းအောင် ဆောင်ရွက်သည့် မည်သူ့ကိုမဆို အာဏာပိုင်များက နှိမ်နင်းသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    စီးပွားရေးအချက်အလက်များ ထွက်လာပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေး ကိုယ်ခံအားအတွက် ကြောက်ရွံ့မှုများ ရှိလာခဲ့ပြီး နိုင်ငံ၏ စတော့ဈေးကွက်မှာ ယမန်နေ့က ၈.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။ ထိုကျဆင်းမှုမှာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင်
    တစ်ရက်အတွင်း အကြီးဆုံး ကျဆင်းမှုလည်း ဖြစ်ခဲ့သည်။

    Shanghai Composite Index မှာ ၃၄၅.၃၅ ပွိုင့် ကျခဲ့ပြီး ၃၇၂၅.၅၆ ဖြင့် ယမန်နေ့က ပိတ်သွားခဲ့သည်။ Shenzhen Composite Index ကမူ ၇ ရာခိုင်နှုန်း၊ ၁၆၂.၆၂ ပွိုင့် ကျဆင်းခဲ့ပြီး ၂၁၆၀.၀၉ ဖြင့် ပိတ်ခဲ့သည်။

    တရုတ်နိုင်ငံမှာ စတော့ဈေးကွက်ပြိုလဲမှုမှကယ်တင်ရန် ဆောင်ရွက်မှုအများအပြားကို ပြုလုပ်ထားပြီး စတော့များ ရေတိုရောင်းမှုကို ပိတ်ပင်ထားကာ၊ ရှယ်ယာရှင်ကြီးများ ၎င်းတို့၏ ရှယ်ယာများကို ၆ လအထိ ရောင်းချခြင်းမပြုရန်လည်း တားမြစ်ထားသည်။

    Ref: Aljazeera

  • အင်တာမှာ စီးရီးအေဖလားကို စိန်ခေါ်နိုင်သည်ဟု မန်စီနီပြော

    အင်တာမှာ စီးရီးအေဖလားကို စိန်ခေါ်နိုင်သည်ဟု မန်စီနီပြော

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    manci

    – အင်တာမီလန်အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် အခြေအနေဆိုးရွားမှုနှင့်ပတ်သက်၍ နည်းပြ ရော်ဘတ်တို မန်စီနီက စိတ်မပူဟုဆိုပြီး မိမိတို့မှာ ယခုရာသီ စီးရီးအေဖလားအတွက် ဂျူဗင်တပ်စ်အသင်းအား စိန်ခေါ်သွားမည်ဟု ပြောကြားခဲ့သည်။

    စနေနေ့က ကစားခဲ့သည့် မြို့ခံပြိုင်ဘက် အေစီမီလန်နှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အင်တာမှာ ယမန်နေ့က ရီးယဲလ်နှင့်ပွဲတွင်လည်း ၃ ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။

    သို့သော်လည်း မန်စီနီကမူ ပြီးခဲ့သည့်နှစ်က အဆင့် ၈ ဖြင့် ရာသီသိမ်းခဲ့သော အင်တာမီလန်မှာ တိုးတက်လာနေပြီး စကူဒက်တိုဖလားကိုပင် အရယူနိုင်စွမ်းရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

    “ရလဒ်တွေကို ပုံမှန် သဘောမကျတာကလွဲလို့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အတောင့်အတင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ကစားခဲ့တယ်ဆိုတာ စဉ်းစားပြီး ပထမပိုင်းက စွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်။ အခုအချိန်မှာ ရလဒ်တွေဟာ အပြုသဘောမဆောင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့အရာက စွမ်းဆောင်ရည်တွေကို ကြည့်ရတာပါပဲ။ ပြီးတော့
    ပွဲတိုင်းမှာ ကျွန်တော်တို့ဟာ အသင်းလိုက် တိုးတက်ခဲ့ပါတယ်” ဟု ရီးယဲလ်နှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် စီးရီးအေဖလားအတွက် ဂျူဗင်တပ်စ်အသင်းသာ ရေပန်းစားနေသည်ဟု မန်စီနီက ၀န်ခံခဲ့သော်လည်း မိမိတို့အသင်း၌ ကစားသမားအားလုံး ကစားနိုင်ပါက မိမိတို့မှာလည်း ကောင်းမွန်စွာ ကစားနိုင်မည်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ ကျွန်တော်တို့ရဲ့ ချန်ပီယံရှစ်အတွက် ကျွန်တော် ယုံကြည်နေပါတယ်။ ဆုဖလားအတွက် စိန်ခေါ်နိုင်တဲ့ ကစားသမားတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်”

    Ref: Goal

  • အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်မှုတို့အား ဆန့်ကျင်ရှုတ်ချသည့် ကြေညာချက်တစ်ခုကို သီရိလင်္ကာ မွတ်စလင်လူ့အဖွဲ့အစည်း ထုတ်ပြန်

    အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်မှုတို့အား ဆန့်ကျင်ရှုတ်ချသည့် ကြေညာချက်တစ်ခုကို သီရိလင်္ကာ မွတ်စလင်လူ့အဖွဲ့အစည်း ထုတ်ပြန်

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Meida

    siri

    – အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့ ကြေညာချက်တစ်စောင်ကို သီရိလင်္ကာနိုင်ငံက အစ္စလာမ့်အဖွဲ့အစည်းအားလုံး ပူးပေါင်းပြီး ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

    All Ceylon Jamiyyathul Ulama (ACJU) အဖွဲ့က စီစဉ်ပြီး နိုင်ငံအတွင်းက အစ္စလာမ့်အဖွဲ့အစည်းတွေအားလုံး တက်ရောက်ကြတဲ့ ဇူလိုင် ၂၂ ရက်နေ့ “အစွန်းရောက်ဝါဒဆန့်ကျင်ရေး ညီလာခံ” မှာ ဒီလို ထုတ်ပြန်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး တက်ရောက်လာသူအားလုံးက အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒ ပုံစံအားလုံးကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

    ကြေညာချက်မှာတော့ အစ္စလာမ်ဟာ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ညီရင်းအကို မောင်ရင်းနှမ စိတ်ဓာတ်ကို အခြေခံပြီး လူသားအားလုံးအတွက် သနားဂရုဏာထားတဲ့ သာသနာဖြစ်ကြောင်း၊ လူသားတစ်ဦးအား သတ်ဖြတ်ပါက လူသားအားလုံးအား သတ်ဖြတ်ခြင်းသာဖြစ်သည်ဟု သွန်သင်ထားသော သာသနာဖြစ်ကြောင်း၊ လူသားအားလုံးအပေါ် သာတူညီမျှမှု၊ ခွင့်လွှတ်သည်းခံမှု၊ တရားမျှတမှုတို့ဖြင့် ဆက်ဆံကြရန် သွန်သင်ထားကြောင်း၊ အစ္စလာမ်သာသနာမှာ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် အစွန်းရောက်ဝါဒတို့ကို ဆန့်ကျင်ရှုတ်ချပြီး ထိုလုပ်ရပ်များမှာ ကြီးလေးသည့်အပြစ်ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းမှာ နယ်မြေအချို့ကို သိမ်းပိုက်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေကို ရက်စက်ကြမ်းကြုတ်စွာ လုပ်နေကြတဲ့ IS အဖွဲ့ကိုလည်း အဲဒီကြေညာချက်မှာ ရှုတ်ချခဲ့ပြီး၊ ဒီအဖွဲ့ဟာ အစ္စလာမ်နဲ့ ဆန့်ကျင်ဘက်တွေကိုသာ လုပ်ဆောင်နေတဲ့ လမ်းမှားနေတဲ့အဖွဲ့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “IS (ISIS) မှာ အစ္စလာမ်၏ အခြေခံသွန်သင်ချက်များကို ဆန့်ကျင်သောလုပ်ရပ်များကို လုပ်ဆောင်နေသော အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့မှာ အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများနှင့် ရေသောက်မြစ်အားလုံးကို ဆန့်ကျင်သောလုပ်ရပ်များ လုပ်ဆောင်နေသည့် လုံးဝ လမ်းမှားသော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်” လို့ ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

    “ဂျီဟတ်” စကားလုံးကို အနောက်နိုင်ငံတွေက လူသတ်ခြင်း၊ တရားမဲ့သည့်စစ်ပွဲများ ဆင်နွှဲခြင်းအဖြစ် ပုံဖျက်ဖော်ပြထားကြောင်း၊ ဂျီဟတ် စကားလုံး၏ အောက်တွင် အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းမှာ အစ္စလာမ်၏ ဘောင်အပြင်သို့ ရောက်ခြင်းသာဖြစ်ကြောင်း၊ “ဂျီဟတ်” ၏ အလိုသဘောအမှန်ကို အစ္စလာမ်သာသနာ၏ ခိုင်လုံသော ကျမ်းများကို ကိုးကားရေးသားထားသော စာအုပ်ကိုလည်း ACJU က ဖြန့်ဖြူးထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အစ္စလာမ်ရဲ့အမည်နာမကို အလွဲသုံးစားလုပ်နေတဲ့ IS နဲ့ အခြားအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်သူတွေကိုလည်း မိမိတို့အနေနဲ့ ရှုတ်ချပြီး နိုင်ငံအတွင်းမှာ ဒီလိုဆက်သွယ်မှုမျိုးရှိခဲ့ရင် အစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ကာ တားဆီးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ဆုံးမှာတော့ မီဒီယာတွေအနေနဲ့ ဒီကိစ္စတွေကို လူပြိန်းကြိုက် ဖော်ပြတာမျိုးမဟုတ်ဘဲ တာဝန်ရှိရှိနဲ့ ဓမ္မဓိဌာန်ကျကျ ဖော်ပြကြဖို့၊ သီရိလင်္ကာလူ့ဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ထိခိုက်အောင်မလုပ်ဖို့၊ အဲဒီမွတ်စလင်အဖွဲ့အစည်းတွေက တိုက်တွန်းခဲ့ပြီး၊ မိမိတို့ မွတ်စလင်လူ့အဖွဲ့အစည်းအနေနဲ့ ရာစုနှစ်ပေါင်းများစွာ တိုင်းပြည်အပေါ် သစ္စာစောင့်သိလာခဲ့သည့်အတိုင်း ဆက်လက်သစ္စာစောင့်သိသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

    “ရာစုနှစ်ပေါင်းများစွာ ကျွန်တော်တို့ မွတ်စလင်တွေဟာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ သီရိလင်္ကာအပေါ် သစ္စာစောင့်သိမှုတွေကို ပြသခဲ့ကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ အမိမြေကို ထိခိုက်ပျက်ဆီးစေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လုပ်ဆောင်သွားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အခိုင်အမာ ပြောကြားလိုပါတယ်” လို့ ကြေညာချက်ကို နိဂုံးချုပ်ခဲ့ပါတယ်။

    ဒီကြေညာချက်ကို သီရိလင်္ကာက ထင်ရှားတဲ့ မွတ်စလင်အဖွဲ့အစည်းတွေဖြစ်တဲ့ ACJU၊ သီရိလင်္ကာ မွတ်စလင်ကောင်စီ၊ သီရိလင်္ကာ ဂျမာအသ် အေ အစ္စလာမီ အဖွဲ့တွေအပါအ၀င်၊ အစ္စလာမ်ဘာသာရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်း စုစုပေါင်း ၁၂ ဖွဲ့က ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    ထေရ၀ါဒဗုဒ္ဓဘာသာ အများစုရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ လူနည်းစုတွေဖြစ်ကြပြီး အစိုးရကျောထောက်နောက်ခံပြု ဘာသာရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ BBS ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ပြီးခဲ့တဲ့နှစ်တွေမှာ အလူးအလဲ ခံခဲ့ကြရပါတယ်။

    Ref: Sundaytimes.lk, acju.lk

  • အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်

    အိန္ဒိယသမ္မတဟောင်းနှင့် ထင်ရှားသည့် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံ၏ သမ္မတဟောင်းဖြစ်ပြီး ထင်ရှားသည့် သိပ္ပံပညာရှင်လည်းဖြစ်သူ ဒေါက်တာ အေပီဂျေ အဘ်ဒူလ် ကလာမ်မှာ ဆိုးရွားသော ကျန်းမာရေးအခြေအနေကြောင့် မဂ်ဟာလာယာပြည်နယ် ရှီလောင်းမြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၈၄ နှစ်အရွယ်ရှိ ဒေါက်တာ ကလာမ်မှာ ရှိလောင်းမြို့ရှိ အိန္ဒိယစီမံခန့်ခွဲရေးဌာန IIM တွင် ဘွဲ့လွန်ကျောင်းသားများအား ယမန်နေ့က သင်ကြားမှုပြုလုပ်နေစဉ် ည ၇ နာရီခန့်က ရုတ်တရက် လဲကျသွားခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်း ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ အဘ်ဒူလ်ကလာမ်မှာ အိန္ဒိယနိုင်ငံ၏ ၁၁ ယောက်မြောက် သမ္မတဖြစ်ပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့အထိ သမ္မတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    ထို့ပြင် ဒေါက်တာ ကလာမ်မှာ အိန္ဒိယနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လေးစားရသည့် ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်ကြီးတစ်ဦးဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO၊ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO တို့တွင် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကာ နိုင်ငံ၏ အာကာသအစီအစဉ်နှင့် မစ်ဆိုင်းဒုံးကျည်
    ထုတ်လုပ်ရေးအစီအစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

    အိန္ဒိယသမ္မတ မိုဒီကမူ ကြီးကျယ်သည့် သိပ္ပံပညာရှင်၊ အံ့သြဖွယ်ကောင်းသည့် သမ္မတနှင့် လေးစားအားကျဖွယ်ကောင်းသူ တစ်ယောက်ကို ဆုံးရှုံးရခြင်းဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ထို့ပြင် အိန္ဒိယအစိုးရကလည်း ဒေါက်တာ အဘ်ဒူလ်ကလာမ် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းဖွယ်နေ့ကို ၇ ရက်တိတိပြုလုပ်မည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဘ်ဒူလ်ကလာမ်၏ ရုပ်အလောင်းအား ဈာပနအခမ်းအနားကျင်းပရန် နယူးဒေလီသို့ နိုင်ငံတော်အခမ်းအနားဖြင့် ယူဆောင်သွားခဲ့ပြီဖြစ်သည်။

    ဒေါက်တာ အဘ်ဒူလ်ကလာမ်ကို တမီလ်နန်ဒူးပြည်နယ် ရာမက်စ်ဝါရမ်မြို့တွင် ဆင်းရဲသော မွတ်စလင်မိသားစုမှ ၁၉၃၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မွေးဖားခဲ့သည်။

    မိသားစု စားဝတ်နေရေး မပြေလည်သောကြောင့် အဘ်ဒူလ်ကလာမ်မှာ ငယ်စဉ်ကတည်းကပင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ အထက်တန်းကျောင်းကို သာမန်အဆင့်ဖြင့်သာ ပြီးခဲ့သော်လည်း ဥာဏ်ကောင်းပြီး ကြိုးစားအားထုတ်မှုရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသည့် အဘ်ဒူလ်ကလာမ်မှာ ရူပပေဒ၊ လေကြောင်းနှင့် အာကာသ အင်ဂျင်နီယာ ပညာရပ်တို့တွင် ထူးချွန်ထက်မြက်ခဲ့ပြီး လေးစားလောက်သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

    ထို့နောက် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာကာ သမ္မဖြစ်သည်အထိ အောင်မြင်ခဲ့သူဖြစ်ကာ လူချစ်လူခင်လည်း ပေါများခဲ့သည်။

    Ref: Times of India