ဇူလိုင် ၃၀၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အခြေချအိမ်ယာ ၃၀၀ ဆောက်လုပ်ရန် အစ္စရေး၏ အတည်ပြုမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရှုတ်ချလိုက်ပြီး ထိုဆုံးဖြတ်ချက်အား
ပြန်ရုပ်သိမ်းရန်လည်း တိုက်တွန်းလိုက်သည်။
အနောက်ဘက်ကမ်း ဘီအစ် အဲလ်ဒေသတွင် အိမ်ယာ ၃၀၀ ချက်ခြင်းဆောက်လုပ်ရန်နှင့် အစ္စရေးက သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစလင်တွင် နေအိမ် ၅၀၄ လုံး ဆောက်လုပ်ရန်အစီအစဉ်တို့ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဘန်ကီမွန်ကမူ အဆိုပါ အခြေချအိမ်ယာများမှာ နိုင်ငံတကာဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ၊ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်ကာ နှစ်နိုင်ငံအဖြေရရေး အစ္စရေးက ဖော်ပြထားသည့် သဘောထားနှင့်အတူ ပြန်လည်သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နိုင်မည်မဟုတ်ဟု နယူးယောက်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်တန့်ရန်နှင့် ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းရန်လည်း ဘန်က တိုက်တွန်းခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အနောက်ဘက်ကမ်းတွင် ဘဒူအင်များနေထိုင်သော ဆူစီယာရွာအား ဖြိုချဖျက်ဆီးပစ်မည်ဟု အစ္စရေးက ခြိမ်းခြောက်မှုအတွက်လည်း စိုးရိမ်မိသည်ဟု ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။
“ကျူးကျော်သိမ်းပိုက်ထားတဲ့ ပိုင်နက်မှာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်းဟာ နိုင်ငံကတကာဥပဒေအရ တားမြစ်ထားတဲ့ကိစ္စဖြစ်ပြီး အဲဒီလို အပြုအမူတွေအတွက် တာဝန်ယူရပါလိမ့်မယ်”
Ref: Alarabiya


Leave a Reply
You must be logged in to post a comment.