News @ M-Media
Blog
  • ဂျာနယ်လစ်အား ထိုးမှုကြောင့် မက္ကဆီကိုနည်းပြ ထုတ်ပယ်ခံရ
    ဂျာနယ်လစ်အား ထိုးမှုကြောင့် မက္ကဆီကိုနည်းပြ ထုတ်ပယ်ခံရ
    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media
    mexico
    – သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မက္ကဆီကိုလက်ရွေးစင်အသင်းမှာ ၎င်းတို့၏ နည်းပြဖြစ်သူ မီဂွဲလ် ဟာရဲရားအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။
    ဟာရဲရားမှာ တနင်္ဂနွေနေ့က ကစားခဲ့သော Gold Cup ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဂျမေကာအား အနိုင်ရရှိကာ မက္ကဆီကိုအသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
    ကွန်ကာကက်ဖ်ဒေသ၏ ချန်ပီယံဖြစ်ပြီး ၂၄ နာရီမပြည့်မီမှာပင် ဟာရဲရားမှာ ဖီလာဒဲလ်ဖီးယားလေဆိပ်၌ သတင်းထောက်တစ်ဦးအား ထိုးကြိတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ထို့နောက် မက္ကဆီကိုဘောလုံးအဖွဲ့ချုပ် FMF က ယမန်နေ့တွင်
    နည်းပြ ဟာရဲရားအား ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
    ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် မကြာခင် တာဝန်ထမ်းဆောင်မည့် ဒီစီယို ဒီမာရီယာကမူ ဟာရဲရား၏ ထိုအပြုအမူကြောင့် ၎င်း၏အလုပ်အား ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ဘောလုံးအဖွဲ့ချုပ်မှာ အသီးသီးတာဝန်ယူထားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြောကြားမှုတွေကို နားထောင်ပြီးတဲ့နောက်ပိုင်းမှာ မီဂွဲလ် ဟာရဲရားကို နိုင်ငံအသင်းကနေ ထုတ်ပယ်ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါဟာ သာမန်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု FMF ၏ ကိုယ်စား ထုတ်ပြန်သော ကြေညာချက်တွင် ဒီမာရီယာက ပြောကြားခဲ့သည်။
    ထို့ပြင် လူတိုင်း၌ ရွေးချယ်မှုရှိသော်လည်း မိမိ၏တန်ဖိုးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တနင်္လာနေ့က ဖီလာဒဲလ်ဖီးယားလေဆိပ်တွင် မြင်တွေ့ခဲ့ရသည့် အခြေအနေမျိုး၏ အပေါ်တွင် မည်သူမှ ရှိ၍မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • တောင်တရုတ်ပင်လယ်အတွင်း ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှုတစ်ခု တရုတ်ပြုလုပ်
    တောင်တရုတ်ပင်လယ်အတွင်း ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှုတစ်ခု တရုတ်ပြုလုပ်
    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media
    china
    – ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ကျည်အစစ်များဖြင့် တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
    ရေကြောင်းတိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုအတွက် ဆောင်ရွက်သော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေတပ်သင်္ဘော အနည်းဆုံး ၁၀၀ ခန့်၊ လေယာဉ်များ၊ မစ်ဆိုင်းတပ်ဖွဲ့များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။
    ထို့ပြင် ဒုံးကျည်နှင့် တော်ပီဒိုပစ်ခတ်မှုများ၊ ဗုံးကြဲမှုများကိုလည်း ဆောင်ရွက်ခဲ့ကာ ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်နှင့် သတိပေးစနစ်များ စမ်းသပ်ခြင်းလည်း ပါဝင်ခဲ့သည်။ ထိုသို့ စစ်ရေးလေ့ကျင့်မှုက တရုတ်စစ်တပ်၏ ချက်ခြင်းတုံ့ပြန်နိုင်မှု စွမ်းရည်ကို တိုးတက်စေခဲ့သည်ဟု သတင်းဌာနက ထည်သွင်းဖော်ပြခဲ့သည်။
    ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း ထိုကဲ့သို့ ကျည်အစစ်များဖြင့် စစ်ရေးလ့ကျင့်မှုက ဒေသအတွင်း တင်းမာမှုများကို မြင့်တက်လာစေမည်ဖြစ်သည်။
    ၂၀၁၂ ခုနှစ်က ပထမဆုံး လေယာဉ်တင်င်္ဘောကို တာဝန်ထမ်းဆောင်စေခဲ့သည့် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ ရေတပ်အင်အားကို အလျင်အမြန် ချဲ့ထွင်လာခဲ့ပြီး၊ တိုက်ရေယာဉ်အုပ်များနှင့် ရေငုပ်သင်္ဘောအရေအတွက်များကိုလည်း မြှင့်တင်လာခဲ့သည်။
    တောင်တရုတ်ပင်လယ်၏ ဧရိယာအများစုကို ပိုင်ဆိုင်သည်ဟု ကြေညာထားသောကြောင့် ဒေသတွင်း နိုင်ငံအများအပြားနှင့် အငြင်းပွားမှုများ ရှိနေသ်ေလည်း လက်ရှိတွင် တရုတ်နိုင်ငံမှာ ထိုပင်လယ်အတွင်းရှိ ကျွန်းအချို့၌ ကျွန်းတုများဖန်တီးကာ စိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
    စစ်အားအားချဲ့ထွင်ရန် ကြိုးစားနေသည့် ဂျပန်နိုင်ငံကမူ တရုတ်၏ ထိုလုပ်ရပ်မှာ နိုင်ထက်စီးနင်းပြုသော လုပ်ရပ်ဖြစ်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က ရှုတ်ချခဲ့သည်။
    ဖိလစ်ပိုင်ကလည်း အငြင်းပွားနေသော ရေပိုင်နက်အတွင်း အဓိကထား တောင်းဆိုရန်အတွက် လာမည့်နှစ် ကာကွယ်ရေးဘက်ဂျက်ကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရန် အစီအစဉ်ရှိနေသည်။
    Ref: Channelnewsasia
  • အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်
    အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်
    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media
    obama
    – အာဖရိကသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ အာဏာမစွန့်လွှတ်ချင်ကြသည့် အာဖရိကခေါင်းဆောင်များအား ပြစ်တင်ပြောဆိုလိုက်ပြီး အာဖရိကအတွင်း ဒီမိုကရေစီ တိုးတက်ရေးမှာ အန္တရာယ်ရှိနေသည်ဟုလည်း
    ထည့်သွင်းပြောကြားခဲ့သည်။
    အီသီယိုးပီးယားနိုင်ငံ မြို့ အက်ဒစ် အဘာဘာရှိ အာဖရိကသမ္မဂ ရုံးချုပ်အဆောက်အအုံ၌ ယမန်နေ့က ပြောကြားသည့် မိန့်ခွန်း၌ အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
    “သူတို့ရဲ့ သက်တမ်းကုန်တဲ့ ခေါင်းဆောင်းတွေက ဆင်းပေးဖို့ ငြင်းဆန်နေကြတာကြောင့် အာဖရိက ဒီမိုကရေစီတိုးတက်မှုဟာ အန္တရာယ်ရှိနေပါတယ်။ ဘယ်သူမှ တသက်လုံး သမ္မတလုပ်လို့ မရပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိကိုယ်တိုင်မှာလည်း မိမိအား ဆက်ခံမည်သူကို လက်ကမ်းကြိုဆိုရင် စောင့်မျှော်နေသည်ဟု ဆိုသည်။
    “ခင်ဗျားတို့ကို ကျွန်တော် ရိုးရိုးသားသားပြောရရင် ဒါမျိုး (ရာထူးက ဆင်းမပေးချင်တာ) ကို ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ကျွန်တော် ဆက်ပြီး ပြိုင်လို့ မရတော့ပါဘူး။ အမေရိက ရှေ့ဆက်သွားနေဖို့ ကျွန်တော်လုပ်ခဲ့ချင်တာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဥပဒေဟာ ဥပဒေပါပဲ။ ဘယ်သူမှ ဒီဥပဒေပေါ်မှာ မရှိပါဘူး။
    သမ္မတတွေရောပေါ့”
    အိုးဘားမားမှာ သမ္မတနေရာမှ ဆင်းမပေးသည့်အတွက် နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နေသည့် ဘူရန်ဒီနိုင်ငံအား ထောက်ပြခဲ့ကာ အာဏာအား ဖက်တွယ်ထားခြင်းမှာ ဘေးဖြစ်မည့် လမ်းကြောင်းပေါ်သို့ ပထမဆုံးချသည့် ခြေလှမ်းသာဖြစ်သည်ဟု ဆိုသည်။
    “တကယ်လို့ ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့နိုင်ငံကို အခြေမပျက်စေဖို့ သူသာလျှင် လုပ်နိုင်သူလို့ ထင်ရင်တော့ ဒီခေါင်းဆောင်ဟာ တိုင်းပြည်ကို တကယ်တည်ဆောက်ဖို့ ကျရှုံးသွားတာပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ထို့ပြင် တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားမှာ အာဖရိကတိုက်အတွက် အတုယူစရာခေါင်းဆောင်ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Aljazeera
  • ၂၀၁၅ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက်  လျှောက်လွှာခေါ်ယူ
    ၂၀၁၅ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက် လျှောက်လွှာခေါ်ယူ
    ဇူလိုင် ၂၉ ၊ ၂၀၁၅
    M-Media
    သီဟ
    .
    အစိုးရ မဲဟာဂျီလို့ လူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀)ဦးအတွက် လျှောက်လွှာများ သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံး ထားပြီး လျောက်ထားနိုင်ကြောင်း (၂၀၁၅)ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
    လျှောက်လွှာများကို (၃-၈-၂၀၁၅)မှ (၁၂-၈-၂၀၁၅)ရက် အတွင်း တင်ရမှာဖြစ်ပါတယ်။ မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးကို U$2,175.(အမေရိကန်ဒေါ်လာ-၂၁၇၅) ဒါမှမဟုတ် အဲဒီ တန်ဖိုးနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ ကာလပေါက်ဈေးနဲ့ ပေးသွင်း ရမှာဖြစ်ပါကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    မနှစ်က တော့ ခွဲတမ်းဟဂ်ျနှင့် သွားရောက်သူများပေးသွင်းရသည့် ကုန်ကျစရိတ်မှာ ၂၂ သိန်း ၅ သောင်းဖြစ်ခဲ့ပြီး ယခုနှစ်မှာတော့ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေတာဖြစ်လို့ ယခုလို အမေရိကန် ဒေါ်လာနှုန်းထားဖြင့် သတ်မှတ် လိုက်တာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
    ၂၀၁၄ ခုနှစ်က ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှာ ကုမ္ပဏီများဖြင့် ဟဂ်ျ သွားရောက်ခွင့်ရှိသည့် လူအရေအတွက်မှာ ၃၃၀၀ ခန့် ဖြစ်ပြီး ကုန်ကျစရိတ်မှာ သိန်း ၅၀ မှ ၆၀ အကြား ပေါက်ဈေး ရှိခဲ့ပါတယ်။
    ယခုနှစ်မှာတော့ ဒေါ်လာဈေးမြင့်တက်နေတာကြောင့် ဒီထပ်ပိုပြီး များလာဖွယ်ရာရှိပါတယ်။
    ခွဲတမ်းဟဂ်ျ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့ပဲဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
    အမှတ်(၁၈၄)၊(၃)လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း – ၂၄၁၈၈၇၊၂၅၃၆၈၃၊ ၂၅၂၆၀၈၊ ၂၄၁၇၁၇၊ ၂၄၁၂၁၂၊ ၂၉၆၁၃၄
    (၂၀၁၅)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် လျှောက်လွှာ ခေါ်ယူခြင်း
    ရက်စွဲ – ၂၀၁၅ခုနှစ် ၊ ဇူလိုင်လ (၂၈)ရက်
    (၂၀၁၅)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် ဟဂ်ျပြုလိုကြသည့် အစ္စလာမ်ဘာသာဝင် များသည် (၃-၈-၂၀၁၅)ရက်နေ့မှ (၁၂-၈-၂၀၁၅)ရက်နေ့အတွင်း ဟဂ်ျလျှောက်လွှာများကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးများတွင် ရယူ လျှောက်ထားနိုင်ကြပါသည်။
    ဟဂ်ျလျှောက်လွှာ လျှောက်ထားသူများသည်-
    (၁) လျှောက်ထားချိန်တွင် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ပြီး အသက်(၆၅)နှစ်ထက်မကြီးသူဖြစ်ရမည်။
    (၂)  တရားတော်က သတ်မှတ်ထားချက်နှင့်အညီ ဟဂ်ျပြုရန် တာဝန်ထိုက်သူဖြစ်ရမည်။
    (၃)  (အဆုတ်၊ အနာကြီး) စသည့် ကူးစက်တတ်သော ရောဂါကင်းရှင်းသူဖြစ်ရမည်။
    (၄)  ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမည်။
    (၅)  ဟဂ်ျ တကြိမ်တခါမျှ သွားရောက်ခဲ့ခြင်း မရှိသူဖြစ်ရမည်။ (မြန်မာ ဟာဂျီလောင်း (၂၈၀)ဦး အစီအစဉ်သည် တစ်ကြိမ်တစ်ခါမှ ဟဂ်ျမပြုရသေးသူများအတွက် သက်သာသော နှုန်းထားဖြင့် သွားရောက်နိုင်သည့် အခွင့်အရေးဖြစ်သဖြင့် ဟဂ်ျပြုပြီးသူများ (လုံးဝ) လျှောက်ထားခြင်း မပြုရပါ။ အကယ်၍ ဟဂ်ျ သွားခဲ့ပြီးကြောင်း စိစစ်တွေ့ရှိပါက ဟာဂျီလောင်းစားရင်းမှ ပယ်ဖျက်ခြင်း ခံရမည့်အပြင် မိမိပေးသွင်းထားသော ငွေဆုံးရှုံးနိုင်သည်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။)
    (၆)  မဲဟရ်ရမ်အတွဲများအနေဖြင့် တရားတော်နှင့်ညီညွတ်သော (မဲဟရ်ရမ်) အတွဲဖြစ်ရမည်။ နှစ်ဦးထက်ပိုတွဲထားသော မဲဟရ်ရမ် အတွဲများကို လက်ခံမည် မဟုတ်ပါ။ မဲဟရ်ရမ် အတွဲ နှစ်ဦးစလုံး ဟဂ်ျ မပြုဖူးသူများဖြစ်ရမည်။
    (၇) ဓာတ်ပုံနှင့် စာသား ထင်ရှားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့်) ပြု/ဧည့် နိုင်ငံသားကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း (သန်းခေါင်းစာရင်း) မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။
    (၉)  ဗလီ/သာသနာ့စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော သာသနာ့ပညာရှင်ဖြစ်ပါက သက်ဆိုင်ရာ ဗလီဝတ်ကျောင်း ဂေါပကအဖွဲ့/ သာသနာ့စာသင်ကျောင်း ကျောင်းအုပ်ကြီး၏ ထောက်ခံချက်ကို ပူးတွဲ တင်ပြရမည်။
    (၁၀)  ဟဂ်ျလျှောက်လွှာများကို လျှောက်ထားသူကိုယ်တိုင် (၁၂-၈-၂၀၁၅)ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည်။
    (၁၁)  လျှောက်ထားသည့်ဦးရေသည် ခွဲတမ်းသတ်မှတ်ထားသည့် (၂၈၀)ဦးထက်ကျော်လွန်ပါက အများရှေ့မှောက်တွင် မဲစနစ်ဖြင့် မဲဖောက်ရွေးချယ်သွားမည်။
    (၁၂)  ဟဂ်ျမဲပေါက်သူ ကိုယ်တိုင် သွားရောက်ရမည်။ (အစားထိုး၍ ကိုယ်စား သွားရောက်ခြင်း လုံးဝ ခွင့်မပြုပါ။)
    (၁၃)  ဟဂ်ျလျှောက်လွှာပုံစံများကို တစ်ဦးချင်းအတွက် ငွေကျပ် (၁၀ဝ၀ိ/-)နှုန်း၊ မဲဟရ်ရမ် အတွဲအတွက် ငွေကျပ်(၂၀ဝ၀ိ/)နှုန်းဖြင့် ရယူနိုင်ကြပါသည်။
    (၁၄)  မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၂၁၇၅) သို့မဟုတ် ယင်းတန်ဖိုးနှင့်ညီမျှသော မြန်မာကျပ်ငွေအား ကာလပေါက်ဈေးနှင့်အညီ ပေးသွင်းရမည်။
    (၁၅)  ဟဂ်ျနှင့်ပတ်သက်၍ မည်သည့်အပိုကြေးမှ ပေးရန် မလိုပါ။ အကယ်၍ တောင်းခံလာပါက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသို့ တိုင်ကြားနိုင်ပါသည်။
    (၂၀၁၅)ခုနှစ် ဟဂ်ျစေလွှတ်ရေးကြီးကြပ်မှုကော်မတီ
    Form
  • IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်
    IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်
    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media
    irish
    – ပြီးခဲ့သည့်လအတွင်း တူနီးရှားနိုင်ငံ၌ အိုင်ယာလန်နိုင်ငံသားများ အသတ်ခံရမှုကို ဆန့်ကျင်ရန်နှင့် အစ္စလာမ်၏ အမည်နာမအား အလွဲသုံးစားလုပ်နေသော IS အဖွဲ့အား ရှုတ်ချရန်တို့အတွက် အိုင်းရစ်မွတ်စလင်များက ချီတက်ဆန္ဒပြမှု တစ်ခုကို ပြီးခဲ့သည့် တနင်္ဂနွေက ပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ ချီတက်ဆန္ဒပြမှုကို Not In Our Name အမည်ဖြင့် မြို့တော် ဒက်ဗလင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး IS ၏ တူနီးရှားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၈ ဦးသေဆုံးခဲ့ပြီး တစ်လအကြာ၌ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ သေဆုံးသူများတွင် အိုင်ယာလန်နိုင်ငံသား ၃ ဦး ပါဝင်ခဲ့သည်။
    “IS လက်ဝေခံ အိုင်းရစ်မွတ်စလင်တွေက နည်းနည်းလေးပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ မုသာဝါဒတွေကို တားဆီးဖို့ လိုအပ်ပါတယ်” ဟု အဘန့်ချဒ်တောင်းရှိ အလ်-မွတ်စ်တာဖာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး ဆန္ဒပြပွဲကို စီစဉ်ရာတွင် ကူညီပေးခဲ့သူ ဒေါက်တာ ရှိခ် အူမာရ် အလ်-ကွာဒရီက ပြောကြားခဲ့သည်။
    Not In Our Name ချီတက်ဆန္ဒပြမှုကို မွတ်စလင်ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကောင်စီက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး IS အကြမ်းဖက်အုပ်စု၏ လူသတ်လှုပ်ရှားမှုမှာ အစ္စလာမ်၏ သွန်သင်မှုများနှင့် လုံးဝဆန့်ကျင်နေသည်ကို ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။
    ထို့ပြင် ကောင်စီမှာ နိုင်ငံတစ်ဝှမ်းလုံးတွင် ထိုကဲ့သို့ ဆန္ဒပြမှုများပြုလုပ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။
    “လွန်ခဲ့တဲ့နှစ်တွေက တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ကို ရုပ်ပြောင်ရေးဆွဲမှုနဲ့ပတ်သက်ပြီး မွတ်စလင်တွေဟာ ဒက်ဗလင်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အခုတော့ အကြမ်းဖက်သမားတွေက အစ္စလာမ်နဲ့ မွတ်စလင်တွေကို ဒီရုပ်ပြောင်တွေထက် ပိုပြီးတော့တောင် ထိခိုက်ပျက်ဆီးစေပါတယ်။ အစ္စလာမ်ကြောက်ရောဂါတွေကလည်း ဒီ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရှိန်အဟုန်နဲ့ကို မြင့်တက်လာခဲ့ပါတယ်” ဟု အလ်-ကွာဒရီက ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စလာမ်အား မပျက်စီးစေသော ရုပ်ပြောင်များအတွက် မွတ်စလင်များအနေဖြင့် ချီတက်ဆန္ဒပြနိုင်လျှင် အစ္စလာမ်၏ သွန်သင်ဆုံးမမှုများကို ဖျက်ဆီးနေသော IS နှင့်ပတ်သက်၍ ဆန္ဒပြနိုင်ရမည်ဖြစ်ကြောင်း၊ မွတ်စလင်များ တိတ်ဆိတ်နေခြင်းက IS အား လက်ခံသူများအဖြစ် အခြားသူများ၏ အထင်မှားအမြင်မှားဖြစ်မှုကို ခံရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းလုံးက၊ အထူးသဖြင့် ငြိမ်းချမ်းမှုကို မြတ်နိုးသော မွတ်စလင်အများစုကြီးက မဖြစ်မနေ ရှုတ်ချရမည်ဟုလည်း ဒေါက်တာ အလ်-ကွာဒရီက ဆိုသည်။
    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုအတွက် အစ္စလာမ်မှာ နေရာမရှိပါဘူး။ ဒါတွေနဲ့လည်း သာသနာကို လုံးဝ တန်းညှိလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီးက အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်”
    အိုင်ယာလန်နိုင်ငံ၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူ အရေအတွက်မှ ၁.၁ ရာခိုင်နှုန်းရှိပြီး၊ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူများနှင့် ပြောင်းရွှေ့အခြေချလာသူများကြောင့် မြင့်တက်လျက်ရှိနေသည်။
    Ref: Onislam