News @ M-Media

Blog

  • ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ ထပ်မံဆောက်လုပ်ရန် အစ္စရေး စီစဉ်ပြန်

    ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ ထပ်မံဆောက်လုပ်ရန် အစ္စရေး စီစဉ်ပြန်

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    pal

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားရုံးက ယခင်တားမြစ်ထားသော နေရာများ အပါအ၀င် တရားမ၀င်အိမ်ရာ ၁၀၅၅ ခုကို ပြန်လည်ဆောက်လုပ်ရန် အစ္စရေးက စီစဉ်နေသည်ဟု အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာများကို စောင့်ကြည့်နေသည့် Peace Now အဖွဲ့က ပြောကြားလိုက်သည်။

    အစ္စရေး စစ်ဘက်ကော်မတီက ဘီဘစ်အလ် အခြေချအိမ်ယာရှိ အိမ်အလုံးရေ ၂၄ ခုကို ပြန်လည်ဆောက်လုပ်ရန် ယမန်နေ့တွင် အတည်ပြုခဲ့သည်။ ထိုအိမ်ယာမှာ ပါလက်စတိုင်းတို့၏ နယ်မြေများအတွင်းသို့ ကျရောက်နေသောကြောင့် ဇူလိုင်လကုန် နောက်ဆုံးထား၍ ဖြိုချရန် အစ္စရေးတရားရုံးချုပ်က အမိန့်ပေးထားသည့် အိမ်ယာဖြစ်သည်။

    အဆိုပါဒေသမှာ အနာဂတ်ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရန် အဆိုပြုထားသည့် နေရာဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း တရားဝင် အသိအမှတ်ပြုထားသည်။

    အစ္စရေးစစ်တပ်မှာ ဖျက်သိမ်းခိုင်းထားသည့် အိမ်ခြေ ၂၂၈ ကို ပြန်လည်ဆောက်လုပ်ရန်နှင့် အိမ်ခြေသစ် ၅၄၁ ခုကို ထပ်မံဆောက်လုပ်ရန် ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သည်ဟု Peace Now အဖွဲ့က ဆိုသည်။

    ထို့ပြင် အိမ်ခြေ ၂၉၆ လုံးပါဝင်မည့် အိမ်ယာ စီမံကိန်းအသစ်ကိုလည်း အတည်ပြုခဲ့ပြီး၊ ပါလက်စတိုင်းပိုင် နယ်မြေ၌ စက်မှုဇုန်နှစ်ခုနှင့် ဂျူးဘာသာရေးကျောင်းတစ်ခု တည်ဆောက်ရန်လည်း အစ္စရေးစစ်တပ်က ထည့်သွင်း အတည်ပြုခဲ့သည်။ ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င် အခြေချအိမ်ရာများ ဆောက်လုပ်ရန် အစ္စရေးက လွန်ခဲ့သည့် တစ်နှစ်က နောက်ဆုံးအတည်ပြုခဲ့သည်။

    အစ္စရေး၏ ထိုလုပ်ရပ်များမှာ နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းဖြစ်ပြီး ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တောင်းဆိုခဲ့ကြသော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိချေ။

    Ref: Aljazeera

  • ချန်ပီယံလိဂ်တွင် နိုင်ငံရေးရည်ရွယ်ချက် ဖော်ပြမှုအတွက် ဘာစီလိုနာ ဒဏ်ရိုက်ခံရ

    ချန်ပီယံလိဂ်တွင် နိုင်ငံရေးရည်ရွယ်ချက် ဖော်ပြမှုအတွက် ဘာစီလိုနာ ဒဏ်ရိုက်ခံရ

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    baca

    – ဇွန်လက ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာ ပရိသတ်သတ်များက ကာ့တ်လန်ဒေသအလံကို ဝှေ့ယမ်းအားပေးခဲ့မှုကြောင့် ယူအီးအက်ဖ်အေက ဘာစီလိုနာအသင်းအား ဒဏ်ငွေ ယူရို ၃၀၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    ဘာစီလိုနာအသင်း၏ တာဝန်ရှိသူအများစုမှာ အသင်းအခြေစိုက်ရာ ကာတာလိုနီယာဒေသအား စပိန်မှခွဲထွက်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြပြီး ခွဲထွက်ရေးအတွက် ပြီးခဲ့သည့်နှစ် ပြည်သူ့ဆန္ဒ မခံယူခင်ကလည်း အသင်းအနေဖြင့် ထိုလှုပ်ရှားမှုကို ထောက်ခံသည်ဟု အတည်ပြု ကြေညာခဲ့သည်။

    ဘာစီလိုနာအသင်း၏ ပြည်တွင်းပွဲစဉ်တိုင်းတွင် ကာ့တ်လန်အလံကို တွေ့မြင်ခဲ့ရသော်လည်း ယူအီးအက်ဖ်အေကမူ ဥရောပပြိုင်ပွဲများတွင် နိုင်ငံရေးယုံကြည်ချက်အား ဖော်ပြရန် ခွင့်မပြုပေ။ ထို့ကြောင့် ဇွန်လ ၆ ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကာ့တ်လန်အလံ ဝှေ့ယမ်းမှုအတွက် ယခုကဲ့သို့ ဒဏ်ငွေ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ယူအီအက်ဖ်အေမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဘာစီလိုနာအသင်းမှာ စည်းကမ်းချက် အပိုဒ် ၁၆-၂ (ခ) တွင် ဖော်ပြထားသည့် “ဘောလုံးပြိုင်ပွဲနှင့် မအပ်စပ်သည့် သတင်းစကားအား အမူအရာ၊ စကားလုံး၊ အရာဝတ္တု သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် အသုံးပြုခြင်း၊ အထူးသဖြင့် နိုင်ငံရေး၊ အယူဝါဆိုင်ရာ၊ ဘာသာရေး၊ ရန်လိုသော၊ စော်ကားသော အပြုအမူနှင့် ပတ်သက်သည့် ဖော်ပြမှုများကို တားမြစ်သည်” ဟူသော အချက်ကို ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။

    ဘာစီလိုနာအသင်းကမူ ယူအီးအက်ဖ်အေ၏ ထိုဆုံးဖြတ်ကို လေးစားသော်လည်း လက်ခံမည်မဟုတ်ဘဲ အသင်းနှင့် အသင်းနှင့်ပတ်သက်သူများ၏ အခွင့်အရေးကို လက်ရှိ ဥပဒေများအား မထိခိုက်စေဘဲ ကာကွယ်သွားမည်ဟု ပြန်လည် တုံ့ပြန်ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်ရှိ ရုပ်ရှင်ရုံတွင် လူဖြူတစ်ဦး သေနတ်ဖြင့် ၀င်ပစ်၊ ၂ ဦးသေဆုံး

    အမေရိကန်ရှိ ရုပ်ရှင်ရုံတွင် လူဖြူတစ်ဦး သေနတ်ဖြင့် ၀င်ပစ်၊ ၂ ဦးသေဆုံး

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် လာဖာယက်တီမြို့တွင် သေနတ်သမားတစ်ဦးက ယမန်နေ့ညပိုင်းတွင် ရုပ်ရှင်ရုံအတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး သေနတ်သမားမှာ မိမိကိုယ်ကို ပစ်သတ်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Train Wreck အမည်ရသည့် ရုပ်ရှင်ကို ဒေသစံတော်ချိန် ည ၇ နာရီပွဲ၌ ပြသပြီး မိနစ် ၂၀ အကြာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကေသီ ဒိုမီနစ်ကမူ သေနတ်သမားမှာ အသက်ကြီးသည့် လူဖြအမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်ရှင်ရုံထဲသို့ ၀င်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူဘာမှမပြောပါဘူး။ ဘာအော်သံမှလည်း ကျွန်မ မကြားပါဘူး” ဟု ဒိုမီနစ်ကဆိုပြီး ၎င်းတို့စုံတွဲ နီးစပ်ရာ ထွက်ပေါက်မှ ထွက်မပြေးခင် သေနတ်သံ ၆ ချက် ကြားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သေနတ်သမားမှာ နောက်ပိုင်းတွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

    ပစ်ခတ်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် လူပေါင်း ၁၀၀ ခန့် ရှိသည်ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရသူ ကိုင်ဖာ ဆန်ဒါစ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၃ နှစ်ကလည်း ကိုလိုရာဒိုပြည်နယ် အူရိုရာမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ လင်းနို့လူသား၏ The Dark Knight Rises ဇာတ်ကား ပြသနေစဉ် ဂျိမ်းစ်ဟုမ်းဆိုသူက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    Ref: Channelnewsasia

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၃၊ ၂၀၁၅)

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    တစ်ရက်အတွင်း ပါလက်စတိုင်း ၂ ဦးကို အစ္စရေးပစ်သတ်
    …………………………………….
    အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ဟီဘရွန်ဒေသမှ အိမ်တစ်အိမ်သို့ ယမန်နေ့တွင် အစ္စရေးစစ်သားများ ချိုးဖျက်ဝင်ရောက် စီးနင်းမှုအတွင်း အသက် ၅၂ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသား ဖာလာဟ် အဘူ မာရီယာကို
    ပစ်သတ်ခဲ့သည်။ အဘူ မာရီယာမှာ အစ္စရေးစစ်သားများ၏ စီးနင်းဝင်ရောက်မှုအတွင်း ခြေထောက်၌ ဒဏ်ရာရသွားသော အသက် ၂၂ နှစ်အရွယ် သားဖြစ်သူအား ကူညီရန် ကြိုးစားနေစဉ် ရင်ဘတ်အား သေနတ်ဖြင့် ၂ ချက်ဆက်တိုက် အနီးကပ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကလည်း အနောက်ဘက်ကမ်း ဂျီနင်ဒေသ၌ ၀င်ရောက်စီးနင်းမှုအတွင်း အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်။ ယခုနှစ်အတွင်း အစ္စရေးစစ်တပ်မှ ပစ်သတ်မှုကြောင့် အနောက်ဘက်ကမ်းတွင် သေဆုံးရသူ ပါလက်စတိုင်းများမှာ ၁၆ ဦးရှိနေပြီး ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကုလက ပြောကြားခဲ့သည်။

    အရှေ့တရုတ်ပင်လယ်ကိစ္စ ဂျပန်၏ ကန့်ကွက်မှုကို တရုတ်ဝေဖန်
    …………………………
    အရှေ့တရုတ်ပင်လယ်မှ ဂျပန်နှင့်တရုတ်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပိုင်နက်တွင် တရုတ်၏ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ဓာတ်ပုံများကို ဂျပန်နိုင်ငံက ထုတ်ပြန် ကန့်ကွက်လိုက်ခြင်းမှာ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုကိုသာ ဖြစ်စေမည်ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းများအတွက် မည်သည့် အကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အငြင်းပွားမှုမရှိသော ရေပိုင်နက်တွင် ရေနံနှင့် သဘာဝဓတ်ငွေ့ ရှာဖွေထုတ်လုပ်ပိုင်ခွင့်မှာ တရားနည်းလမ်းကျသည်ဟုလည်း ပြောကြားခဲ့သည်။

    ဆိုယုဇ်အာကာသယာဉ် ISS နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်
    ………………………….
    ရုရှား၊ ဂျပန်နှင့် အမေရိကန်တို့မှ အာကာသယာဉ်မှူး ၃ ဦးကို တင်ဆောင်သွားခဲ့သည့် ဆိုယုဇ် အာကာသယာဉ်မှာ ယမန်နေ့က မြေပြင်မှလွှတ်တင်ပြီး ၆ နာရီအကြာတွင် နိုင်ငံတကာ အာကာသစခန်း ISS နှင့် ချိတ်ဆက်နိုင်ခဲ့သည်ဟု နာဆာက ပြောကြားခဲ့သည်။ လွှတ်တင်မည့် ရုရှား ဒုံးပျံ ပြဿနာကြောင့် ၂ လကြာ နှောင့်နှေးခဲ့ရသည့် အဆိုပါ အာကာသယာဉ် လွှတ်တင်မှုကို
    ကမ္ဘာတစ်ဝှမ်းရှိ အာကာသ ပညာရှင်များက စောင့်ကြည့်ခဲ့ကြသည်။

    Ref: News Agencies

  • သစ်ခုတ်သမားများကို မြန်မာထောင်ချမှု တရုတ် ကန့်ကွက်ကာ ပြန်လည် လွှဲပေးရန် တောင်းဆို

    သစ်ခုတ်သမားများကို မြန်မာထောင်ချမှု တရုတ် ကန့်ကွက်ကာ ပြန်လည် လွှဲပေးရန် တောင်းဆို

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    log

    – တရုတ်နိုင်ငံသား ၁၅၃ ဦးအား သစ်ခိုးခုတ်မှုအတွက် မြန်မာနိုင်ငံမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှုကို တရုတ်နိုင်ငံက သံတမန်နည်းလမ်းဖြင့် ယနေ့တွင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်တွင် တရားမ၀င်သစ်ခုတ်မှုများကို နှိမ်နှင်းရာမှ ထိုလုပ်ငန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ယခုနှစ် ဇန်န၀ါရီလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ ၁၅၃ ဦးကို ယမန်နေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့ပြီး ၂ ဦးကိုမူ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူကန်ကမူ မိမိတို့မှာ နိုင်ငံသားများ ဖမ်းဆီးခံရပြီးကတည်းက ထိုကိစ္စအတွက် နည်းလမ်းပေါင်းစုံးသုံး၍ မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်သတင်းဌာနဖြစ်သည့် Xhinhua ကမူ လူကန်မှာ အဆိုပါ သစ်ခုတ်သမားများ၏ အခြေအနေမှန်ကို ထည့်သွင်းစဉ်းစားရန်နှင့် ဥပဒေနှင့် ညီညွှတ်ပြီး၊ သင့်လျော်ကာ ယုတ္တိတန်သည့် နည်းလမ်းမျိုးဖြင့် ထိုကိစ္စကို ကိုင်တွယ်ရန် မြန်မာအစိုးရအား တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် အဆိုပါ ဖမ်းဆီးထားသူများအား တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပေးရန်လည်း မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

    သို့ရာတွင် မြန်မာအစိုးရကမူ မိမိတို့မှာ တရားစီရင်ရေးကိစ္စတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    “အခြားတိုင်းပြည်တွေမှာ ကျွန်တော်တို့ နိုင်ငံသားတွေ ဥပဒေချိုးဖောက်တဲ့အခါ၊ သူတို့တွေဟာ အဲဒီနိုင်ငံက ဥပဒေနဲ့ အပြစ်ပေး ခံရမှာပါပဲ။ ဒါကိုကြားဝင်ဖို့ သံတမန်နည်းလမ်းကို ကျွန်တော်တို့ သုံးလို့မရပါဘူး။ တရုတ်နိုင်ငံက နားလည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လိုအပ်နေတာက အနာဂတ်မှာ တရားမ၀င် သစ်ခုတ်မှုကို တားမြစ်ဖို့ပါပဲ” ဟု မြန်မာအစိုးရ၏
    ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Ref: Channelnewsasia, Ibtimes