ဇူလိုင် ၂၉၊ ၂၀၁၅
M-Media
– ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ကျည်အစစ်များဖြင့် တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ရေကြောင်းတိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုအတွက် ဆောင်ရွက်သော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေတပ်သင်္ဘော အနည်းဆုံး ၁၀၀ ခန့်၊ လေယာဉ်များ၊ မစ်ဆိုင်းတပ်ဖွဲ့များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။
ထို့ပြင် ဒုံးကျည်နှင့် တော်ပီဒိုပစ်ခတ်မှုများ၊ ဗုံးကြဲမှုများကိုလည်း ဆောင်ရွက်ခဲ့ကာ ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်နှင့် သတိပေးစနစ်များ စမ်းသပ်ခြင်းလည်း ပါဝင်ခဲ့သည်။ ထိုသို့ စစ်ရေးလေ့ကျင့်မှုက တရုတ်စစ်တပ်၏ ချက်ခြင်းတုံ့ပြန်နိုင်မှု စွမ်းရည်ကို တိုးတက်စေခဲ့သည်ဟု သတင်းဌာနက ထည်သွင်းဖော်ပြခဲ့သည်။
ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း ထိုကဲ့သို့ ကျည်အစစ်များဖြင့် စစ်ရေးလ့ကျင့်မှုက ဒေသအတွင်း တင်းမာမှုများကို မြင့်တက်လာစေမည်ဖြစ်သည်။
၂၀၁၂ ခုနှစ်က ပထမဆုံး လေယာဉ်တင်င်္ဘောကို တာဝန်ထမ်းဆောင်စေခဲ့သည့် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ ရေတပ်အင်အားကို အလျင်အမြန် ချဲ့ထွင်လာခဲ့ပြီး၊ တိုက်ရေယာဉ်အုပ်များနှင့် ရေငုပ်သင်္ဘောအရေအတွက်များကိုလည်း မြှင့်တင်လာခဲ့သည်။
တောင်တရုတ်ပင်လယ်၏ ဧရိယာအများစုကို ပိုင်ဆိုင်သည်ဟု ကြေညာထားသောကြောင့် ဒေသတွင်း နိုင်ငံအများအပြားနှင့် အငြင်းပွားမှုများ ရှိနေသ်ေလည်း လက်ရှိတွင် တရုတ်နိုင်ငံမှာ ထိုပင်လယ်အတွင်းရှိ ကျွန်းအချို့၌ ကျွန်းတုများဖန်တီးကာ စိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
စစ်အားအားချဲ့ထွင်ရန် ကြိုးစားနေသည့် ဂျပန်နိုင်ငံကမူ တရုတ်၏ ထိုလုပ်ရပ်မှာ နိုင်ထက်စီးနင်းပြုသော လုပ်ရပ်ဖြစ်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က ရှုတ်ချခဲ့သည်။
ဖိလစ်ပိုင်ကလည်း အငြင်းပွားနေသော ရေပိုင်နက်အတွင်း အဓိကထား တောင်းဆိုရန်အတွက် လာမည့်နှစ် ကာကွယ်ရေးဘက်ဂျက်ကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရန် အစီအစဉ်ရှိနေသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.