News @ M-Media

Blog

  • မွတ်စလင်အမျိုးသမီးအား ဟိဂျဘ်ပုဝါကြောင့် အလုပ်မပေးသည့်ကုမ္ပဏီ နစ်နာကြေးပေးရ

    မွတ်စလင်အမျိုးသမီးအား ဟိဂျဘ်ပုဝါကြောင့် အလုပ်မပေးသည့်ကုမ္ပဏီ နစ်နာကြေးပေးရ

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    us

    – အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး အလုပ်သွားလျှောက်ရာတွင် ၎င်း၏ ဟိဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်မပေးခဲ့သည် အ၀တ်အစားကုမ္ပဏီ Abercrombie & Fitch အနေဖြင့် နစ်နားကြေးပေးဆောင်ခဲ့ရသည်ဟု သိရသည်။

    “စမန်သာ အီလုဖ်ရဲ့ ဇွဲကောင်းမှုက ဒီအောင်မြင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းပါပဲ” ဟု အမေရိကန်- အစ္စလာမ် ဆက်ဆံရေးအသင်း အိုကလာဟိုးမား အဖွဲ့ခွဲမှ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်သူ ဗီရိုနီကာ လိုင်ဇူရီက ပြောကြားခဲ့သည်။

    အီလုဖ်မှာ တူလ်ဆာမြို့ရှိ Abercrombie & Fitch ကုမ္ပဏီ အရောင်းစင်တာတွင် ၂၀၀၈ ခုနှစ်က အလုပ်သွားလျှောက်ရာ၌ ၎င်း၏ ဟီဂျဘ်ဝတ်ဆင်မှုအတွက် အလုပ်ပေးရန် ငြင်းဆိုခြင်း ခံခဲ့ရသည်။

    ဒီမိုကရေစီဘိုးအေနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် ထိုကဲ့သို့ ခွဲခြားခံရမှုကြောင့် အီလုဖ်မှာ ၎င်း၏ အပြစ်အပျက်အတွက် တရားရုံးချုပ်သို့ တက်ရောက်တိုင်ကြားခဲ့သည်။ ထို့နောက် အလုပ်သမားများအား ဘာသာရေး ယုံကြည်လိုက်နာမှုကို အခြေခံ၍ ခွဲခြားခြင်းမပြုရဟူသော ၁၉၆၄ ခုနှစ် လူ့အခွင့်အရေးအက်အက်ဥပဒေဖြင့် ထိုကုမ္ပဏီအား တရားစွဲဆိုခဲ့သည်။

    အဆိုပါတရားစွဲဆိုမှုကို အမေရိကန်အစိုးရဌာနဖြစ်သော ညီတူညီမျှ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ကော်မရှင် EEOC က ဦးဆောင်ဦးရွက် ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တရားရုံးချုပ်က ဇွန်လ ၁ ရက်နေ့တွင် အီလုဖ်အား
    အနိုင်ပေးခဲ့သည်။

    ထိုစီရင်ချက်အတွက် Abercrombie & Fitch ကုမ္ပဏီက အယူခံဝင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရပြီး အီလုဖ်အတွက် နစ်နာကြေး ၂၅၆၇၀ နှင့် တရားရုံးစားရိတ် ၁၈၉၈၃ ဒေါ်လာတို့ကို ပေးဆောင်ခဲ့ရသည်။

    အီလုဖ်ကမူ ခွဲခြားမှုအကြောင်းအရင်းကြောင့် အလုပ်ပေးရန် ငြင်းပယ်ခံရသူများအနေဖြင့် EEOC နှင့် အခြားသော လူ့အခွင့်အရေးအဖွဲ့များသို့ တိုင်ကြားရန် ရှက်ကြောက်မနေသင့်ဟု ပြောကြားခဲ့သည်။

    Abercrombie & Fitch ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူကမူ ယခုပြဿနာအား ဖြေရှင်းပြီးခဲ့သည့်အတွက် ကျေနပ်ကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် လက်ရှိဆိုင်များနှင့် အနာဂတ်တွင် ဖွင့်လှစ်မည့်ဆိုင်များတွင် သဘောထားကြီးပြီး၊ ပိုမိုသည်းခံနိုင်သည့်
    ပတ်ဝန်းကျင်တစ်ခုကို အသေအချာ ဖန်တီးပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    Abercrombie ကုမ္ပဏီမှာ ၎င်းတို့၏ ခွဲခြားမှုပေါ်လစီကြောင့် ယခင်ကလည်း တရားရေးဆိုင်ရာ ပြဿနာများဖြင့် ကြုံတွေ့ခဲ့ရဖူးပြီး အမေရိကန်အာဏာပိုင်များ၏ တရားစွဲဆိုမှုကို မကြာခဏ ခံခဲ့ရသည်။

    Ref: Onislam

  • ကမ္ဘာနှင့်အလွန်တူသည့် ဂြိုဟ်တစ်လုံးကို နာဆာက ရှာဖွေတွေ့ရှိ

    ကမ္ဘာနှင့်အလွန်တူသည့် ဂြိုဟ်တစ်လုံးကို နာဆာက ရှာဖွေတွေ့ရှိ

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    earth

    – မိမိတို့နေထိုင်ရာ ကမ္ဘာကြီးနှင့် အလွန်ဆင်တူပြီး ကမ္ဘာက နေကို လှည့်ပတ်သည့် အကွာအဝေးအတိုင်းပင် ကြယ်တစ်လုံးအား လှည့်ပတ်နေသည့် ဂြိုဟ်တစ်ခုကို နက္ခတဗေဒ ပညာရှင်များက ရှာတွေ့ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဂြိုသစ်ကို Kepler 452b ဟု အမည်ပေးထားပြီး ကမ္ဘာထက် ၆၀ ရာခိုင်နှုန်း ပိုကြီးသည်ဟု ဆိုသည်။

    ကျောက်သားအတိပြီးသည်ဟု ယူဆရသည့် ထိုဂြိုဟ်ကြီးတွင် အသက်ရှိနေသော မီးတောင်များ၊ သမုဒ္ဒရာများ၊ မိမိတို့ကမ္ဘာကြီးကဲ့သို့ နေရောင်များလည်း ရှိနိုင်ကာ ဆွဲအားမှာ ကမ္ဘာကြီးထက် ၂ ဆ ပိုနိုင်ပြီး တစ်နှစ်လျှင် ရက်ပေါင်း ၃၈၆ ရက် ကြာနိုင်သည်ဟု သိပ္ပံပညာရှင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ဒီနေ့ exoplnet တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ ကျွန်တော်တို့ ကြေညာပါတယ်။ အခုအချိန် ပြောနိုင်တာကတော့ ဒီဂြိုဟ်ကြီးဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာ၊ ကျွန်တော်တို့ရဲ့နေနဲ့ ညီအစ်ကိုဝမ်းကွဲ လောက်နီးနီးကို ရှိပါတယ်” ဟု နာဆာမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဂျွန် ဂရန်စ်ဖဲလ်ဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် Kepler 452b မှာ ကမ္ဘာကြီးနှင့် အမွှာဖြစ်ပြီး Earth 2.0 ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါဂြိုဟ်ကို နာဆာ၏ ကက်ပလာ အာကာသတယ်လီစကုပ်ဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး နာဆာမှာ ကမ္ဘာကြီးကဲ့သို့ ဂြိုဟ်များကို ၂၀၀၉ ခုနှစ်ကတည်းက အဆိုပါ တယ်လီစကုပ်ကို အသုံးပြု၍ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

    Kepler 452b မှာ ရေတည်ရှိရန်အတွက် မပူလွန်း၊ မအေးလွန်းဘဲ သက်ရှိများ တည်ရှိနိုင်သော Goldilocks ဇုန်တွင် တည်ရှိသည်ဟု နာဆာက ထည့်သွင်းပြောကြားခဲ့သည်။ ထိုဂြိုဟ်၏ ကြယ်မှာ နှစ်သန်းပေါင်း ၁.၅ ဘီလီယံ သက်တမ်းရှိပြီဖြစ်ပြီး မိမိတို့ နေထက် ၄ ရာခိုင်နှုန်းကြီးကာ ၁၀ ရာခိုင်နှုန်း တောက်ပသည်ဟု ဆိုသည်။

    သို့သော်လည်း ကမ္ဘာမှ အလင်းနှစ် ၁၄၀၀ အကွာတွင် တည်ရှိနေသောကြောင့် ယခုလက်ရှိတွင် လူသားများ သွားရောက်နိုင်မည့် မျှော်လင့်ချက်မှာ မရှိသလောက်ဖြစ်သည်။

    “မမျှော်လင့်တဲ့ အောင်မြင်မှုမျိုး ရှိလာတာကလွဲလို့ ဒီဂြိုဟ်တွေကို ခင်ဗျားရော၊ ကျွန်တော်ရော သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တီ၊ တွတ် လက်ထက်ကျရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ” ဟု ကက်ပလာ သုတေသနဌာနမှ သိပ္ပံပညာရှင် ဂျက်ဖ် ခေါ့ဖ်လင်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘန်ဇီမာ အသင်းပြောင်းမည်မဟုတ်ဟု အေးဂျင့်ပြော

    ဘန်ဇီမာ အသင်းပြောင်းမည်မဟုတ်ဟု အေးဂျင့်ပြော

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    bz

    – မိမိ၏ ကစားသမားဖြစ်သူ ကရင်မ် ဘန်ဇီမာမှာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မည်သည့်အသင်းကိုမှ ပြောင်းရွှေ့မည်မဟုတ်ဘဲ ရီးယဲလ်၌ပင် ပျော်ရွှင်နေသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဘန်ဇီမာအား အာဆင်နယ်အသင်းက အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ခေါ်ယူလိုနေပြီး ၎င်းအတွက် ကမ်းလှမ်းထားသည်ဆိုသော သတင်းများအား ပြီးခဲ့သည့်တစ်ပတ်တွင် အာဆင်ဝင်းဂါးက ငြင်းဆိုခဲ့ခြင်း မရှိချေ။

    သို့သော်လည်း အေးဂျင့်ဖြစ်သူ ကာရင်မ် ဒီဂျာဇီရီကမူ ဘန်ဇီမာမှာ အသင်း၌ပင် ဆက်လက်ရှိနေမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

    “ကရင်မ်ဟာ ရီးယဲလ်မှာ တော်တော်ပျော်နေပါတယ်။ ပြီးတော့ ဒီအပြောင်းအရွှေ့အကုန်အထိ ရီးယဲလ်မှာရှိနေမယ်ဆိုတာ ၁၀၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒီနွေရာသီမှာ ဘယ်အသင်းကိုမှ ကရင်မ်ဟာ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး” ဟု ဒီဂျာဇီရီက ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူကလည်း ဘန်ဇီမာအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်၏ စိတ်ကြိုက်ကစားသမားလည်း ဖြစ်သည်။

    လွန်ခဲ့သည့် ၂ နှစ်အတွင်း အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ ရောက်လာပြီးနောက် ယခုနှစ်တွင်လည်း နာမည်ကြီး ကစားသမားတစ်ဦးကို အာဆင်နယ်က ခေါ်ယူချင်နေပြီး ဘန်ဇီမာအတွင် ပေါင် ၃၅ သန်းခန့် သုံးစွဲသွားရန် ပြင်ဆင်နေသည်။

    Ref: Goal

  • ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ ထပ်မံဆောက်လုပ်ရန် အစ္စရေး စီစဉ်ပြန်

    ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ ထပ်မံဆောက်လုပ်ရန် အစ္စရေး စီစဉ်ပြန်

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    pal

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားရုံးက ယခင်တားမြစ်ထားသော နေရာများ အပါအ၀င် တရားမ၀င်အိမ်ရာ ၁၀၅၅ ခုကို ပြန်လည်ဆောက်လုပ်ရန် အစ္စရေးက စီစဉ်နေသည်ဟု အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာများကို စောင့်ကြည့်နေသည့် Peace Now အဖွဲ့က ပြောကြားလိုက်သည်။

    အစ္စရေး စစ်ဘက်ကော်မတီက ဘီဘစ်အလ် အခြေချအိမ်ယာရှိ အိမ်အလုံးရေ ၂၄ ခုကို ပြန်လည်ဆောက်လုပ်ရန် ယမန်နေ့တွင် အတည်ပြုခဲ့သည်။ ထိုအိမ်ယာမှာ ပါလက်စတိုင်းတို့၏ နယ်မြေများအတွင်းသို့ ကျရောက်နေသောကြောင့် ဇူလိုင်လကုန် နောက်ဆုံးထား၍ ဖြိုချရန် အစ္စရေးတရားရုံးချုပ်က အမိန့်ပေးထားသည့် အိမ်ယာဖြစ်သည်။

    အဆိုပါဒေသမှာ အနာဂတ်ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရန် အဆိုပြုထားသည့် နေရာဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း တရားဝင် အသိအမှတ်ပြုထားသည်။

    အစ္စရေးစစ်တပ်မှာ ဖျက်သိမ်းခိုင်းထားသည့် အိမ်ခြေ ၂၂၈ ကို ပြန်လည်ဆောက်လုပ်ရန်နှင့် အိမ်ခြေသစ် ၅၄၁ ခုကို ထပ်မံဆောက်လုပ်ရန် ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သည်ဟု Peace Now အဖွဲ့က ဆိုသည်။

    ထို့ပြင် အိမ်ခြေ ၂၉၆ လုံးပါဝင်မည့် အိမ်ယာ စီမံကိန်းအသစ်ကိုလည်း အတည်ပြုခဲ့ပြီး၊ ပါလက်စတိုင်းပိုင် နယ်မြေ၌ စက်မှုဇုန်နှစ်ခုနှင့် ဂျူးဘာသာရေးကျောင်းတစ်ခု တည်ဆောက်ရန်လည်း အစ္စရေးစစ်တပ်က ထည့်သွင်း အတည်ပြုခဲ့သည်။ ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င် အခြေချအိမ်ရာများ ဆောက်လုပ်ရန် အစ္စရေးက လွန်ခဲ့သည့် တစ်နှစ်က နောက်ဆုံးအတည်ပြုခဲ့သည်။

    အစ္စရေး၏ ထိုလုပ်ရပ်များမှာ နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းဖြစ်ပြီး ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တောင်းဆိုခဲ့ကြသော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိချေ။

    Ref: Aljazeera

  • ချန်ပီယံလိဂ်တွင် နိုင်ငံရေးရည်ရွယ်ချက် ဖော်ပြမှုအတွက် ဘာစီလိုနာ ဒဏ်ရိုက်ခံရ

    ချန်ပီယံလိဂ်တွင် နိုင်ငံရေးရည်ရွယ်ချက် ဖော်ပြမှုအတွက် ဘာစီလိုနာ ဒဏ်ရိုက်ခံရ

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    baca

    – ဇွန်လက ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာ ပရိသတ်သတ်များက ကာ့တ်လန်ဒေသအလံကို ဝှေ့ယမ်းအားပေးခဲ့မှုကြောင့် ယူအီးအက်ဖ်အေက ဘာစီလိုနာအသင်းအား ဒဏ်ငွေ ယူရို ၃၀၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    ဘာစီလိုနာအသင်း၏ တာဝန်ရှိသူအများစုမှာ အသင်းအခြေစိုက်ရာ ကာတာလိုနီယာဒေသအား စပိန်မှခွဲထွက်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြပြီး ခွဲထွက်ရေးအတွက် ပြီးခဲ့သည့်နှစ် ပြည်သူ့ဆန္ဒ မခံယူခင်ကလည်း အသင်းအနေဖြင့် ထိုလှုပ်ရှားမှုကို ထောက်ခံသည်ဟု အတည်ပြု ကြေညာခဲ့သည်။

    ဘာစီလိုနာအသင်း၏ ပြည်တွင်းပွဲစဉ်တိုင်းတွင် ကာ့တ်လန်အလံကို တွေ့မြင်ခဲ့ရသော်လည်း ယူအီးအက်ဖ်အေကမူ ဥရောပပြိုင်ပွဲများတွင် နိုင်ငံရေးယုံကြည်ချက်အား ဖော်ပြရန် ခွင့်မပြုပေ။ ထို့ကြောင့် ဇွန်လ ၆ ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကာ့တ်လန်အလံ ဝှေ့ယမ်းမှုအတွက် ယခုကဲ့သို့ ဒဏ်ငွေ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ယူအီအက်ဖ်အေမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဘာစီလိုနာအသင်းမှာ စည်းကမ်းချက် အပိုဒ် ၁၆-၂ (ခ) တွင် ဖော်ပြထားသည့် “ဘောလုံးပြိုင်ပွဲနှင့် မအပ်စပ်သည့် သတင်းစကားအား အမူအရာ၊ စကားလုံး၊ အရာဝတ္တု သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် အသုံးပြုခြင်း၊ အထူးသဖြင့် နိုင်ငံရေး၊ အယူဝါဆိုင်ရာ၊ ဘာသာရေး၊ ရန်လိုသော၊ စော်ကားသော အပြုအမူနှင့် ပတ်သက်သည့် ဖော်ပြမှုများကို တားမြစ်သည်” ဟူသော အချက်ကို ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။

    ဘာစီလိုနာအသင်းကမူ ယူအီးအက်ဖ်အေ၏ ထိုဆုံးဖြတ်ကို လေးစားသော်လည်း လက်ခံမည်မဟုတ်ဘဲ အသင်းနှင့် အသင်းနှင့်ပတ်သက်သူများ၏ အခွင့်အရေးကို လက်ရှိ ဥပဒေများအား မထိခိုက်စေဘဲ ကာကွယ်သွားမည်ဟု ပြန်လည် တုံ့ပြန်ပြောကြားခဲ့သည်။

    Ref: Goal